ညဉ့်ယံထက်[ Nyint Yan Htet ]
"ဒါဆို ပြည့်စုံက ဇာတိပြန်မလို့လား..."
"ဟုတ်တယ် အန်တီ။ အိမ်ထောင်ကျပြီးကတည်းက မင်္ဂလာဆောင်တဲ့တစ်ခါပဲ ရွာရောက်ဖြစ်တာ။ မင်္ဂလာဆောင်ပြီးကတည်းက ကျွန်တော်လည်း ရွာမပြန်ဖြစ်ဘူး။ ခုကြ ကျွန်တော့်ညီလေးကလည်း ဆယ်တန်းအောင်ပြီလေ။ အဲ့တော့ ရွာမှာအလှူလုပ်ကြမယ်ဆိုတော့ ကျွန်တော်လည်း ခနပြန်မလို့ပါ..."
"ကောင်းတာပေါ့။ အန်တီကတော့ မင်းကို ခွင့်ပေးနိုင်ပါတယ်..."
"ကျေးဇူးပါ အန်တီ။ အန်တီ့ကိုလည်း အဖေတို့၊အမေတို့က လိုက်ခဲ့စေချင်တာ..."
"အန်တီကတော့ မလိုက်တော့ပါဘူးကွယ်။ မင်းလည်းမြင်တဲ့အတိုင်းပဲ။ မုဆိုးမတစ်ယောက်တည်း လုပ်ငန်းတွေကိုဦးစီးရတာ လွယ်တာမဟုတ်ဘူး။ မင်းသူငယ်ချင်းကလည်း ဘာတွေလုပ်နေမှန်းကိုမသိဘူး..."
ပြည့်စုံ အန်တီမေရဲ့စကားကြောင့် ပြုံးမိတယ်...
"အာကာက ပေါ့ပေါ့ပါးပါးနေတက်တဲ့သူမျိုးဆိုတော့ သူဝါသနာပါရာတွေ လုပ်ချင်သေးလို့နေမှာပါ..."
"မင်းကတော့ သူ့ဘက်ကကာကွယ်ပြီးပြောတာပဲ။ သူကတော့..."
"မာမီ..."
"ဟော ပြောရင်းဆိုရင်း မောင်မင်းကြီးသား လာပါပြီ..."
"ပြည့်စုံ မင်းမသွားသေးဘူးလား..."
"သွားမှာလေ။ အန်တီ့ကို လာနှုတ်ဆက်တာ။ သုံးနာရီရထားဆိုတော့ ခနနေငါပြန်တာနဲ့ ရီရီ့ကိုဝင်ခေါ်ပြီး တန်းသွားတော့မှာ..."
"ခနလေး။ မင်းလက်မှတ်ကို သုံးယောက်စာဖြတ်ထားတာမလား..."
"အေး...ရီရီက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ သူ့ကို လွတ်လွတ်လပ်လပ်...."
"ရပြီ။ ခနလေး...မာမီ ကျွန်တော်ပြောစရာရှိတယ်..."
"ဟေ..."
ပြည့်စုံ အခြေအနေသိပ်မဟန်ပုံပေါ်တာကြောင့် အလိုက်တသိပဲ ပြန်ဖို့ပြင်လိုက်တယ်...
"ကျွန်တော် ရထားချိန်မမှီမှာဆိုးလို့ ပြန်လိုက်တော့မယ် အန်တီ ..."
"မင်းခနစောင့်ဦး ပြည့်စုံ...မာမီ!..."
ပြည့်စုံ သူ့ကိုပြုံးပြကာ အာကာ့နောက်လိုက်သွားတဲ့ အန်တီ့ကိုကြည့်ပြီး တစ်ခုခုတော့ မူမမှန်တော့ဘူးဆိုတာ သတိထားမိတယ်။ အထက်တန်းထဲက စသိလာသူမို့ အာကာ့အကြောင်းကို သူကောင်းကောင်းသိနေပြီ။ အထူးသဖြင့် အာကာတက္ကသိုလ်နောက်ဆုံးနှစ်ကိုမဖြေပဲ ရုတ်တရက်ပျောက်သွားတုန်းကလိုပေါ့။ အဲ့တုန်းက သတင်းတွေအရဆို...
ခနအကြာ အခန်းထဲကထွက်လာကြတဲ့ အာကာတို့သားအမိကြောင့် ပြည့်စုံအတွေးလွန်နေရာကနေ အသိပြန်ကပ်လာတော့တယ်...
"သား...အန်တီ ကြိုမပြောဖြစ်တာ အားနာလိုက်တာကွယ်..."
"ခင်မျာ..."
ပြည့်စုံ အန်တီမေရဲ့စကားကြောင့် ကြောင်နေမိတယ်။ ဘာကိစ္စကိုအားနာတာများလဲ...
"ဘာရယ်မဟုတ်ပါဘူးကွယ်။ သားသူငယ်ချင်းက သားနဲ့လိုက်ချင်တယ်တဲ့လေ။ ဟို...သားညီလေးကို သူကစာပြဖူးတယ်မဟုတ်လား။ အဲ့တာ သားညီလေးက သူ့ကိုပါလိုက်စေချင်လို့တဲ့..."
"အော်...လိုက်တာက ရပါတယ်။ မင်းစောစောကြိုပြောရင် စီစဉ်ရပိုလွယ်မှာကို..."
"မလိုပါဘူး။ အမေ့ သားသွားတော့မယ်..."
"အေး သား။ ခန...ပြည့်စုံ ရော့...ဒါ မင်းညီလေးကို ဆုချတာ..."
"မလိုပါဘူး အန်တီ။ အန်တီ ကျွန်တော်တို့အပေါ် ကူညီပေးနေတာတွေနဲ့တင် ကျေးဇူးတင်လှပါပြီ..."
"မဟုတ်တာ ယူသွားပါ။ အန်တီက ပေးရင်ယူမှကြိုက်တာနော်..."
"ယူလိုက်စမ်းပါကွာ။ မူမနေနဲ့..."
ပြည့်စုံ အာကာ့စကားကြောင့် အားနာနာနဲ့ပဲ အန်တီမေ့ဆီကညီလေးအတွက်ဆိုပြီး ပေးလိုက်တဲ့ ငွေနှစ်သိန်းကိုယူကာ ဘာအထုပ်အပိုးမှမပါဘဲ ဗြုန်းစားကြီးလိုက်လာတဲ့ အာကာကိုခေါ်ပြီး ရွာကိုပြန်လာခဲ့မိတယ်...
အဲ့တုန်းက စိတ်ထဲလေးမိပေမယ့် အရင်ကတည်းက ခုလိုမပြောမဆို ဟိုသွားဒီသွား ပျောက်ပျောက်သွားတတ်တဲ့ အာကာ့ရဲ့အကျင့်ကြောင့် သူအများကြီးမတွေးခဲ့မိဘူး။ ခုတော့...
"မင်းတော်တော့်ကို အောက်တန်းကျတဲ့ကောင်ပဲ အာကာမောင်..."
"မင်းအဲ့စကားကိုပဲ ဘယ်နှစ်ခေါက်ထပ်ပြောဦးမှာလဲ..."
ပြည့်စုံ သူ့အပေါ်နည်းနည်းတောင် အားနာပုံမပေါ်တဲ့ အာကာ့ကြောင့် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ဒေါသကိုအတတ်နိုင်ဆုံး ထိန်းထားရတယ်။ ဒီအခြေအနေထိ ရောက်လာပြီးမှတော့...
"မင်း နန်းစံကို လက်ထပ်ပါ။ ငါအဖေ့ကို အမှုမဖွင့်တော့ဖို့ ပြောပေးမယ်။ မင်းကို ငါတို့တစ်အိမ်လုံးက ယုံကြည်ကြတာပဲလေ။ မင်းသာ နန်းစံကို လက်ထပ်မယ်ဆိုရင်..."
"ငါလက်မထပ်နိုင်ဘူး..."
"ဘာ!"
ပြည့်စုံ အာကာ့ရဲ့စကားကြောင့် ဘာဆက်ပြောရမှန်းမသိလောက်အောင်ကို ဆွံအသွားမိတယ်...
"ဟုတ်သားပဲ။ ငါအများကြီးတွေးနေမိတာ။ မင်းအဖေအမှုမဖွင့်ရင်ရတာပဲလေ။ ပြီးတော့ နန်းစံကိုယ်တိုင်လည်း လိုက်ရောခဲ့တာပဲ။ ငါ့တစ်ယောက်ထဲရဲ့အမှားလိုမျိုးလာပြီး လက်ညှိုးမထိုးနဲ့..."
"မင်း!!!"
ပြည့်စုံ ရုတ်တရက် ဒေါသကြီးသွားကာ အော်လိုက်မိတာကြောင့် ဆေးရုံရှေ့မှာရှိနေသူ အားလုံးရဲ့အာရုံက သူတို့ဆီရောက်လာတာမို့ ပြဿနာပိုမကြီးရလေအောင် စိတ်ထိန်းကာ အသံကိုတတ်နိုင်သလောက်လျှော့ချလိုက်တယ်...
"မင်းမှ သူ့ကိုလက်မထပ်ရင် သူ့ဘဝဘယ်လိုဖြစ်သွားမလဲ။ မင်းမသိဘူးလား အာကာ...မင်းငါ့မျက်နှာကိုတော့ ထောက်ပါဦး။ နန်းစံဆိုတာ ငါ့ညီမပဲကွ..."
"အပိုတွေကွာ။ မင်းတို့တွေ သူ့ကိုအရေးတောင်မလုပ်တာ တစ်ရွာလုံးသိတယ်။ ခုမှ အမျိုးတွေလာစပ်နေတာလား..."
"အာကာမောင်...ငါနောက်ဆုံးအနေနဲ့ မင်းကိုသတိပေးမယ်။ မင်းနန်းစံကို လက်ထပ်မလား။ ထောင်ထဲဝင်မလား..."
အာကာမောင် သူ့ကိုခြိမ်းခြောက်နေတဲ့ပြည့်စုံကိုကြည့်ကာ ရီမိတယ်။ အချို့လူတွေက နည်းနည်းလောက်နေရာပေးလိုက်တာနဲ့ ကိုယ့်အဆင့်ကိုယ်မေ့သွားကြတော့တာပဲ...
"ကောင်းပြီလေ။ ဒါဆို ငါမရွေးချယ်ခင် မင်းအရင်ရွေးချယ်လိုက်။ မင်းတို့မိသားစု ငါပေးမယ့်နစ်နာကြေးယူပြီး ဒီအမှုကို ပိတ်မလား။ ဒါမှမဟုတ် ငါ့မာမီရဲ့ဆန်ဆိုင်ကနေ မင်းအလုပ်ထွက်ပြီး မင်းမိဘတွေချေးထားသမျှ ပိုက်ဆံတွေကိုပါ ပြန်ဆပ်မလား..."
"ဘာ..."
ပြည့်စုံ အာကာ့ရဲ့စကားကြောင့် ရှက်လည်းရှက်၊ဒေါသလည်းထွက်ဖြစ်ကာ မျက်ရည်ပါဝဲလာတော့တယ်...
"စဉ်းစားစမ်းပါ ပြည့်စုံရာ...မင်းမိသားစုဘဝက မင်းအပေါ်မူတည်နေတယ်။ မင်းအဖေရဲ့ ပန်းထိမ်လုပ်ငန်းက ဟိုးအောက်ကိုထိုးကျနေတယ်ဆိုတာ မင်းသိပါတယ်။ အဲ့တော့ ငါ့အမေဆီက ယူထားတဲ့ ငွေတွေမဆပ်နိုင်ဘူး။ မင်းမိန်းမကလည်း နေ့စေ့လစေ့ကြီး။ မင်းသာအလုပ်ပြုတ်သွားရင်တော့ အတော်ခက်ခဲမှာပဲ။ မင်းညီမဝေဝေကလည်း သူနာပြုသင်တန်းကျောင်းပြန်တက်တော့မှာဆို။ ပြီးတော့ မင်းညီ...မင်းညီကလည်း တက္ကသိုလ်ဆက်တက်မှာမလား။ မင်းညီမအငယ်ဆုံးကြလည်း...."
အာကာမောင် မျက်စိပျက်၊မျက်နှာပျက်ဖြစ်နေတဲ့ ပြည့်စုံကိုကြည့်ကာ သဘောတကျရီမိတယ်...
"ငါတော့ဆက်မပြောတော့ပါဘူး။ မင်း ဆုံးဖြတ်နော် ပြည့်စုံ။ ငါနဲ့ခင်ခဲ့တဲ့ နှစ်တွေကို ထောက်ထားတဲ့အနေနဲ့ မင်းတို့ကို ငွေတောင်ထပ်ပေးဦးမှာ။ မင်းရွေးချယ်ပေါ့။ လောကကြီးက နေတတ်ရင်ကျေနပ်စရာကြီးပါ..."
ပြည့်စုံ လှောင်ပြုံးပြုံးကာသူ့ရှေမှာခေါင်းမော့ရင်ကော့ပြီး အရှက်မရှိ မျက်နှာပြောင်တိုက်နေတဲ့ အာကာမောင်ကိုကြည့်နေရုံကလွဲ ဘာမှမတတ်နိုင်ဖြစ်နေတော့တယ်။ ဒီလောက်တစ်ဖက်က အောက်တန်းကျနေတာတောင်၊ တစ်ဖက်က မှားနေတယ်ဆိုတာ ထင်သာနေတာတောင် ငွေတစ်ခုတည်းနဲ့ သူတို့က ငြိမ်နေရတော့မှာတဲ့လား...
ပြည့်စုံရဲ့ အတွေးထဲ တိုးကာဝင်လာတဲ့ မိသားစုပုံရိပ်တွေ၊ ကိုယ်ဝန်ကြီးနေ့စေ့လစေ့လွယ်ထားရတဲ့ မိန်းမဖြစ်သူရဲ့ပုံရိပ်တို့က သူ့ကိုဖိအားပေးနေခဲ့ပြီ...
__________
"လွှတ်!!! ငါ့ကို လွှတ်!! ငါ့ကို သွားခွင့်ပေးပါ!!! ငါ့မှာ ဘယ်သူမှမကျန်တော့ဘူး!!!!"
"နန်းစံ စိတ်ထိန်းပါ..."
"လွှတ်!!!!"
လူနာဆောင်တစ်ခုအတွင်းမှ မိန်းကလေးငယ်တစ်ဦးရဲ့ ငိုကြီးချက်မ အော်ဟစ်သံ...
"နန်းစံ!!! တော်ပါတော့။ မရုန်းပါနဲ့တော့!!!"
မိဝေ ဘယ်လိုထိန်းရမှန်းမသိတော့ဘူး။ သူအိမ်သာကပြန်လာတော့တောင် အကောင်းကြီးရှိနေသေးတယ်။ ဆရာဝန်တွေကလည်း ထပ်လာပြီးစမ်းသပ်ကြည့်တော့ အားလုံးအဆင်ပြေနေလို့ဆိုပြီး လူနာဆောင်ကိုရွှေ့လိုက်တာ။ လူနာဆောင်ကို ရွှေ့လိုက်ကာစရှိသေး ဆရာဝန်တွေ၊သူနာပြုတွေထွက်သွားတာနဲ့ ရုတ်တရက်ဆိုသလို ကုတင်ပေါ်ကထပြေးဖို့လုပ်တဲ့ နန်းစံကြောင့် မိဝေလည်းမှောက်ရက်မလဲရုံတမယ် အတင်းချုပ်ထားရတော့တယ်....
"ငါ့ကို လွှတ်!!!!
"အမလေး!!!"
ဘုန်း!
မိဝေ ချုပ်ထားရင်းပဲ ရုတ်တရက် တွန်းချခံလိုက်ရတာကြောင့် ကုတင်ဘေးကိုဝုန်းကနဲမြည်အောင်လဲကျသွားတော့တယ်...
"သူ့ကို ဝိုင်းဆွဲကျပါဦး..."
မိဝေ အော်လိုက်မှပဲ ကြောင်ကြည့်နေကြတဲ့ အခြားလူနာစောင့်တွေကပါ ဝိုင်းဆွဲဖို့လုပ်ကြတော့တယ်။ ဒါပေမယ့်...
"အား!!! မလာနဲ့!!!!!!!"
ဝုန်း!!!
"သူ့အုပ်ထိန်းသူတွေသွားခေါ်ကြလေ!!!"
သူနာပြုတွေလည်း အော်ဟစ်သံကြောင့် ပြေးဝင်လာကြပေမယ့် ဘေးမှာရှိသမျှအခြားလူနာတွေရဲ့ပစ္စည်းတွေကိုပါ အကုန်လွှတ်ပစ်နေတဲ့ နန်းစံကြောင့် အနားမကပ်ရဲဖြစ်နေကြတော့တယ်...
"ကျွန်မ မေကြီးဆီသွားရမယ်။ ကျွန်မကို သွားခွင့်ပြုပါ..."
ပုံပျက်ပန်းပျက်ဖြစ်ကာ မျက်နှာတစ်ခုလုံး မျက်ရည်တို့၊နှာရည်တို့ စိုရွှဲနေတဲ့မိန်းမငယ်လေးရဲ့ပုံရိပ်မှာ မြင်ရသူတွေအားလုံးအဖို့ သနားစိတ်ဝင်ကြသလို၊ ပုံမှန်မဟုတ်တဲ့အသွင်သဏ္ဍာန်ကြောင့်လည်း ရန်ပြုခံရမှာဆိုးလို့ ကြောက်စိတ်ဝင်ပြီး မကပ်ရဲကြသူတွေလည်းရှိတယ်...
"ကျွန်မ..."
စကားမဆုံးခင်မှာပဲ ထိုမိန်းကလေးငယ်ရဲ့ဆို့နစ်သွားရှာတဲ့ ရှိုက်သံ...
"ကျွန်မမှာ...ဘာမှမကျန်တော့ဘူး...မဝေ..."
မိဝေ မျက်ရည်တွေအပြည့်နဲ့ သူ့ရှေ့ဒူးထောက်ထိုင်ချကာ လက်အုပ်ချီနေတဲ့ နန်းစံကိုကြည့်ပြီး သနားလွန်းတာကြောင့် သူပါမျက်ရည်တွေကျလာတော့တယ်...
"နန်းစံကို အဖွားဆီသွားခွင့်ပြုပါ...တစ်ခါလောက်တော့ နောက်ဆုံးအနေနဲ့ မြင်ခွင့်ပြုပါ မဝေရယ်..."
ရှိုက်သံတွေကြားကနေ ဗလုံးဗထွေးထွက်လာတဲ့စကားသံတွေဆိုပေမယ့် ကြားနေရတဲ့သူတိုင်း အတော်ကိုစိတ်မကောင်းဖြစ်စေတာမို့ ကာယကံရှင်သာဆို ဘယ်လောက်တောင် ဝမ်းနည်းပူဆွေးနေလိုက်မလဲ...
"နန်းစံ!!! သမီး ထစမ်း!"
ဦးသန်းဟိန်း ဆရာဝန်နဲ့စကားပြောနေတုန်းရှိသေး သူနာပြုလေးတွေက နန်းစံသောင်းကြမ်းနေတယ်ဆိုလို့ အမြန်ပြေးလာခဲ့ရတာ။ ရောက်တော့ မြင်ရတဲ့မြင်ကွင်းက ထင်ထားတာထက်ကို ပိုပြီးကြေကွဲစရာကောင်းနေပါရောလား...
"ဦးလေး....သ...သမီးကို သွားခွင့်ပြုပါနော်။ သမီး မေကြီးကို တွေ့ချင်လို့ပါ..."
"နန်းစံ...ထနော်။ ခုလိုဆက်လုပ်နေရင် ဆရာတို့အနေနဲ့ သမီးကိုချုပ်ထားရလိမ့်မယ်။ တကယ်လို့ ခုလိုဆက်မလုပ်ဘဲ စိတ်အေးအေးထားပြီး ကုသမှုခံယူမယ်ဆိုရင် သုံးရက်နေတာနဲ့ အိမ်ပြန်လို့ရပြီနော်။ ထ...ထ...သူနာပြု..."
ဦးထွန်းလင်းအောင် လူနာမိန်းကလေးကို သနားတာကြောင့် ထိုမိန်းကလေးရှေ့ထိုင်ပြီးချော့မော့ကာ ငြိမ်အောင်ပြောဆိုပြီးတာနဲ့ သူနာပြုတွေကိုလာထိန်းဖို့ အချက်ပြလိုက်တယ်...
"မရဘူး ဆရာရဲ့။ နန်းစံတို့ရွာက မေကြီးကို မြေမြှုပ်ပစ်တော့မှာ။ နန်းစံ မေကြီးကို တွေ့ချင်သေးတယ်။ တောင်းပန်ပါတယ် ဆရာရယ်..."
"ကလေးမ...ဆရာပြောတာနားထောင်။ ဆရာတို့..."
"သူ့ကို ဆေးရုံမတင်တော့ဘူး..."
ဦးထွန်းလင်း ချော့မော့ပြောဖို့လုပ်နေစဉ်မှာပဲ ဘေးကထွက်လာတဲ့အသံကြောင့် သဘောမကျစွာမော့ကြည့်လိုက်တယ်...
"သား..."
"ကျွန်တော်တို့ သူ့ကိုပြန်ခေါ်သွားရအောင်အဖေ..."
"ဒါပေမယ့်..."
"နန်းစံ...ညီမလေး အဖွားကိုတွေ့ချင်တယ်မလား..."
နန်းစံ ကိုကြီးရဲ့စကားကြောင့် အမြန်ပဲထကာ ကိုကြီးရဲ့လက်ကိုစွဲပြီး အားကိုးတကြီးနဲ့....
"ကိုကြီး...နန်းစံကို ပြန်ခေါ်သွားပေးပါနော်။ နန်းစံ တောင်းပန်ပါတယ်။ နန်းစံ မေကြီးကို နောက်ဆုံးအနေနဲ့တွေ့ချင်ရုံပါ..."
"ကိုကြီး နန်းစံကို ခေါ်သွားပေးမယ်နော်။ လာ... ပြန်ကြမယ်..."
"ညီလေး...မင်းမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးနော်။ လူနာဆိုတာ ဆေးရုံနဲ့ သက်ဆိုင်တယ်။ ဒီကလေးမရဲ့ caseက ရိုးရိုးပြီးသွားရမယ့် case မဟုတ်ဘူး..."
"ကျူပ်တို့က ကာယကံရှင်တွေပါ။ နန်းစံက ကျုပ်ညီမ။ သူဒီလောက်နဲ့တင် တော်တော်ကို စိတ်ဆင်းရဲနေရပါပြီ။ ပြီးတော့ သူ့ရှေ့ရေးရှိသေးတယ်။ အမှုသာဖွင့်လိုက်ရင် သူ့ဘဝက ရစရာရှိတော့မှာမဟုတ်ဘူး..."
"ငါ့ညီ အမြင်မှားနေပြီ။ အမှုဖွင့်တယ်ဆိုတာ ရှက်စရာမဟုတ်ဘူး။ ငါ့ညီရဲ့ညီမအတွက် တရားမျှတမှုကို..."
"နန်းစံ အမှုမဖွင့်ချင်ဘူး..."
"ကလေးမ..."
ဦးထွန်းလင်းအောင် ကလေးမလေးဆီက ကြားလိုက်ရတဲ့စကားကြောင့် အဲ့လိုမလုပ်ဖို့ တောင်းဆိုတဲ့သဘောနဲ့ ထိုကလေးမလေးကိုကြည့်မိတယ်...
"ခင်များလည်း ကျွန်တော့်ညီမရဲ့ဆန္ဒကို ကြားပြီးပြီပဲ။ ကျွန်တော် သိရသလောက်ဆိုရင်တော့ ကာယကံရှင်က လက်မခံရင် အမှုဖွင့်လို့မရဘူးမလား။ ဒီအတောအတွင်း ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်။ မိဝေ လာခဲ့။ အဖေ ပြန်ရအောင်..."
"ဒါပေမယ့်..."
"အဖေ့..."
"ဒီမှာ...ဆရာက မင်းညီမကို တာဝန်ယူထားရတဲ့ သူပါ။ ခုလိုမျိုး ဗရမ်းဗတာလုပ်တာကို ခွင့်မပြုနိုင်ဘူး..."
"ကျွန်တော်တို့က သူ့မိသားစုဝင်ပါ။ သူ့အတွက် ဘယ်ဟာကအသင့်တော်ဆုံးလဲဆိုတာကို ကျွန်တော်တို့သိတယ်..."
"သား...မင်းဘာဖြစ်နေတာလဲ..."
ဦးသန်းဟိန်း သားဖြစ်သူပြည့်စုံရဲ့ထူးထူးဆန်းဆန်းအခြေအနေကြောင့် စိတ်ပူမိတယ်။ သူ့သားက ခုလိုစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူမှမဟုတ်တာ...
"ဝောာ်ကြပါတော့...နန်းစံအိမ်ပြန်ချင်တယ်။ အဲ့တာ နန်းစံရဲ့ဆန္ဒပဲ။ ခုနက ဆရာပဲပြောတော့ နန်းစံရဲ့ကျန်းမာရေးက အကုန်ကောင်းတယ်ဆို။ အနာကျက်ဖို့ပဲ လိုတော့တယ်ဆို..."
"ကျွန်တော့်ညီမလေး တစ်ခုခုဖြစ်ရင် ခင်များတာဝန်ယူရမယ်..."
ဦးထွန်းလင်းအောင် ဘယ်လိုမှဖြောင်းဖျမရတဲ့ အခြေအနေကိုရောက်နေပြီမို့ ဆက်လည်းမပြောချင်တော့ဘူး။ ဒီလိုအခြေအနေတွေကိုလည်း အများကြီးတွေ့ဖူးတာမို့ သူအတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တာပဲလေ။ ခုလို ကာယကံရှင်က ခါးခါးသီးသီး ဖြစ်ပြနေတော့လည်း စိတ်မကောင်းဖြစ်ရုံကလွဲ သူဘာတတ်နိုင်တော့မှာလဲ....
"ပြန်မှာ သေချာတယ်ဆိုရင် ဖြစ်လာတဲ့အကျိုးဆက်မှန်သမျှ ဆေးရုံနဲ့မသက်ဆိုင်ကြောင်း လတ်မှတ်ထိုးသွားပေးပါ..."
"ကောင်းပြီလေ။ ကျွန်တော် လက်မှတ်ထိုးမယ်..."
"အုပ်ထိန်းသူနေရာမှာ ဒီဦးလေးနာမည်ထည့်ထားလို့ ဒီဦးလေးက လက်မှတ်ထိုးပေးပါ..."
ဦးသန်းဟိန်း ဆရာဝန်ရဲ့အခန်းဆီသွားလိုက်သွားကာ ခနအကြာမှာပဲဆရာဝန်ကမ်းပေးလာတဲ့ စာရွက်ကိုကိုင်ကာ သားဖြစ်သူကိုကြည့်မိတယ်။ ပြည့်စုံက ခေါင်းညိတ်ပြတဲ့အပြင် နန်းစံကပါ လက်မှတ်ထိုးဖို့တောင်းဆိုနေသလို မျက်ရည်တွေအပြည့်နဲ့ကြည့်နေတာမို့ သားဖြစ်သူပြောတဲ့အတိုင်း ထိုစာရွက်မှာ လက်မှတ်ထိုးလိုက်တော့တယ်...
"လာ နန်းစံ...အကိုတို့ပြန်ကြရအောင်..."
ဦးထွန်းလင်းအောင် သူ့ရှေ့ကထွက်သွားတဲ့ ကလေးမမိသားစုကိုကြည့်ကာ အတော်ကိုစိတ်မကောင်းဖြစ်မိတယ်။ သူ့အသက် သုံးဆယ့်ကိုးနှစ်ပြည့်ခါနီးမှာ ကြုံတွေ့လိုက်ရတဲ့ ဒီအဖြစ်အပျက်ကို သူ့တစ်သက်လုံးမေ့နိုင်တော့မှာမဟုတ်လောက်ဘူး...
"ကောင်မလေးက သနားဖို့ကောင်းလိုက်တာ ဆရာရယ်..."
ဦးထွန်းလင်းအောင် သူနာပြုမလေးရဲ့စကားကို ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်ခံမိတယ်။ တကယ်ကို သနားစရာကောင်းလွန်းတဲ့ ကလေးမလေးပါ...
"ဟွန်း...နစ်နာသူက တရားမျှတမှုအတွက်တိုက်ခိုက်တာရှက်စရာမဟုတ်ဘူးဆိုတာ လူတိုင်းကိုသိစေချင်တယ်..."
__________
မျက်နှာကိုတိုးဝှေ့နေတဲ့လေတွေက အခုမှအရင်ထက် ပိုပြီးပူလောင်နေသယောင်။ အရှေ့မှာမြင်တွေ့နေရတဲ့မြင်ကွင်းတိုင်းကလည်း ခုမှပိုပြီးအထီးကျန်နေသယောင်...
မြက်ခင်းတွေက အရင်ထက်ခြောက်သွေ့နေပြီး၊ လမ်းလေးကလည်း အရင်ထက်ပိုပြီးဖုန်ထူနေတဲ့အပြင် ပတ်ဝန်းကျင်မှာရှိသမျှအရာတိုင်းက နန်းစံအမြင်မှာ ဝမ်းနည်းအထီးကျန်ဆန်လွန်းနေတယ်...
သူဘယ်လိုရင်ဆိုင်ရမလဲ။ သူ့ကြောင့် လောကကထွက်သွားတဲ့မေကြီး...မေကြီးကို သူဘယ်လိုရင်ဆိုင်ရမလဲ...
ရုတ်တရက်မြင်ကွင်းထဲရောက်လာတဲ့ ခရေပင်ကြီး...
နန်းစံ ခပ်လှမ်းလှမ်းမှာ မြင်လိုက်ရတဲ့ ခရေပင်ကြီးကြောင့် ရင်ဘက်ကြီးတစ်ခုလုံးကို မီးမြှိုက်လိုက်သလားအောက်မေ့ရလောက်အောင် ပူလောင်လာတော့တယ်။ သူကားပေါ်မှာ ထိုင်နေခဲ့တာ ခုလောက်ထိကြာသွားမှန်း ခရေပင်ကြီးကိုတွေ့ရမှပဲ သိတော့တယ်....
တဖြည်းဖြည်းနီးကပ်လာတဲ့ ခရေပင်ကြီးရဲ့မြင်ကွင်း....ပိုပြီးနီးကပ်လာလေ။ ပိုပြီး နာကျင်ထိတ်လန့်လာလေ...
"ကားရပ်ပေးပါ..."
"ဟေ..."
ဦးသန်းဟိန်း သူ့ဘေးမှာ လမ်းတစ်လျှောက်လုံး အသံတိတ်လိုက်လာပြီး ရွာထိပ်ရောက်ကာမှ ကားရပ်ပေးဖို့ပြောတဲ့ နန်းစံကြောင့် ဘာများလုပ်မလို့လဲဆိုပြီး စိတ်ပူမိတယ်...
"ဦးလေးတို့အိမ်ရောက်ရင်...."
"ရပ်ပေး!!!! ခုရပ်ပေး!!!!"
ရုတ်တရက်ဆိုသလိုပဲ ကားခေါင်းတံခါးကို တွန်းဖွင့်နေတဲ့ နန်းစံကြောင့် ဦးသန်းဟိန်းမှာ ချက်ချင်းဘဲ ကားကိုဘရိတ်အုပ်လိုက်ရတော့တယ်...
"နန်းစံ!!!"
ဦးသန်းဟိန်းကားရပ်လိုက်တာနဲ့ ချက်ချင်းပဲပြေးထွက်သွားတဲ့နန်းစံကြောင့် ဦးသန်းဟိန်းအပါအဝင် အနောက်ဘက်မှာထိုင်လိုက်လာတဲ့သူတွေပါ အလန့်တကြားခုန်ဆင်းပြီး ပြေးလိုက်ရတော့တယ်....
"နန်းစံ!!!!"
"နန်းစံ!!!"
နန်းစံ ဘာအသံမှမကြားရတော့ဘူး။ ပြေးလွှားနေရင်း ခြေထောက်ကနေကျွတ်ထွက်သွားတဲ့ ဖိနပ်ပါးလေးလိုပဲ သူ့ရဲ့ပျော်ရွှင်မှုတွေက သူ့ကိုစွန့်ခွာသွားခဲ့ပြီ။ သူဘာကိုမှလည်း ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူး။ သူ့အသိစိတ်ထဲမှာရှိနေတာက သူပြေးနေတယ်....သူပြေးပြီးရင်း ပြေးနေတယ်။ သူ့ခြေထောက်တွေ ကွဲပြဲနေတာတောင်မှ သူမရပ်ဘူး။ သူလဲကျသွားတာတောင်မှ သူမရပ်ဘူး....
မရပ်မနားပြေးနေခဲ့တဲ့ သူခြေထောက်တွေရဲ့ ဦးတည်ရာက တစ်နေရာထဲ...
ကျို့တို့ကျဲတဲ ဝါးခြမ်းတွေနဲ့ကာရံထားခဲ့တဲ့ ရွာအစွန်ပိုင်းက ခြံတစ်ခြံ...
နန်းစံ ထိုခြံလေးရှေ့ရောက်တာနဲ့ ခြံရှေ့မှာခံစားချက်မဲ့စွာရပ်ပြီး ခြံထဲကလှေကားကျိုးနေတဲ့ တဲအိမ်လေးကို စိုက်ကြည့်နေမိတယ်...
"နန်းစံ..."
သူ့ကို တစ်စုံတစ်ယောက်ကပွေ့ဖက် ခါရမ်းနေတာကို သူသိတယ်။ သူ့နားကို လူအများအုံလာတယ်ဆိုတာလည်း သူသိတယ်။ ဒါပေမယ့်...အားလုံးကို ဥပက္ခာပြုကာ သူ့ခြေလှမ်းတွေက ထိုခြံလေးထဲကို ယိုင်နဲ့စွာပင် တစ်လှမ်းပြီးတစ်လှမ်း လှမ်းလိုက်တော့တယ်....
*ပစ်တိုင်းထောင်*
//////////
{ ၁၆. ၂. ၂၀၂၅ }
{ ည ၉:၀၀ }
Keep Reading