ညဉ့်ယံထက်[ Nyint Yan Htet ]
ချလွမ်!
ဒေါ်တုတ် နေ့ခင်းတစ်ရေးတစ်မောအိပ်နေစဉ်မှာပဲ ရုတ်တရက်ကြားလိုက်ရတဲ့ ကျကွဲသံ...
ဒေါ်တုတ် ချက်ချင်းပဲ မျက်လုံးဖွင့်ကာ အားယူထထိုင်လိုက်ပြီး အသံကြားရာကိုလှမ်းကြည့်လိုက်တယ်....
'ဘုရားပန်းအိုး..."
ဒေါ်တုတ် စိတ်ထဲမှ ရေရွတ်လိုက်ခြင်းဖြစ်တယ်။ ဒေါ်တုတ် တစ်ပိုင်းတစ်စဆီဖြစ်နေတဲ့ဘုရားပန်းအိုးကိုကြည့်ကာ ရင်ထဲလေးနေမိတယ်။ အိမ်မှာ ဘုရားကျောင်းဆောင်မရှိလို့ ဘရားပုံတော်ကို ထရံမှာချိတ်ကာ မနိမ့်လွန်းမမြင့်လွန်းတဲ့ သစ်သားစားပွဲလေးပေါ် ပန်းအိုးတစ်အိုးသာ တင်ထားတာမလား။ ဆွမ်းတော်ကပ်ချိန်ကတော့ ဆွမ်းတော်ကပ်တာပေါ့လေ...
အရမ်းကြီးမမြင့်တဲ့ဟာကို ဘယ်လိုလုပ်ဒီပန်းအိုးက အလိုလိုနေရင်းကျကွဲလည်းဆိုတာ ဒေါ်တုတ်နားမလည်တော့ဘူး...
"အင်း..."
ဒေါ်တုတ် အားယူကာ ထိုပန်းအိုကွဲတွေနားသွားဖို့ကြိုးစားကြည့်ပေမယ့် အိပ်ရာခင်းပေါ်ကနေတောင်မရွေ့တာမို့ စိတ်ပျက်လက်ပျက်သာ ပြန်လှဲနေလိုက်တယ်။ နန်းစံလေးကို တတ်နိုင်သလောက်ကူညီချင်ပေမယ့်လည်း အသက်ရလာတဲ့အပြင် လေပါဖြန်းထားတာဆိုတော့ခန္ဓာကိုယ်က လှုပ်ဖို့တောင်မလွယ်ဘူး။ ဒါတောင် လက်ချောင်းလေးတွေ ပြန်လှုပ်နိုင်လို့ဆိုပြီး နန်းစံလေးက ပျော်နေရှာတာ...
ဒေါ်တုတ် ထိုအကြောင်းတွေးမိတော့လည်း ပြုံးမိသား။ ကိုယ့်ကိုယ်ကိုတော့ ဘာမျှော်လင့်ချက်မှမရှိပေမယ့် နန်းစံလေးကတော့ ကိုယ့်အတွက်မျှော်လင့်ချက်အပြည့်ရှိနေတာလေးကိုတွေးပြီး အတော်ပီတိဖြစ်ရတယ်...
"ရီးတုတ်!!!!!!"
ဒေါ်တုတ်အတွေးလွန်နေစဉ်မှာပင် ရုတ်တရက်ကြားလိုက်ရတဲ့ ခပ်လှမ်းလှမ်းက အော်ဟစ်သံကြောင့် ဘာများဖြစ်တာလဲဆိုပြီး အိမ်ပေါက်ဝကို မျှော်လင့်တကြီးကြည့်နေမိတယ်...
"ရီးတုတ်!!!!!!!"
"ဘာဖြစ်..."
ဒေါ်တုတ် အိမ်နားနီးလာတဲ့ အော်ဟစ်သံကြောင့် ခပ်ရွဲရွဲကြီးထိုင်နေရာကနေ နံရံကိုအပြည့်မှီထိုင်လို့ရအောင် ဖြည်းဖြည်းချင်းမတ်ကာထိုင်လိုက်တယ်....
ဒုန်း!!!
"ရီးတုတ်!!! ရီးတုတ်...နန်း...နန်းစံ..."
"နန်းစံ..."
ဒေါ်တုတ် နှုတ်ကနေကြိုစားကာ ရေရွတ်မိတယ်။ နန်းစံတဲ့လား။ ခုလိုအိမ်မပြိုရုံတမယ် စိုးရိမ်တကြီးနဲ့ အော်ကြီးဟစ်ကျယ်ပြေးတက်လာတာက နန်းစံလေး တစ်ခုခုများဖြစ်တာလား။ ဘုရား...ဘုရား...
ဒေါ်တုတ် ပြေးတက်လာသူရဲ့ရှေ့က ပန်းအိုးကွဲတွေကို ကြည့်မိတယ်။ မဟုတ်မှလွဲ အဲ့ပန်းအိုကွဲက လူတွေအယူကြီးသလို မကောင်းတဲ့နိမိတ်ကိုဆောင်ဖို့များ.....
__________
နန်းစံ သတိရတစ်ချက်၊မရတစ်ချက်ဖြစ်နေတော့တယ်။ သတိပြန်ရလာတဲ့အခါတိုင်း သေလုမျောပါးခံစားနေရတဲ့အပြင် နာကျင်မှုကြောင့်အသိစိတ်လွတ်ပြီး သတိလစ်သွားရင်တောင်မှ ထိုနာကျင်မှုကြောင့်ပဲ ပြန်သတိလည်လာပြီး နာကျင်မှုကို မချိမဆန့် ခံစားနေရတော့တယ်...
"နန်းစံ!!! သတိထားစမ်း! သမီး!"
ဒေါ်ရင်အေး ရင်ခွင်ထဲက နန်းစံရဲ့ပါးကို ခပ်ဆတ်ဆတ်ရိုက်ကာ သတိမလစ်အောင် ထိန်းပေးထားရတယ်။ နန်းစံအိမ်နားလဲကျတယ်ဆိုလို့ သူ့မှာအပြေးလာရတာ။ သူထင်ထားတာက ဒီကလေးမ ဖျားနာပြီး မူးလဲတယ်ပေါ့။ ဒါပေမယ့် သူမြင်လိုက်ရတာက...
"ညည်းနဲ့အေ...လိမ္မာတယ်ဆိုမှ..."
ဒေါ်ရင်အေး မျက်ရည်တို့ကျကာ ရင်နာနာနဲ့ ရေရွတ်မိတယ်။ ငယ်စဉ်က တစ်သက်လုံး လက်သည်လုပ်လာတဲ့အတွေ့အကြုံအရ ဒီကလေးမ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် ဘယ်သူနဲ့လဲ။ ဘယ်တုန်းကလဲ။ သူဒီလောက်စောင့်ကြည့်နေတာကိုတောင် ဘယ်အချိန် ဘယ်လိုတွေဖြစ်ကုန်ကြတာတုန်းဆိုတာ နားမလည်နိုင်တော့ဘူး...
"မြန်မြန်မောင်းလေ!!!!"
"မောင်းနေတာပဲကွ!!!"
ဆူညံလှတဲ့ ထော်လာဂျီအသံနဲ့ အပြိုင်အဆိုင်အော်ဟစ်နေတဲ့ လူနှစ်ဦးရဲ့အသံ...
ပြည့်စုံ သူ့ကိုပြန်အော်နေတဲ့ ထော်လာဂျီမောင်းနှင်နေသူကိုကြည့်ကာ ဒေါသထွက်မိသလို အရှေ့က သွေးအိုင်ကြားထဲလဲနေတဲ့ နန်းစံကိုကြည့်ပြီးတော့လည်း စိတ်ပူမိတယ်။ သူတို့ရွာက မြို့နဲ့အတော်ကိုအလှမ်းဝေးတာမို့ မြို့ကိုရောက်ဖို့ဆို အနည်းဆုံး တစ်နာရီနီးပါးမောင်းရမှာပဲ...
"ဖွားရင်အေး တစ်ခုခုလုပ်ပါဦး!...."
"ကျုပ်လည်း လုပ်နေတာပဲတော်..."
မျက်နှာချင်းဆိုင်မှာ ထိုင်နေတာဆိုပေမယ့် ပြည့်စုံ အပူတပြင်းပဲ ဖွားရင်အေးကို အကူအညီတောင်းမိတယ်။ နန်းစံရဲ့ပုံကို ကြည့်ပြီး ပြည့်စုံဘယ်လိုမှ စိတ်ချမ်းသာမနေဘူး။ ဘယ်လောက်ပဲ အနေစိမ်းတဲ့သူတွေဖြစ်ပါစေ နန်းစံက ကိုယ့်ညီမလေးပဲလေ။ ဖေကြီးက ဖွားတုတ်ကို မုန်းနေလို့ နန်းစံနဲ့ပါမပတ်သတ်ခိုင်းပေမယ့် မခေါ်ချင်လို့ရတယ်။ မတော်ချင်လို့မရဘူးဆိုသလိုပဲ။ ဒီကလေးမ သူ့မျက်စိရှေ့မြင်ရင်တော့ သူလည်း အနည်းနဲ့အများ စောင့်ရှောက်တာပါပဲ။ အဲ့တာကြောင့်လည်း ခုလိုမြင်လိုက်ရတော့ သွေးကစကားပြောတာကြောင့် အတော်ကိုစိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်အိမ်မှာလည်း ညီမပျိုလေးနှစ်ယောက်ရှိတဲ့အပြင် အမျိုးသမီးကလည်း နေ့စေ့လစေ့ကြီးဆိုတော့...
ပြည့်စုံ စိတ်မကောင်းစွာ သက်ပြင်းချမိတယ်...
"နန်းစံ...ကိုကြီး ညီမလေးဘေးမှာ ရှိနေတယ်နော်။ ..."
ပြည့်စုံ နန်းစံရဲ့ သွေးတွေစွန်းနေတဲ့လက်ကိုကိုင်ကာ အားတင်းထားဖို့ ပြောနေမိတယ်...
နန်းစံ ဘေးကအသံတွေကိုတောင် ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေတဲ့ထိကို နာကျင်မှုကြောင့် သတိလက်လွတ်ဖြစ်နေတော့တယ်။ သူခန္ဓာကိုယ်တစ်ခုလုံး သေလုမျောပါးနာကျင်နေသလို သူ့အတွေးတွေကလည်း သူ့လည်ပင်းကို ကြိုးကွင်းစွပ်သည့်အလား အဆုံးထိ တွန်းချနေတော့တယ်...
နန်းစံခေါင်းထဲမှာ သူမကိုမိခင်လမ်းစဉ်လိုက်မှာပဲဟု ပြောနေကြသူတွေရဲ့ပုံရိပ်တွေက အထပ်ထပ်အခါခါ ပေါ်လာတော့တယ်။ နန်းစံ ပြင်ပနာကျင်မှုကြောင့်လား စိတ်ခံစားချက်တွေရဲ့ နှိပ်စက်မှုကြောင့်လား မခွဲခြားနိုင်တဲ့ အပူသည်မျက်ရည်တွေက မျက်လုံးတစ်လျှောက် စီးကျလာတော့တယ်...
မှားသွားခဲ့ပြီ။ နန်းစံ မှားသွားခဲ့ပြီ။ ခနတာ သာယာမှုအတွက်နဲ့ သူ့ဘဝတစ်ခုလုံး မေကြီးနဲ့အတူ သူကိုယ်တိုင် ထိန်းသိမ်းလာသမျှ အရှက်တရားတွေ၊ သိက္ခာတရားတွေက ကုန်းကောက်စရာမရှိတော့လောက်အောင် ခမ်းခြောက်သွားခဲ့ပြီ။ သူ့ရဲ့ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ကြောင့် သူ့ဘဝကြီးက သူ့ကိုမွေးခဲ့တဲ့ မိခင်လိုမျိုး အရှက်တရားတွေ၊အကြောက်တရားတွေနဲ့ လူတော့မတိုးနိုင်ဘဲ သိမ်ငယ်စွာ သေရတော့မှာလားဆိုတဲ့အတွေးက ခန္ဓာကိုယ်နာကျင်မှုထက်ကို ပိုပြီးနာကျင်စေတယ်...
မျှော်လင့်ချက်...နန်းစံ ထိုနာကျင်မှုတွေကြားကနေ မျှော်လင့်ချက်လေးတစ်ခုကို ဆုပ်ကိုင်ထားမိတယ်။ ခုလိုအချိန် သူ့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က အကို...
အကိုကပဲ သူ့ကိုဒီအခြေအနေကနေ ကယ်တင်နိုင်မှာ။ အမေ့လိုမဖြစ်အောင် သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်မှာ...
"နန်းစံ အကိုရှိတယ်နော်..."
နန်းစံ မျက်လုံးတောင်မဖွင့်နိုင်ပေမယ့် ကြားလိုက်ရတဲ့အသံကြောင့် သူ့လက်တွေကို ဆုပ်ကိုင်ထားတဲ့ အကို့ရဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်ကာ အားတင်းထားမိတယ်။ အကိုကဟန်မဆောင်တော့ဘူးပဲ။ အရင်လို...အရင်လို သူနဲ့မသိချင်ယောင် မဆောင်တော့ဘူး...
ပြည့်စုံ သူ့လက်တွေကို တင်းတင်းကျပ်ကျပ်ပြန်ဆုပ်ကိုင်လာတဲ့ နန်းစံကြောင့် ဝမ်းသာအားရပဲ ဖွားရင်ကိုကြည့်ကာ နန်းစံတုန့်ပြန်တယ်ဆိုတဲ့သဘောနဲ့ ပြုံးပြမိတယ်...
ဆူညံလှတဲ့ ထော်လာဂျီသံနဲ့အတူ ထိုလာဂျီနောက်မှာ ကမ္ဘာပျက်သလို ပူဆွေးနေကြတဲ့သူတွေ ရှိနေပေမယ့် ထော်လာဂျီမောင်းနှင်သူရဲ့ ဘေးမှာထိုင်နေတဲ့ အာကာမောင်ရဲ့အတွေးထဲမှာတော့ အားလုံးနဲ့ဆန့်ကျင်စွာ သူစိတ်ပူနေသူက သူကိုယ်တိုင်ပင် ဖြစ်နေခဲ့တယ်...
__________
"နန်းစံ ကိုယ်ဝန်ပျက်ကျတယ်တဲ့..."
"ဘာ...."
ဒေါ်တုတ် သူကြားလိုက်ရတဲ့စကားကြောင့် တုန်လှုပ်စွာရေရွတ်မိတယ်။ သူ့မြေးမလေး...သူ့မြေးမလေးက...
"ဖယ်...ငါသွားမယ်..."
ဒေါ်တုတ် အလောတကြီးပဲ ကောင်းကောင်းမလှုပ်နိုင်တဲ့ ခန္ဓာကိုယ်ကို ကြမ်းပေါ်လှဲချကာ တံခါးပေါက်ဆီ အတင်းလှိမ့်ပြီး သွားဖို့လုပ်လိုက်တယ်...
"ရီးတုတ်! သတိထားပါဦး!..."
"အမေ့! မမိုး ကျွန်မလာပြီ။ သူဇာ ညည်းအဖွားကို ဆွဲစမ်း!..."
မိဘုတ် သတင်းကြားကြားချင်း အမေ့ဆီပြေးလာခဲ့တာ။ ထင်တဲ့အတိုင်း သောင်းကျန်းနေပြီပဲ...
"အမေ့ စိတ်ထိန်းနော်။ အမေ့သမတ်လည်း ဆိုင်ကယ်နဲ့ လိုက်သွားတယ်။ အရမ်းစိတ်မပူနဲ့..."
"စိတ်အေးအေးထားပါ ရီးတုတ်ရယ်။ ကျွန်မတို့တွေလည်း ကျွန်မရဲ့ဦးလေးနဲ့ တိုင်ပင်ပြီး ဘယ်သူက နန်းစံကို စော်ကားတာလဲဆိုတာ အဖြေရှာပေးပါ့မယ်..."
"ငါ့မြေး..."
ဒေါ်တုတ် ရင်ဘက်တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသလား အောက်မေ့ရအောင် နာကျင်လွန်းတာမို့ ရင်ဘက်စည်တီးကာ အော်ဟစ်ငိုယိုမိတယ်။ အားလုံးက သူအသုံးမကျလို့ဖြစ်ရတာချည်းပဲ။ သူဒီလိုဒုက္ခိတဖြစ်နေလို့...
"ငါ...ငါကြောင့်!"
ဒေါ်တုတ် လှုပ်မရဖြစ်နေတဲ့ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းကို ထုရိုက်ကာ အော်ဟစ်ငိုကျွေးမိတယ်။ သူခုလို ဒုက္ခိတဖြစ်နေလို့ ကလေးက ဒီအခြေအနေနဲ့ကြုံတွေ့ရတာ။ သူစောင့်ရှောက်နိုင်ပါတယ်ဆိုတဲ့ နှုတ်စကားနဲ့တင် ဒီကလေးကိုမွေးပြီး ဆင်းရဲဒုက္ခတွင်းထဲ ရိုက်ချခဲ့မိတာ။ မွေးစက ဒေါ်ရင်အေးပြောသလို ပေးလိုက်ရင်တောင်....
"အား...ငါ့...ငါ့အမှား...."
"တော်ပါတော့အမေရယ်။ ဟဲ့ သူဇာ အမေ့လက်ကို ချုပ်ထားလေ!..."
မိဘုတ် သမီးဖြစ်သူကို ဒေါသတကြီးအော်ဟစ်မိတယ်။ အမေ့ရဲ့ခုလိုပုံကို မြင်ရတော့ မိဘုတ် အတော်ကို နောင်တရမိတယ်။ သူမိအိုကြီးကို ပစ်ထားခဲ့မိတာ...
"ငါ့မြေး...ငါ့မြေး..."
ဒေါ်တုတ် နာကျင်စွာ ငိုကြွေးနေမိတယ်။ မိညိုတုန်းကလည်း သူ့ကြောင့်ပဲ။ သူ့ကိုကူညီချင်တယ်ဆိုပြီး မြို့တက်သွားလို့ အရှက်တကွဲဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ ခု သူ့မြေးမလေးကလည်း သူ့ရဲ့တာဝန်ယူမှုကင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ပဲ အန္တရာယ်တွင်းထဲကျရောက်နေပြန်ရှာပြီ...
ဒေါ်တုတ် ပျော့ဖတ်နေတဲ့ ဘယ်ဘက်လက်ကို လှုပ်ရှားနိုင်တဲ့ ညာဘက်လက်နဲ့ဆွဲမကာ လက်အုပ်ချီတဲ့ သဏ္ဍာန်လုပ်ပြီး ဘုရားပုံရှေ့သာ ရသမျှဘုရားစာတွေ ရေရွတ်ဖို့ပြင်လိုက်တယ်...
ဒေါ်တုတ် ဘုရားစာတွေကို နှုတ်ကနေမပီမသရေရွတ်နေရင်းနဲ့မှ စိတ်ထဲကနေလည်း အကြိမ်ပေါင်းများစွာ သစ္စာဆိုလိုက်တယ်...
'အရှင်ဘုရား...တပည့်တော်မ မည်သူတစ်ဦးတစ်ယောက်ပေါ်မှာမှ ယုတ်မာကောက်ကျစ်ခဲ့ခြင်းမရှိပါဘူး ဘုရား။ ဤသစ္စာမှန်ပါက တပည့်တော်မရဲ့ မြေးမလေးစနေသမီး နန်းစံ အသက်အန္တရာယ်ကင်းရပါစေ အရှင်ဘုရား..."
__________
"ectopic pregnancy ပဲ။ အရေးပေါ်ခန်းထဲ တန်းထည့်လိုက်။ လူနာက သွေးထွက်လွန်နေပြီ။ သွေးပါ အသင့်ပြင်။ လူနာက ဘာသွေးလဲ သိကြလား..."
"အဖွားတို့ မသိဘူးကွယ့်။ ကယ်ပါဦး ဆရာလေးရယ်။ သူက အဖွားရဲ့ မြေးမလေးပါ..."
"ကျွန်တော်တို့တွေ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ ကျေးဇူးပြုပြီး ဒီမှာပဲ စောင့်နေပေးကြပါ..."
"ဖွားရင်အေး...စိတ်အေးအေးထားပါ..."
ပြည့်စုံ ဖွားရင်အေးကို ခုံတန်းလျားမှာထိုင်စေပြီး သူကိုယ်တိုင်လည်း ရသမျှဘုရားစာလေးတွေ ရွတ်ပေးနေမိတယ်...
ဒေါ်ရင်အေး စိတ်ပျက်လက်ပျက်ထိုင်နေမိတယ်။ အခြေအနေမကောင်းဘူးဆိုတာ ဒေါ်ရင်အေးသိနေတယ်။ ဒါတော်ရုံ သာမန်ကိုယ်ဝန်ပျက်ကျတာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုမှ ပြောမထွက်ဘဲ ရင်နာနာနဲ့ပဲ ထိုင်ကာ စိတ်ထဲဒေါ်တုတ်ကို တနေမိတယ်...
'ဒေါ်တုတ်ရေ...ညည်းမြေးမတော့ ကံမကောင်းတော့ဘူးထင်ပါရဲ့တော်...'
__________
"ဆေးရုံမှာ အရေးပေါ်ခန်းထဲ ထည့်ထားရတယ်တဲ့..."
"ဟယ်..."
မိဘုတ် ငထူးရဲ့စကားကြောင့် ရင်တထိတ်ထိတ်ဖြစ်နေရတယ်။ ကိုယ့်မှာလည်း သမီးပျိုလေးတွေရှိတာမို့ စိတ်မကောင်းလည်း အတော်ဖြစ်မိတယ်...
"အဖွားအခြေအနေရော အမေ..."
"မမိုးပြန်သွားကတည်းက လှဲအိပ်နေတာပါပဲတော်..."
"ဟူး..."
ငထူးသက်ပြင်းချမိတယ်။ သူတက္ကသိုလ် တက်ဖို့ရာအတွက် မြို့ခနလေးတက်သွားမိပါတယ်။ ပြန်လာတော့ ရွာထဲ အုတ်အော်သောင်းနင်းကဖြစ်နေပြီ။ မြို့ကို ပြန်လိုက်သွားမယ် လုပ်ပြန်တော့လည်း အိမ်မှာ ယောက်ျားသား တစ်ယောက်မှမရှိလို့ သူစောင့်ရမယ်တဲ့လေ...
"အမေတစ်ယောက်တည်း အဆင်ပြေပါ့မလား။ သူဇာကို ဒီပြန်လွှတ်လိုက်ရမလား..."
"ပြေပါတယ် ငထူးရယ်။ လပဲထွက်နေပြီ ပြန်စမ်းပါအေ။ မင်းမရီးရဲ့ကိုယ်ဝန်ကြီးက နေ့စေ့လစေ့ရယ်။ မိဝေက မနက်ကြဆေးရုံလိုက်သွားဖို့ စောစောထပြင်ဆင်ရမှာ။ သူဇာကပဲ ရီရီနဲ့အိပ်ပေးမှာ။ မင်းပြန်တော့။ မိန်းကလေးငယ်လေးတွေချည်းပဲ မသင့်တော်ပါဘူးဆိုနေ..."
"ဟုတ်ပါပြီ အမေရယ်..."
ငထူး စိတ်မချပေမယ့်လည်း အိမ်မှာလည်းသူရှိနေမှဖြစ်တာမို့ အိမ်ကိုသာ အမေပြောတဲ့အတိုင်း ပြန်လိုက်တော့တယ်...
မိဘုတ် ထွက်သွားတဲ့သားဖြစ်သူကို စောင့်ကြည့်ပြီးမှ အိမ်ပေါ်တက်ကာ လှဲအိပ်နေတဲ့ အမေ့ဘေး ဝင်ကာလှဲပြီး စောင့်နေလိုက်တယ်။...
-
-
-
"မေကြီး..."
"နန်းစံ..."
"မေကြီး...နန်းစံ ကြောက်တယ်..."
"နန်းစံ! မြေးလေး!!!"
ဒေါ်တုတ် နန်စံရဲ့ ကြောက်လန့်တကြီး အော်ဟစ်ငိုကြွေးသံကို ကြားနေရပေမယ့် အမှောင်ထုကလွဲ ဘယ်မှာမှ မတွေ့တာကြောင့် အလန့်တကြားပဲ မမြင်မစမ်းပြေးလွှားကာ ရှာနေမိတယ်...
"မေကြီး!!!"
"နန်းစံ..."
ဒေါ်တုတ် အနောက်ဘက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်ချိန်မှာပဲ မြင်လိုက်ရတာက တစ်ကိုယ်လုံးသွေးတွေရွှဲနေတဲ့ မြေးမဖြစ်သူနန်းစံလေးမို့ ကြောင်အန်းကာကြည့်နေမိတယ် ...
"မေကြီး!!! နန်းစံကို ကယ်ပါ..."
"နန်းစံ...မေကြီးလာပြီ..."
"မေကြီး..."
ဒေါ်တုတ် သူ့ဆီလက်လှမ်းလာတဲ့မြေးမဖြစ်သူနားကို အမြန်ဆုံး ပြေးသွားလိုက်တယ်။ ဒါပေမယ့်...
"မေကြီး!!!"
ရုတ်တရက် အမှောင်ထုထဲကို မမြင်ရတဲ့အားတစ်ခုရဲ့ ဆွဲခေါ်ခြင်းခံလိုက်ရတဲ့ မြေးမဖြစ်သူရဲ့ပုံရိပ်....
"နန်းစံ!!!!"
__________
"အခြေအနေမကောင်းတော့ဘူး..."
ခွဲစိတ်ခန်းထဲမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့စကားသံ...
ခွဲစိတ်လျက်သားအခြေအနေရှိတဲ့ လူနာမိန်းကလေးကိုကြည့်ကာ ဆရာဝန်တွေဟာ ဆုံးဖြတ်ချက်ချဖို့ ပူထူနေကြတော့တယ်...
တီ....
ရုတ်တရက်ထိုးဆင်းသွားတဲ့ သွေးအားကြောင့် ဆရာဝန်တွေမှာ အလန့်တကြားပဲ...
"သွေးထပ်ပြင်ကြ!!!"
__________
ရုတ်တရက် အလန့်တကြားပဲ အိမ်မက်ဆိုးကြောင့် ပွင့်လာတဲ့မျက်လုံးတွေနဲ့အတူ အိမ်ပေါက်ဝမှာဖြတ်ကနဲ မြင်လိုက်ရတဲ့ နန်းစံလေးရဲ့ ပုံရိပ်။ ဒေါ်တုတ်အိပ်နေရာကနေ ခြင်ထောင်ကို ညာလက်နဲ့အသာမကာ အိမ်တံခါးဝဆီ အတက်နိုင်ဆုံးတရွတ်တိုက်ပြီး အားတင်းကာ သွားနေမိတယ်...
မှားသလား၊မှန်သလားဆိုတာ မသိတော့ဘဲ ရင်ထဲကစိုးရိမ်စိတ်အတိုင်း ဒေါ်တုတ် အသိစိတ်မဲ့စွာ ရှိသမျှအားသုံးပြီး အိမ်ပေါက်ဝက လှေကားရှိရာ ဦးတည်နေမိတယ်။ ထို့နောက်လည်း စိတ်ထဲမှာလည်း အထပ်ထပ်အခါခါ ခပ်တိုးတိုးရေရွတ်နေမိတယ်...
'မေကြီး ငါ့မြေးကို ကယ်မယ်...မေကြီး ကယ်မယ်..."
__________
"ဒီတိုင်းဆို မရတော့ဘူး..."
"ဘယ်လိုလုပ်ကြမလဲ ဆရာ..."
ဒေါက်တာဦးထွန်းလင်းအောင် သူ့ရှေ့က လူနာကိုကြည့်ကာ တုန့်ဆိုင်းနေမိတယ်။ သူဟာ သားဖွားမီးရပ်က မဟုတ်သလို အခြားဆရာဝန်လေးတွေကလည်း ခုမှတာဝန်စကျတဲ့ ဂျူနီယာလေးတွေဖြစ်နေတာကြောင့် သူဆုံးဖြတ်မှကို ဖြစ်တော့မယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ လူနာမိန်းကလေးရဲ့အသက်ကိုကယ်တင်ဖို့အတွက် ဉီးထွန်းလင်းအောင် ဆုံးဖြန်ချက်တစ်ခုကို ချက်ချင်းပဲချလိုက်တယ်...
"ဖယ်ထုတ်မယ်..."
__________
"နန်း...စံ..."
ဒေါ်တုတ် မြေးဇောကြောင့် အိမ်ပေါက်ဝကို မရောက်ရောက်အောင် အားတင်းကာ မှောက်လျက်သား တရွေ့ရွေ့သွားနေမိတယ်။ သူ့မြင်ကွင်းထဲမှာလည်း ဖြတ်ကနဲဖြတ်ကနဲ မြင်နေတဲ့ မြေးမဖြစ်သူရဲ့ပုံရိပ်က ပိုပိုပြီးဝေးသွားသယောင်...
"နန်း...စံ..."
__________
"သွေးဖိအား ထိုးကျသွားပြန်ပြီ ဆရာ..."
"နှလုံးခုန်နှုန်းမတရားမြန်နေပြီ..."
__________
"နန်းစံ..."
မှောက်လျက်ရွေ့ကာ တဖြည်းဖြည်း တံခါးဝဆီနီးကပ်လာတဲ့ အဖွားအိုကြီး။ခန္ဓာကိုယ်တစ်ခုလုံးက ဝါးကြမ်းပြင်ကို ပွတ်တိုက်ပြီးသွားနေရတာမို့ ထိုအဖွားအိုကြီးရဲ့ ပေါင်မှာစိုက်ဝင်နေတဲ့ ဝါးခြမ်းစက အဖွားအိုကြီးရဲ့ မြေးဇောကြောင့် အသိစိတ်လွတ်နေတာကို မတားနိုင်ခဲ့ဘူး...
ဒေါ်တုတ် ဘာကိုမှမသိတော့ဘူး။ သူ့မျက်လုံးထဲမှာ နန်းစံလေးငယ်စဉ်က ပုံရိပ်တွေကိုပဲ ဆက်တိုက်ပြန်မြင်ယောင်နေမိတယ်။ ထိုမြင်ကွင်းတွေက သူ့ကိုနန်းစံဆီသွားဖို့ ဖိအားပေးနေသယောင်ထင်ရပြီး သူ့ခန္ဓာကိုယ်ကလည်း ထိန်းချုပ်မရနိုင်တော့တဲ့အထိကို နန်းစံဆီ အရောက်ပြေးသွားချင်နေပြီ....
__________
"နှလုံးခုန်ရပ်သွားပြီ!!!"
"CPR လုပ်...."
"မရဘူး... Defibrillator သုံးမယ်!"
"လူနာကို electric shock တိုက်မယ်..."
ရုတ်တရက်ဆိုသလိုပဲ နန်းစံရဲ့မေ့မျောနေရဲ့ ခန္ဓာကိုယ်မြောက်တက်သွားမတက် ပြင်းထန်လှတဲ့ လျှပ်စစ်အားတို့ဟာ တည်ငြိမ်နေတဲ့ နန်းစံရဲ့ နှလုံးသားထဲကို အကြိမ်ကြိမ် စီးဆင်းနေခဲ့သလို တစ်ဖက်မှာလည်း...
__________
"အမေ့!"
မိဘုတ် အမေ့ကိုစောင့်ကြည့်နေတုန်း မှေးကနဲဖြစ်သွားစဉ် ကြမ်းခင်းကအသံကြားနေရတာမို့ နိုးလာပြီးဘေးဘက်စမ်းလိုက်ချိန် အမေ့ကိုမတွေ့တော့တာမို့ ချက်ချင်းပဲ ထထိုင်ကာ ခြင်ထောင်အပြင်ကို လှမ်းကြည့်လိုက်တယ်။ ထိုအချိန်သူရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အိပ်ရာထဲကနေ အမြန်ဆုံးထကာ တံခါးပေါက်ဝက အမေ့ဆီ အမြန်ဆုံးပြေးသွားလိုက်တယ်....
"အမေ့!!! မလုပ်နဲ့!!!"
မိဘုတ် အသည်းအသန်ပြေးပြီး လည်ချောင်းကွဲမတက်အော်လိုက်ပေမယ့် အချိန်နှောင်းစွာ....
ဝုန်း! ဝုန်း!
"အမလေး!!! အမေ့!!! ကယ်ကြပါဦး!!!"
တံခါးဝကနေ ဝုန်းကနဲအကြိမ်ကြိမ်မြည်ပြီး လှေကားပေါ်က ထလိမ့်ခေါက်ကွေးပြုတ်ကြသွားတဲ့ မိခင်ဖြစ်သူ...
ဒေါ်တုတ် အိမ်ပေါက်ဝရောက်တာနဲ့ မျက်လုံးထဲက နန်းစံလေးရဲ့ ပုံရိပ်တွေဆီ လက်လှမ်းလိုက်တုန်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက လေဟာပြင်ထဲရောက်သွားသလို ခံစားလိုက်ရပြီး သူ့ဦးခေါင်းကလည်း အေးခနဲဖြစ်သွားတော့တယ်...
"အမေ့!"
ဒေါ်တုတ် မှေးစင်းလာတဲ့မျက်လုံးထဲကနေ သမီးဖြစ်သူမိဘုတ်ရဲ့ပုံရိပ်ကိုမြင်နေရသလို အားမရှိစွာဦးခေါင်းကတစ်ဘက်ကို ယိုင်ကျသွားပြန်တော့လည်း မြင်လိုက်ရတာက ခြံဝမှာစိတ်မကောင်းခြင်းများစွာ၊ နောင်တပေါင်းများစွာနဲ့ ရပ်နေကြတဲ့ သားလတ်နဲ့ သမီးလေးမိညို...
ဒေါ်တုတ် နာကျင်မှုတွေ၊ဘာတွေ ဘာမှမခံစားရတော့သလို ရင်ထဲမှာလည်း ရုတ်ချည်းဆိုသလို အေးချမ်းမှုကိုခံစားလိုက်ရတယ်။ သူသိသွားခဲ့ပြီ။ သူ့ကံကုန်လို့ သူ့ကိုလာခေါ်နေကြတယ်ဆိုတာကိုရော၊ ပြီးတော့ မြေးမလေးနန်းစံ အန္တရာယ်ကင်းသွားပြီ ဆိုတာကိုရောပေါ့...
ချက်ချင်းဆိုသလို မှိတ်ကျသွားတဲ့ အမေအိုကြီးရဲ့အရည်တွန့်နေတဲ့မျက်ခွံတွေနဲ့အတူ ထိုအမေအိုကြီးရဲ့ဘဝဟာလည်း ထိုကဲ့သို့ပင် အဆုံးသတ်သွားရှာတော့တယ်...
__________
တီ.....
"ရပြီ! လူနာ နှလုံးပြန်ခုန်လာပြီ!!!!"
ဝမ်းသာအားရထအော်ကြတဲ့ အလုပ်သင်ဆရာဝန်လေးတွေနဲ့အတူ ဦးထွန်းလင်းအောင်လည်း ဝမ်းသာအားရပြုံးကာ သတိမေ့မျောနေတဲ့ ကလေးမလေးကိုကြည့်မိတယ်..
ဒီကလေးမလေးရဲ့အသက်ကို သူတို့ကယ်တင်နိုင်ခဲ့ပြီ။ ဒါပေမယ့် ဒီကလေးမလေးရဲ့ ဘဝကိုတော့ ဒီကလေးမလေးကိုယ်တိုင် ကယ်တင်မှရတော့မယ်...
__________
"ဒီက လူနာရဲ့ဖခင်များလား..."
"မဟုတ်ပါဘူး ဆရာ။ ကျွန်တော်က လူနာရဲ့ဦးလေးပါ..."
"လူနာရဲ့ မိဘတွေကရော..."
ဦးသန်းဟိန်း ဆရာဝန်ရဲ့အမေးကြောင့် စိတ်မကောင်းဖြစ်မိတယ်။ ဘယ်လောက်ပဲ ဟိုအဖွားကြီးကိုမုန်းမုန်း ဒီကလေးမလေးကိုတော့ သူမမုန်းရက်တာ ဒီလိုကိစ္စတွေကြောင့်လည်းပါတယ်...
"မိဘတွေ မရှိတော့ဘူးဆရာ။ အဲ့ကလေးမလေးက သူ့အဖွားလက်ထဲကြီးပြင်းလာတာပါ..."
"အော်...ဒါဆို သူ့အုပ်ထိန်းသူအဖွား..."
"မနေ့ကပဲ ဆုံးသွားပါပြီ။ မနေ့က ကျွန်တော်တို့ဆီဖုန်းဝင်လာတယ် ဆရာ။ ကလေးမလေးရဲ့အဖွား လှေကားပေါ်က ပြုတ်ကျပြီး ဆုံးသွားပြီတဲ့။ အဲ့ဖုန်းဖြေပြီးပြီးချင်းပဲ ဆရာတို့ဆီက နန်းစံလေးကို ခွဲစိတ်တာ အောင်မြင်ကြောင်း သိရတာပါ..."
ဦးထွန်းလင်းအောင် သူကြားနေရတဲ့အခြေအနေတွေကို စိတ်မကောင်းပေးရုံကလွဲ ဘာမှမတက်နိုင်ဖြစ်နေတော့တယ်...
"စိတ်မကောင်းပါဘူးဗျာ။ အခြေအနေတွေကလည်း ဒီလောက်ထိဖြစ်သွားပြီဆိုတော့ ဦးလေးဖြစ်သူကပဲ ကလေးမလေးဘက်က ရပ်တည်ပေးဖို့ တောင်းဆိုချင်ပါတယ်..."
"ကျွန်တော် ဒီကလေးမလေးကို သေချာစောင့်ရှောက်ပါ့မယ်။ လူကြီးတွေကြား ကတောက်ကစရှိခဲ့ပေမယ့်လည်း ခုဆို
အားလုံးလည်း ပြီးဆုံးသွားပြီလေ။ ကျွန်တော် အဲ့ကလေးမကို ကျွန်တော့်သမီးလေးတွေနဲ့အတူ ခေါ်ထားပါ့မယ်..."
"ခုလိုကြားရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်ဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူးဦးလေး..."
"ဟမ်! ဆရာက ဘာကိုပြောချင်တာလဲဗျ။ ကျွန်တော့်ကို တည့်ပဲပြောပါ။ ကျွန်တော်တို့က အညာသားဆိုတော့ စကားပလ္လင်ခံနေရင် နားမလည်ဘူး..."
"ကောင်းပါပြီ။ ကျွန်တော် တည့်ပဲပြောပါရစေ။ လူနာက အသက်မပြည့်သေးပါဘူး။ အဲ့တာကြောင့် အမှုဖွင့်စေချင်ပါတယ်..."
"ခင်မျာ...."
__________
"ဘာ!"
"အေးဟုတ်တယ် ငါ့တူ။ ဦးလေးကတော့ ဆရာဝန်ပြောတာမှန်တယ်ထင်တာပဲ..."
"သူက အစော်ကားခံရတာ မဟုတ်ရင်ရော..."
အာကာ စိုးရိမ်တကြီးဝင်မေးမိတယ်...
"သူက အသက်မှမပြည့်သေးတာ အာကာရာ..."
အာကာ ပြည့်စုံကြားဖြတ်ပြောလိုက်တဲ့ စကားကြောင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထသွားတော့တယ်။ သူဘယ်လိုလုပ်ရမလဲ။ ဒီကိစ္စသာ သူ့ဘက်လှည့်လာရင် သူ့ဘဝက...
"လူနာ သတိရလာပြီ..."
ကြားလိုက်ရတဲ့သတင်းအဆုံး ချက်ချင်းပဲ ပျော်ရွှင်စွာပြေးသွားကြတဲ့ သူ့ရှေ့ကသားအဖနှစ်ယောက်ကိုကြည့်ကာ အာကာ လက်သီးကိုတင်းတင်းဆုတ်ထားမိတယ်...
-
-
-
"လူနာရဲ့အခြေအနေက စိုးရိမ်စရာမရှိတော့ပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကိုတော့ ပြင်ဆင်ပေးဖို့လိုမယ်။ သူနဲ့ခင်မင်တဲ့ မိန်းကလေးတစ်ယောက်လောက်ကို လူနာရဲ့အနားရှိစေချင်တယ်..."
"ဟုတ်ကဲ့ဆရာ။ ကျွန်တော့်သမီးကြီးကို မနေ့ထဲက ဆေးရုံကိုလာခိုင်းထားပါတယ်။ ခနနေ ရောက်လာတော့မှာပါ ဆရာ..."
"ညီမလေး ရောက်လာတော့မှာပါ ဆရာ..."
"ကောင်းပါပြီ။ လူနာကို အုပ်လိုက်ကြီးဝင်မတွေ့ဘဲ..."
"အဖေ့!!!"
"မိဝေ!! လာ...လာ!"
"ဆရာ ဒါကျွန်တော့်ညီမလေး မိဝေပါ..."
"ဟုတ်ပြီ။ ကျွန်တော်ကတော့ သူ့ကိုပဲ လူနာနဲ့တွေ့စေချင်တယ်။ မိန်းကလေးချင်းဆိုတော့ လူနာအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရအောင်လို့ပါ။ လူနာကို ဆူတာ၊ရိုက်တာ လုံးလုံးမလုပ်ပါနဲ့..."
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
"ခနလေး။ အဖွားဖြစ်သူဆုံးသွားတာကို လူနာလုံးဝမသိပါစေနဲ့...."
"ဟုတ်ကဲ့ ဒေါက်တာ..."
"သူ့ကိုခေါ်သွားလိုက်ပါ ဆရာမ။ ကျန်တဲ့သူတွေက ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ။ စခန်းက တာဝန်ရှိသူအချို့ကိုခေါ်ထားပေးပါတယ်..."
"ဟုတ်...ဟုတ်ကဲ့ဆရာ..."
__________
ခုမြင်နေရတဲ့ အစွန်းအထင်းတွေရှိနေတဲ့ အဖြူရောင်မျက်နှာကျက်လိုမျိုးပဲ သူ့ဘဝကြီးက စွန်းထင်သွားခဲ့ပြီ။ သူသတိရလာတဲ့အချိန် သိလိုက်ရတာက သူကိုယ်ဝန်ပျက်ကျတာတဲ့...
နန်းစံ မျက်နှာကျက်ကို စိုက်ကြည့်ကာ မျက်ဝန်းထဲက မျက်ရည်တွေကို လွတ်လပ်စွာ စီးကျစေလိုက်တယ်။ ဒီကပြန်ရင် ရွာထဲကလူတွေကို သူဘယ်လိုရင်ဆိုင်မလဲ။ အဆိုးဆုံးက မေကြီးကို သူဘယ်လိုရင်ဆိုင်မလဲ။ သူ့ကို အပြည့်အဝယုံကြည်ပေးခဲ့တဲ့ မေကြီးကို သူဘယ်လိုရင်ဆိုင်ရမလဲ...
"မငိုပါနဲ့တော့ နန်းစံရယ်..."
မိဝေ နန်းစံရဲ့မျက်ရည်ကို လက်ကိုင်ပုဝါလေးနဲ့အသာသုတ်ပေးကာ နန်းစံကိုဖျောင်းဖျနေမိတယ်။ သူအတော်ကို ရင်ထိတ်နေမိတယ်။ ခုတောင် ဒီလောက်ထိ အသိစိတ်ကပ်ပုံမပေါ်ရတဲ့ထဲ အဖွားဆုံးသွားတာသာသိရင်...
"ရေလေး သောက်ဦးမလား နန်းစံ..."
မိဝေ ဖန်ခွက်ထဲကို ပိုက်ကလေးထည့်ကာ နန်းစံရဲ့ပါးစပ်နားတေ့ပေးလိုက်တယ်။ ဒါပေမယ့်လည်း ရေမသောက်ဘဲ အသာလေးတစ်ဖက်လှည့်လိုက်တဲ့နန်းစံကြောင့် ရေခွက်ကို ခုံပေါ်သာ ပြန်တင်ထားလိုက်တယ်...
ကျွီ...
"ဟယ်...ကိုအာကာ...မလိုက်သွားဘူးလား..."
နန်းစံ ချက်ချင်းပဲ တံခါးဝဘက်ကိုမျှော်လင့်တကြီးလှည့်ကြည့်လိုက်တယ်...
"ဟုတ်တယ်။ ညီမတစ်ယောက်တည်း စောင့်ရတာ ပင်ပန်းမှာဆိုးလို့လေ။ ဒါနဲ့ အပေါ့တွေ၊ဘာတွေ သွားပါလား။ အကိုခနစောင့်ပေးပါ့မယ်..."
"ရပါတယ်။ နန်းစံ နေရထိုင်ရခက်နေမှာစိုးလို့ပါ..."
"မဟုတ်တာပဲ။ သွားပါ။ မြန်မြန်သာ ပြန်လာခဲ့..."
"အဲ့တာဆိုလည်း ငါအိမ်သာ သွားလိုက်ဦးမယ် နန်းစံ။ ကိုအာကာ ခနစောင့်ပေးလိမ့်မယ်နော်..."
နန်းစံ အခန်းထဲက မဝေထွက်သွားတာနဲ့ သူ့နားနီးကပ်လာတဲ့ အကို့ကိုကြည့်ကာ မျက်ရည်တို့က အရင်ထပ်ပိုပြီးစီးကျလာတော့တယ်...
"အကို..."
နန်းစံ အားကိုးတကြီးပဲ အကိုလို့ရေရွတ်မိတယ်...
"နန်းစံ...ငါပြောတာနားထောင်..."
နန်းစံအကို့ဆီက ပွေ့ဖတ်နှစ်သိမ့်မှုကို မျှော်မှန်းထားပေမယ့် ရုတ်တရက်ဆိုသလို ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အလောတကြီးဖြစ်နေတဲ့ အကို့ကြောင့် နန်းစံ လန့်လာမိတယ်...
"အကို..."
"မင်းကိုယ်ဝန် ဘယ်သူနဲ့ရတာလဲမေးရင်။ စော်ကားခံရတာလို့ပြော နန်းစံ..."
"ရှင်..."
နန်းစံ အကို့စကားကြောင့် ဘာဆက်ပြောရမှန်းမသိလောက်အောင် အံ့အားသင့်သွားမိတယ်...
"အဲ့လိုသာပြောလိုက်ရင် အကို့ကိုအားလုံးက လူယုတ်မာလို့မြင်ကုန်ကြမှာပေါ့..."
"ငါစော်ကားတယ်လို့ပြောခိုင်းနေတာမဟုတ်ဘူးကွ!"
"အကို...အကိုဘာကိုဆိုလို..."
"မင်းဘကြီး...ဟိုတစ်လောက သေသွားတဲ့အဖိုးကြီး စော်ကားတာလို့ပြော..."
နန်းစံ သူကြားလိုက်ရတဲ့စကားကြာင့် ခေါင်းကို မိုးကြိုးအတောင့်လိုက် ပစ်ချလိုက်သလို ကြောက်လန့်တုန်လှုပ်သွားမိတယ်။ အကို...အကို့ပါးစပ်ကဘယ်လိုစကားကို...
"ငါပြောတာကြားလား နန်းစံ!"
"မဟုတ်ဘူး။ မပြောဘူး။ ရက်စက်လိုက်တာ အကိုရယ်...ဘယ်လိုလုပ်ပြောရက်မှာလဲ..."
"နန်းစံ! မင်း အဲ့လိုမပြောရင် ငါထောင်ကျမှာကွ! မင်း ငါထောင်ကျတာ မြင်ချင်တာလား..."
"အကိုက ဘာကိစ္စ ထောင်ကျရမှာလဲ..."
"မင်းအသက်မပြည့်သေးလို့ပေါ့ကွ!"
"မသိဘူး အကို။ မသိဘူး။ နန်းစံ ဘာတွေဖြစ်နေလဲဆိုတာ နားမလည်တော့ဘူး။ သိလည်း မသိတော့ဘူး။ အကိုပြောသလိုလည်း မပြောနိုင်ဘူး..."
"နန်းစံ...ငါမင်းအပေါ်မှာ ချစ်ခဲ့၊အနစ်နာခံခဲ့တာတွေက ငါထောင်ကျချင်လို့မဟုတ်ဘူးနော်..."
"အကိုက ဘာလို့ထောင်ကျရမှာလဲ..."
နန်းစံ အကို့ရဲ့စကားတွေကြောင့် ငိုရုံကလွဲ ဘာမှမတတ်နိုင်ဖြစ်နေမိတယ်...
"အဲ့တာ ခုချိန်မှာ ရှင်းပြနေလို့မရဘူး။ ငါသာ ထောင်ကျသွားရင် မင်းမှာ ဘယ်သူမှမရှိတော့ဘူးနော် နန်းစံ။ မင်းအဖွားလည်း မနေ့ညက မင်းကြောင့်သေပြီ..."
နန်းစံ အကို့ရဲ့စကားကြောင့် အလန့်တကြားပဲ အကို့ကိုကြည့်မိတယ်။ သူ့လည်ချောင်းထဲကနေ ဘာအသံမှထွက်မလာနိုင်တော့တဲ့ထိကို ရင်ဘက်ကြီးတစ်ခုလုံး တစ်ဆို့နေတော့တယ်...
"ငါ့ကိုပါ မင်းကြောင့် ထောင်ထဲဝင်ရအောင်မလုပ်နဲ့ နန်းစံ။ မင်းငါပြောသလိုပြောရင် မင်းကိုငါတာဝန်ယူမယ်...ကြားလား...ကျစ်! စောက်ရူးမလိုကြောင်မနေနဲ့။ ငါပြောတဲ့အတိုင်းလုပ်နော်..."
နန်းစံ အကို့ကို မေကြီးအကြောင်း မေးချင်တယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေပြီး လည်ချောင်းကနေလည်း ဘာအသံမှထွက်မလာဘူး။ သူ့စိတ်ထဲမှာတော့...
မေကြီးဆုံးပြီတဲ့။ မဟုတ်ဘူး။ မဟုတ်ဘူး။ မေကြီး သူ့ကိုမထားခဲ့ဘူး။ နန်းစံ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားခဲ့ပြီ။ မေကြီးတစ်ကယ်ပဲ သူ့ကိုထားခဲ့တာလား။ သူသေချင်တယ်။ အဲ့လိုသာဆို သူသေလိုက်ချင်တော့တယ်။ မေကြီးမသေဘူးလို့ သူ့ကိုလာပြောပေးကြပါ....
__________
"တောက်!"
အာကာ ဒေါသတစ်ကြီးပဲ နန်းစံရဲ့အခန်းထဲကနေ ထွက်လာလိုက်တယ်။ သူ့စိတ်တိုင်းကျသာဆို အဲ့ကောင်မကို တစ်ခါတည်းကရိုက်နှက်ပြီး သတ်ပစ်လိုက်ချင်ပြီ...
"ခွပ်!"
အာကာ ဒေါသတကြီးဖြစ်နေစဉ်မှာပဲ ရုတ်တရက်ပူထူသွားတဲ့မေးရိုး...
"ပြည့်စုံ..."
"မင်းတော်တော့်ကို အောက်တန်းကျတဲ့ကောင်ပဲ အာကာမောင်!"
အာကာ သူ့ကိုနာကျည်းစွာကြည့်နေတဲ့ ပြည့်စုံကိုကြည့်ကာမဲ့မိတယ်။ သူ့ကိုအောက်တန်းကျတယ်ဆိုပဲ။ ကပ်ပါးကောင်က သူ့နေရာသူမသိပါလား...
*ပစ်တိုင်းထောင်*
//////////
{ ၁၅.၂.၂၀၂၅ }
{ ည ၉:၀၀ }
Keep Reading