Leo Nann
ဒီဘက်ခေတ်မှာ လူငယ်စာဆိုတွေများလာကြပြီး
စာပေအပေါ် အတွေးသစ်၊အမြင်သစ်တွေကို ကိုယ်ပိုင်ဟန်နဲ့ ပုံဖော်လာကြတာကိုတွေ့ရပါတယ်။
"အငိုလွယ်တယ်၊အရှိုက်ခက်တယ်"ဆိုတဲ့စကားလိုပါပဲ၊
စာပေကိုဖန်တီးဖို့လွယ်ပေမဲ့ တကယ်တမ်းစနစ်ကျအောင်
ရေးတတ်ကြတဲ့သူက ရှားပါတယ်။
ဒါ့အပြင်စာရေးသူတစ်ယောက်အနေနဲ့ ဘယ်လိုစာပေအမျိုးစားမှာမဆို ရေးနည်းရေးဟန်စနစ်ကျမှု၊ကိုယ်ပိုင်အတွေးစိတ်ကူးအပေါ် ပုံဖော်နိုင်မှု၊တီထွင်ဆန်းသစ်နိုင်မှု၊ရသပေးနိုင်စွမ်းနဲ့
သုတမျှဝေနိုင်စွမ်းတို့ကလည်း
အရေးကြီးလှပါတယ်။
အထူးသဖြင့်ကလောင်ကိုင်ခါစ လူတစ်ယောက်အတွက် စာရေးခြင်းဟာ
ထင်သလောက်တော့မလွယ်ကူပါဘူး။
ဝတ္ထုတစ်ပုဒ်ကိုရေးသည်ဖြစ်စေ၊ဆောင်းပါးတစ်ပုဒ်ကိုရေးသည်ဖြစ်စေ၊ကဗျာတစ်ပုဒ်ကိုရေးသည်ပင်ဖြစ်စေ အစပိုင်းမှာ လိုအပ်ချက်တွေရှိနေတတ်ပါတယ်။
ဒီအခါမှာ စု၊တု၊ပြုဆိုတဲ့ နည်းလမ်းသုံးသွယ်ကို အသုံးချပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးနည်းအောင် လေ့ကျင့်ရပါမယ်။
အဓိကအချက်ကတော့ စာများများဖတ်ရမယ်ဆိုတာပါပဲ။နောက်ပြီးများများတွေးရပါမယ်။
လက်သစ်စာရေးသူလေးတွေအနေနဲ့ စာရေးခါစမှာအဖြစ်အများဆုံးအရာကတော့ ဘာကိုရေးလို့ရေးရမှန်းမသိဘဲ အူလည်လည်ဖြစ်နေတတ်တာပါ။စိတ်ကူးထဲမှာကိုယ်ရေးသားလိုတဲ့အကြောင်းအရာတွေအပြည့်ရှိနေပေမဲ့ လက်တွေ့ချရေးကြည့်တဲ့အခါမှာတော့ စာသားတွေထွက်မလာတော့တာမျိုးပါ။ဒီအခါမှာရေးလိုက်ဖျက်လိုက်အဆင့်ကို မလွဲမသွေကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။
ဒီအဆင့်ကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းလေးကတော့
မှတ်စုထုတ်တာပါပဲ။
ကိုယ့်စိတ်ထဲမှာ ရေးချင်တာမှန်သမျှကို စာရွက်နဲ့ဖြစ်စေ၊ဖုန်းနဲ့ဖြစ်စေ အကြမ်းချမှတ်ထားလိုက်တာကinformationအတွက်
အထောက်အကူဖြစ်စေပါတယ်။
လူတစ်ယောက်ရဲ့ စိတ်အတွေးထက်သန်မှုက ကောက်ရိုးမီးလိုတစ်ဟုန်ထိုးပါပဲ။
ရေးချင်တဲ့အကြောင်းအရာကို ခေါင်းထဲပေါ်လာသမျှဆက်တိုက်ချရေးပစ်လိုက်တာက တစ်နွယ်ငင်တစ်စင်ပါဆိုတဲ့စကားပုံအတိုင်း
ကိုယ်ရေးမဲ့စာတွေဟာ ဒလဟောထွက်လာတတ်ပါတယ်။ဒါဆိုရင် ဘာကိုရေးရမှန်းမသိတဲ့အခြေအနေကို
သေချာပေါက်ကျော်ဖြတ်သွားနိုင်မှာပါ။
နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ ကိုယ်ရေးတဲ့စာတွေကို ခဏခဏထပ်မနေစေဖို့ ဂရုစိုက်ရပါမယ်။စကားလုံးတွေထပ်သွားတဲ့အခါ စာတစ်ပုဒ်ဟာ ပွယောင်းယောင်းဖြစ်နေတတ်တာကတော့
စာဖတ်သူတိုင်း အသိပါပဲ။
စာတစ်ပုဒ်လုံးရေးပြီးသွားတဲ့အခါမှာလည်း ပစ်ထားလို့မရပြန်ပါဘူး။ပြင်သင့်တာပြင်၊ဖျက်သင့်တာဖျက်ပြီး ထည့်သင့်တာကိုထည့်ရပါမယ်။
နောက်ပြီး စာရေးတဲ့အခါ ကိုယ်ရေးမယ့်စာပေအမျိုးအစားပေါ်မူတည်ပြီး သိသင့်သိအပ်တာကိုလေ့လာရပါမယ်။
ဒါ့ကြောင့်
ဝါရင့်ဆရာသမားတွေဖြစ်တဲ့ နိုင်ငံကျော်နာမည်ကြီးစာရေးဆရာတွေရဲ့ စာအရေးအသားတွေကို အတုယူသင့်ပါတယ်။
စာရေးစရှိတဲ့သူတွေဟာ စာရေးရခြင်းရဲ့အရသာကိုသေချာသိကြပါတယ်။တက်သစ်စ လူငယ်စာရေးဆရာတွေအနေနဲ့ စာတစ်ပုဒ်ရေးပြီးနောက်မှာ နောက်တစ်ပုဒ်ထပ်ရေးဖို့ စိတ်အားထက်သန်မှု အပြည့်ဖြစ်နေတတ်ပါတယ်။ကိုယ်ရေးထားတဲ့စာကို ဖတ်ရှုသူတွေ ရှိနေတဲ့အခါ တသသပီတိဖြာရတာကတော့ ကလောင်သစ်တွေရဲ့ အလေ့အထပါပဲ။
စာရေးသူတစ်ယောက်ဟာ စာကိုအမြဲမပြတ်ရေးနေမှ လက်ရည်တက်တာပါ။
မရေးတစ်ချက်ရေးတစ်ချက် ပစ်ထားမိရာက ယောင်နနအခြေအနေကို
ပြန်ရောက်သွားတတ်တာကတော့
စာရေးသူရဲ့ ကိုယ်တွေ့ပါပဲ။
နောက်ဆုံးလိုအပ်ချက်လို့ပြောနိုင်လောက်တဲ့အချက်ကတော့ ကိုယ်ရေးပြီးတဲ့စာကို စာဖတ်သူထံချမပြဖြစ်တာပါ။ဝေဖန်ခံရမှာကြောက်နေရင် ရှေ့မရောက်ပါဘူး။
ဒါကြောင့်သေချာပေါက် ချပြဖို့လိုပါတယ်။ သူတစ်ပါးက ထောက်ပြတဲ့အခါ ရှက်စိတ်မဖြစ်ပါနဲ့။ဘာ့ကြောင့်လဲဆိုရင် လူတိုင်းဟာ တစ်ဦးနဲ့တစ်ဦး ရှုမြင်ပုံခြင်းမတူပါဘူး။ကိုယ်မမြင်တဲ့လိုအပ်ချက်ကို တခြားသူကမြင်နေတာမျိုးလည်းရှိတတ်ပါတယ်။များများ အဝေဖန်ခံပါ။ သူတစ်ပါးရဲ့ အမြင်ကိုတောင်းခံပါ။စုပါ၊တုပါ၊ပြုပါ။လက်ရာကောင်းတွေဖန်တီးပါ။
အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းသဘောတရားတွေဟာ စာရေးသူauthorတွေအတွက်သာမဟုတ်ဘဲ အရေးအသားကိုစတင်လေ့လာနေကြတဲ့
ကျောင်းသားလူငယ်များအတွက်ပါ ရည်ညွှန်းပါတယ်ရှင့်။
အရေးအသားတိုးတက်ကောင်းမွန်ကြပါစေနော်။
-------------------------------------------------
ဒါဆို ဒီစာကိုရေးနေတဲ့ author Leoကရော
ဘာကောင်ကြီးမို့ ဒါတွေကို ပြောနေရတာလဲလို့ မေးလာခဲ့ရင်
"Leoဟာလည်း တော်လွန်းတတ်လွန်းလို့ပြောနေတာမဟုတ်သလို၊စာဖတ်သူတွေအပေါ်ဆရာလုပ်နေတာမျိုးလည်းမဟုတ်ရပါဘူးရှင့်။ရေးတုန်း၊ဖတ်တုန်း၊လေ့လာတုန်းပါပဲ။Leoစာရေးခဲ့တဲ့ကာလတစ်လျှောက် သိမှတ်ခဲ့ရတဲ့ အတွေ့အကြုံကို ကိုယ်ပိုင်အမြင်နဲ့ စာဖတ်သူတွေထံ ဝေမျှပေးခြင်းသာဖြစ်ပါတယ်"
လို့ဖြေပါရစေရှင့်။စာဖတ်သူအားလုံးအတွက်အကျိုးတစ်စုံတစ်ရာကျန်နေခဲ့လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
အဆုံးထိဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အားလုံးကိုအစဥ်လေးစားလျက်... Leo Nann
Keep Reading