Author's Profile Photo

မော်ဂန်

5/02/2025

ပထမဆုံး ချစ်မိသော ခံစားချက်များ

1 min read
General Knowledge
Art
18 Again
ပထမဆုံး ချစ်မိသော ခံစားချက်များ's photo

ဘယ်သူမဆို တစ်သက်တာမှာ အချစ်ဆိုတာကို ပထမဆုံးအကြိမ် ခံစားမိတဲ့အချိန် ရှိစမြဲပါ။ စာမေးပွဲအောင်တာထက်၊ အလုပ်ရတာထက်၊ ဆုရတာထက်တောင် ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်မျိုးပါ။ ရုတ်တရက်ဆိုသလို ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရပါတယ်။ အရင်တုန်းက ရိုးရိုးလေးပဲ ထင်ခဲ့တဲ့ နေထွက်ချိန်တွေ၊ နေဝင်ချိန်တွေ၊ မိုးရွာသံလေးတွေက တစ်မျိုးလှပနေသလို ခံစားလာရပါတယ်။

ဒီလိုခံစားရတဲ့အခါ မိမိကိုယ်တိုင်လည်း ပြောင်းလဲလာပါတယ်။ အစားအသောက်တွေ ပျက်လာတယ်။ အိပ်လို့မပျော်တဲ့ညတွေ များလာတယ်။ အဆင်မပြေတာလေးတွေတောင် ပျော်စရာလို့ ထင်လာတယ်။ ဘာလို့ဒီလိုဖြစ်နေမှန်းတောင် သေချာမသိသေးပါဘူး။ သိတာက သူ့ကိုမြင်ရင် ရင်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ သူ့အသံကြားရင် နှလုံးသားလေး တဒိန်းဒိန်းခုန်လာတယ်။ သူ့နာမည်ကို ကြားရုံနဲ့တောင် မျက်နှာပူလာတယ်။

မြင်ဖူး၊ တွေ့ဖူး၊ စကားပြောဖူးတဲ့ ရိုးရိုးလူတစ်ယောက်က ရုတ်တရက် အထူးဆုံးလူတစ်ယောက် ဖြစ်လာတယ်။ သူပြုံးတိုင်း လှတယ်။ သူ့လမ်းလျှောက်ဟန်က ချစ်စရာလေး။ သူပြောတဲ့ စကားတိုင်းက မှတ်သားလို့ကောင်းတယ်။ သူက ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးတွေ ပြောနေတာတောင် နားထောင်ရတာ မငြီးငွေ့ဘူး။ သူ့အကြောင်းလေးတွေကို ဘယ်လောက်ပဲ သိချင်နေပါစေ၊ တိုက်ရိုက်မေးဖို့က ရှက်နေမိတယ်။ အဲဒါကြောင့်
သူ့သူငယ်ချင်းတွေဆီကနေ သွယ်ဝိုက်ပြီး စုံစမ်းနေမိတယ်။

မမျှော်လင့်ဘဲ လမ်းမှာ ဆုံမိရင် စကားပြောဖို့ အခွင့်အရေးရတာပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ ပြောချင်တဲ့စကားတွေက အကုန်ပျောက်သွားတယ်။ စကားလုံးတွေက ရောနေတယ်။ မျက်နှာတွေက ပူလာတယ်။ လက်တွေက တုန်လာတယ်။ နောက်ပိုင်း အိမ်ပြန်ရောက်မှ "ဟာ... ဒါကို ဒီလိုပြောရင် ကောင်းမှာ" ဆိုပြီး တွေးမိတော့တယ်။ 

သူ့ Facebook status လေးတွေကို refresh လုပ်လုပ်ပြီး စောင့်ကြည့်နေမိတယ်။ သူ share လိုက်တဲ့ သီချင်းတွေကို နားထောင်ပြီး အဓိပ္ပါယ်ရှာနေမိတယ်။ ညဘက်အိပ်ယာဝင်တိုင်း သူ့အကြောင်းတွေးပြီး အိပ်ပျော်သွားမိတယ်။ မနက်အိပ်ရာနိုးတာနဲ့ သူ့အကြောင်းက ပထမဆုံး သတိရမိတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းနေရတာ အဓိပ္ပါယ်ရှိနေသလိုပဲ။

သူ့အပေါ် ဘယ်လိုခံစားမိလဲဆိုတာ သူ သိပါစေလို့ ဆုတောင်းမိသလို၊ တစ်ခါတစ်ရံကျတော့လည်း ဘယ်တော့မှ မသိစေချင်ဘူးလို့ တွေးမိပြန်တယ်။ အချစ်ဆိုတာ ဒီလိုပဲလား။ ဒါမှ အချစ်စစ်လား။ တွေးလေ ရှုပ်ထွေးလေပါပဲ။ ဒါပေမယ့် ဒီခံစားချက်တွေက မထူးဆန်းပါဘူး။ လူတိုင်းလူတိုင်း ပထမဆုံးအချစ်မှာ ဒီလိုပဲ ခံစားကြရတာပါ။

ဒီလိုခံစားချက်တွေဟာ တစ်နေ့မှာ ပြောင်းလဲသွားနိုင်ပါတယ်။ အချစ်က အောင်မြင်ချမ်းသာသွားနိုင်သလို၊ ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံးအချစ်ရဲ့ ခံစားချက်တွေက တစ်သက်လုံး မမေ့နိုင်တဲ့ အမှတ်တရတွေအဖြစ် ကျန်ရစ်နေမှာပါ။ နှလုံးသားကို ခံစားတတ်အောင် သင်ပေးလိုက်တဲ့ အတွေ့အကြုံကောင်းတွေ ဖြစ်နေမှာပါ။


*******

ပျော်ရွှင်သာယာသောနေ့ရက်များကိုပိုင်ဆိုင်ကြပါစေ

ကျွန်တော်စာရေးသူ မော်ဂန်ပါ။

Telegram - moxgen_u

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတဇောက်ကန်းသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းညဘက်လက်သည်းမညှပ်ရခြင်းနှင့် ထူးခြားဆန်းပြားအကြောင်းအရင်းများစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း လိုတာထက် မပိုပါနဲ့စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀)