Author's Profile Photo

San G

4/02/2025

မလုပ်နဲ့

2 mins read
Personal Development
မလုပ်နဲ့'s photo

မိတ်ဆွေတို့ စိတ်လိုလက်ရမပါဘဲ လုပ်လိုက်ရတဲ့အလုပ်တွေ၊ စိတ်ထဲမရှိဘဲပြောလိုက်ရတဲ့ စကားတွေ ၊ အားနာနာနဲ့ပေးလိုက်ရတဲ့ ကတိစကားတွေ၊ မကောင်းတတ်လို့ လိုက်လျောပေးပြီး လုပ်ပေးလိုက်ရတဲ့အရာတွေကြောင့် တချိန်ချိန်မှာ ငါ အဲ့လိုတွေမလုပ်ပေးလိုက်ရရင်ကောင်းမယ်၊ ငါမပြောသင့်ခဲ့ဘူး ငါမပြောလိုက်ရင်ကောင်းမယ်ဆိုတဲ့ စကားတွေ၊ ငါကတိမပေးခဲ့ရင် ကောင်းသားဆိုတဲ့ ကတိစကားတွေ ‌၊ မလိုအပ်ပဲငွေဖြုန်းမိတာ‌ေတွ၊ ငါမလုပ်ပေးခဲ့မိရင် ကောင်းသားဆိုတဲ့ အရာတွေ မိမိစိတ်မှာဖြစ်ပေါ်လာပြီး စိတ်ဒုက္ခရောက်ရတတ်ပါတယ်။

အဲ့ဒီအချင်းအရာတွေကြောင့် စိတ်ညစ်ရပြီဆိုလျှင် မိတ်ဆွေတို့ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ မိတ်ဆွေများနဲ့ ဆက်ဆံရေးများမှာ တစ်စုံတစ်ရာ ပျက်ဆီးနိုင်ပါတယ်။

ထိုသို့မဖြစ်ရလေအောင်
၁။ မိတ်ဆွေစိတ်ထဲကမပါလျှင် မလုပ်ပါနဲ့ သေသေချာချာစဉ်းစားပါ ငါ ဘာအကြောင်းကြောင့် မလုပ်ချင်တာလဲ၊ ကိုယ့်အတွက် ရေရှည်မှာ ပြဿနာရှိနိုင်လား၊ မိမိအကျိုးစီးပွား ထိခိုက်နိုင်သလား တွေးတောပါ။
အားနာပြီး လုပ်ဆောင်ပေးလိုက်ကာမှ မိမိပါ ပြဿနာထဲပါနိုင်မို့လို့ပါ။မိတ်ဆွေ မလုပ်သင့်ဘူး၊ မလုပ်ချင်ဘူးထင်ရင် မလုပ်ပါနဲ့။ထို့ကြောင့် အားမနာနဲ့ ငြင်းပါ။

၂။ မိမိမလုပ်နိုင်ဘူးထင်လျှင် မလုပ်ပါနဲ့
တချို့အရာတွေမှာ မစူးစမ်းမလေ့လာဘဲ ငါလုပ်နိုင်ကောင်းပါရဲ့ဆိုပြီး စွန့်စား၍(ကံကိုယုံပြီး ဆူးပုံနင်းတာမျိုး) လုပ်လိုက်ပြီးမှ မှားယွင်းပြီး အလျော်အစားကြီးသွားတာမျိုး ဖြစ်တတ်ပါတယ်။ မလုပ်ခင် မိမိလုပ်မယ့် အလုပ်ရဲ့အတိမ်အနက်၊ ထိုအလုပ်အပေါ် မိမိရဲ့ကျွမ်းကျင်မှု၊ အောင်မြင်လာရင် ခံစားရမယ့်အရာတွေထက် ဆုံးရှုံးမှုဖြစ်လာရင် ငါဘယ်အတိုင်းအတာထိလောက်တော့ တောင့်ခံနိုင်တယ် ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်တာတွေကို ကြိုတင်တွက်ဆပြီး ကိုယ်မလုပ်နိုင်ဘူးထင်ရင် လုံးဝမလုပ်တာ အကောင်းဆုံးပါ။

၃။ စကားအကုန်ပြောတာမျိုး၊ စိတ်ဆိုးနေတဲ့အချိန် ဒေါသအလျောက်ပြောတာမျိုး လုံးဝမလုပ်ပါနဲ့
မိမိစိတ်ခံစားချက်က အမြဲတမ်း‌အပြောင်းအလဲဖြစ်နေတဲ့ အရာမို့ ဝမ်းသာပျော်ရွှင်နေတဲ့အချိန်မျိုးမှာ ငါလုပ်ပေးနိုင်ပါတယ်၊ ငါလုပ်ပေးမယ်စိတ်ချ စသဖြင့် တစ်ဖက်သားကို စကားကုန်နီးပါး ကတိပေး ပြောလေ့ရှိကြပါတယ်။ ထိုသို့ပြောပြီး မိမိစိတ်ပြန်လည်တည်ငြိမ်လာ၍ ပြန်လည်စဉ်းစားမိကာ အထက်က အချက်(၁)နဲ့(၂)လို စိတ်ထဲကမပါတော့လျှင်၊ မိမိမလုပ်ပေးနိုင်ခဲ့လျှင် အရင်ဆုံး စကားကျွံတယ်၊ ပေါင်းသင်းဆက်ဆံရေး ချို့ယွင်းပျက်ဆီးနိုင်ပါတယ်။မပေးနိုင်တဲ့ ကတိကိုမပေးပါနဲ့
စိတ်ဆိုးနေတဲ့အချိန်မှာလည်း ဒေါသအလျောက် စကားကြမ်းကြမ်းတွေ ၊ ရိုင်းစိုင်းစွာတုန့်ပြန်ပြောဆိုမိတာတွေက မိမိစိတ်ပြေသွားတဲ့အချိန်ကျ မိမိချစ်ရခင်ရသူတွေအပေါ် ဘာမှမဟုတ်တာလေးနဲ့ ငါ အဲ့ဒီလောက်ကြီး မပြောခဲ့သင့်ဘူး၊ ငါပြောမိတာမှားပြီဆိုပြီး နောင်တရရပါတယ်။ စိတ်ပျော်နေတဲ့အချိန်၊ ဒေါသထွက်စိတ်တိုနေတဲ့အချိန်၊ စိတ်လှုပ်ရှားနေတဲ့အချိန်အခါတွေမှာ မိမိစိတ်ကို တည်ငြိမ်လာအောင် ထိန်းချုပ်ဖို့ ကြိုးစားပါ ပြဿနာမှ တဒင်္ဂရှောင်ထွက်လာလိုက်ပါ စိတ်တည်ငြိမ်ပြီး ပုံမှန် အခြေအနေနီးပါးပြန်ဖြစ်မှ ပြေလည်အောင်ဖြေရှင်းပါ။(သူ့နေရာမှာ ငါသာလျှင်ဆိုတဲ့ ကိုယ်ချင်းစာကြည့်ပေးပါ)သူ့ဘက်က ဖြေရှင်းပြောဆိုတာကိုလည်း လက်ခံနားထောင်ပေးပါ။

၄။ မလိုအပ်ပဲငွေကို ဖြုန်းတီးမိတာတွေ မလုပ်ပါနဲ့
အသုံးနဲ့အဖြုန်းကို သေချာ ဆန်းစစ်ပါ။
Need and Wantလိုမျိုးပေါ့၊ မိမိမှာ တကယ်လိုအပ်နေတဲ့အရာမို့ ဝယ်လိုက်တာက ကိစ္စမရှိပေမယ့်၊ မရှိလဲရတယ် လိုချင်နေလို့ဝယ်လိုက်တာမျိုး မဖြစ်အောင် ဆန်းစစ်သင့်ပါတယ်။ စုဆောင်းတတ်တဲ့အလေ့အကျင့်လေးရှိအောင်လုပ်ဆောင်သင့်ပြီး စု‌ဆောင်းလို့ရလာတဲ့ ငွေတွေကိုလည်း အကျိုးရှိအောင်တိုးပွားလာအောင် လုပ်ဆောင်သင့်ပါတယ်။ ငွေမရှိလို့ ငါမလုပ်နိုင်ခဲ့ဘူးဆိုတဲ့နောင်တကလည်း ခံစားရဆိုးပါတယ်။

မိတ်ဆွေအနေနဲ့ မလုပ်ခင် ငါလုပ်မယ့်အရာက အကျိုးရှိရဲ့လား ငါလုပ်သင့်ရဲ့လား၊ ငါလုပ်နိုင်ရဲ့လား၊ ငါလုပ်နိုင်အောင် ငါ့မှာ ဘယ်လိုအရည်အချင်းမျိုးလိုအပ်နေသလဲ၊ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို ငါတာဝန်ယူနိုင်လား မိမိကိုယ်ကိုယ် သေချာဆန်းစစ်၍ပြန်မေးပြီးမှ လုပ်ဆောင်သင့်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်