Author's Profile Photo

သင်္ကေတ

26/01/2025

ဘယ်ဟာကို ရွေးချယ်ကြမလဲ။

3 mins read
Personal Development
General Knowledge
18 Again
ဘယ်ဟာကို ရွေးချယ်ကြမလဲ။'s photo

လူတိုင်း ပျော်ရွှင်ရတာကို ကြိုက်နှစ်သက်ကြတယ်။
အကောင်းဆုံးအရာတွေကို လိုချင်ကြတယ်။
သက်သောင့်သက်သာ နေရတာကို ကြိုက်ကြတယ်။ ‌
ဒီအချက်တွေက မြေကြီးလက်ခတ် မလွဲ မှန်ကန်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဒီအချက်တွေ တကယ်အလုပ်ဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ခေါင်းစဉ် မေးခွန်းလေးကို ကိုယ့်ကိုယ်ကိုယ် တစ်ခါလောက် မေးကြည့်ပေးပါ။
မေးတဲ့အခါ
တစ်ခဏတာနဲ့ တစ်ဘဝတာ ကို ထည့်မေးပါ။
"ငါ့ဘဝအတွက် တစ်ခဏတာ ရွေးချယ်မှာလား။"
"ငါ့ဘဝအတွက် တစ်ဘဝတာ ရွေးချယ်မှာလား။"
ဆိုပြီး ပါးစပ်ကနေ ပြောပြီး မေးကြည့်ပါ။မဟုတ်ရင် စာအုပ်ထဲမှာ ချပြီး ရေးကြည့်ပါ။
ဒါက အတွေးကို ပိုသက်ရောက်မှုရှိစေပါတယ်။

ဘာတွေ မေးရမှာလဲဆိုတော့ အချိန်တိုင်း ကိုယ်လုပ်နေတာတွေနဲ့ပတ်သက်ပြီး မေးရမှာပါ။ ဥပမာအနေနဲ့ အစားစားရင်၊ရေသောက်ရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် အဲ့လိုမေးပြီး စားသောက်ရင် ဗိုက်ဆာလို့ ဗိုက်ပြည့်အောင် စားတာ၊သောက်တာမျိုး မဟုတ်တော့ဘဲ ကိုယ့်ကျန်းမာရေးအတွက်ပါ ထည့်တွက် စားတတ်လာမှာပါ။

ကျွန်မတို့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ ဘဝတွေက မတူညီကြဘူး။ ထပ်တူညီအောင်လည်းလုပ်လို့မရဘူး။ ဘယ်သူနဲ့မှလည်း ယှဉ်ပြိုင်နေလို့ မရဘူး။

ကျွန်မတို့ တူညီတာဆိုလို့ တစ်နေ့တစ်နေ့ ပိုင်ဆိုင်ခွင့်ရတဲ့ ၂၄ နာရီအချိန် ပဲရှိတယ်။ ဆင်းရဲတဲ့လူပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့လူပဲဖြစ်ဖြစ် နေ့တိုင်း ၂၄ နာရီ မတိုး၊မလျော့၊မပို၊မလို ပိုင်ဆိုင်ကြတယ်။
ဒါကလည်း universal truth မှန်ကန်‌တဲ့ အချက်တစ်ခုဖြစ်တယ်။

တချို့သောလူတွေက အချိန်တွေပိုနေကြတယ်။
တချို့သောလူတွေက အချိန်တွေ မလောကဘဲ လိုနေကြတယ်။

ဘာကြောင့်လဲ။

အချိန်ပိုနေတဲ့သူတွေက လမ်းကြောင်းမှားနေတဲ့သူတွေပဲဖြစ်တယ်။ သူတို့က အချိန်ပို အားနေကြတဲ့အတွက် တခြားလူကို ယှဉ်ပြိုင်ဖို့ လိုက်ကြည့်နေချိန်ရှိတယ်။ တစ်နည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်လိုစိတ်အမြဲ ရှိနေသောလူတစ်ယောက်က သူ့မှာ အားလပ်ပြီး လုပ်စရာနည်းပါးနေတဲ့အတွက်ဖြစ်တယ်။

အချိန်မအားဘဲ တစ်ခုမဟုတ်တစ်ခု တွေးတော လုပ်နေတဲ့လူအတွက် အချိန်မပိုသလို လိုတောင် လိုနေပါဦးမယ်။

ထိုလူနှစ်ယောက်က အသက်တူနေရင်
တောင် အချိန်တစ်ခုရောက်ရင် ဘဝတွေက ကွာခြားသွားမှာပါ။

ကျွန်မတို့ဆီမှာ အ‌ဆိုးချည်းတွေပဲ ကြုံနေရတာ မဟုတ်သလို အကောင်းချည်းတွေပဲ ကြုံနေရတာမဟုတ်ပါဘူး။ တလှည့်စီ နိမ့်ချီ မြင့်ချီ ဖြစ်နေတာပါ။ ဘဝကြီးက ကောင်းနေချိန်မှာ လူတချို့က အေးအေးလူလူ နေတတ်ကြတယ်။ "ဘဝကြီးက သာယာလိုက်တာ" ဆိုပြီး ကိုယ့်ဘဝ အနာဂတ် ရှေ့ရေးကို ကြိုမတွေး ကြိုမပြင်ဆင်ဘဲ ပျော်ရွှင်နေတတ်ကြတယ်။ ပျော်ရွှင်ရတဲ့အချိန်လည်း ပြည့်သွားရော သူတို့အတွက် ဘာမှမကျန်ခဲ့ကြတော့ဘူး ဖြစ်သွားကြတယ်။

ဒါကို ကျွန်မ ကြားဖူးတဲ့ ဥပမာလေးနဲ့ မြင်သာအောင် ပြောပြပေးချင်ပါတယ်။

ဟိုး...တစ်ခါတုန်းက ကြွက်လေးတစ်ကောင် အစာရှာဖွေရင်း ဆန်အိုးထဲရောက်သွားပါတယ်။ဆန်အိုးကလည်း ဆန်တွေပြည့်နေ‌တော့ ကြွက်ကလေး ပျော်တာပေါ့။သူ့အတွက် တစ်သက်တာ စားလို့မကုန်တဲ့ ဆန်တွေရပြီ ဆိုပြီး ဆန်အိုးထဲမှာပဲ စားပြီး နေနေတယ်တဲ့။ဒီလိုနဲ့ နှစ်အတော်ကြာလာတဲ့အခါ ကြွက်ကလေးက ဆန်အိုးရဲ့ တစ်ဝက်လောက်ရောက်ပြီး ဆန်တွေကလည်း လျော့လာတယ်။ ကြွက်ကလေးက ဒါကို သတိမမူမိသေးဘဲ စားလိုက်၊အိပ်လိုက်နဲ့ပဲ ဆက်နေနေတယ်။ ထပ်ပြီး နောက်နှစ်တွေကြာ‌လာတော့ ကြွက်ကလေးက ဆန်အိုးရဲ့ အထဲထဲကို ရောက်သွားရော။ သူ့ရဲ့စားစရာဆန်တွေကလည်း တဖြည်းဖြည်းလည်း လျော့လာတယ်။ အဲ့အချိန် သူ အပေါ်ကိုပြန်ထွက်ဖို့ ကြိုးစားတယ်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားမှုလည်း မရှိတဲ့အတွက် အဝလွန်ပြီး အပေါ်ပြန်မတက်နိုင်တော့ဘဲ ဖြစ်သွားတယ်။ နောက်ဆုံးမှာတော့ ကြွက်ကလေး ဆန်အိုးထဲမှာပဲ အစာငတ်ပြီး သေဆုံးသွားရတော့တယ်။...

ပုံပြင်လေးက ဘာပြောချင်တာလဲဆိုတော့ ကျွန်မတို့ မြင်‌နေကြ၊ ကြားနေကြ စကား‌လုံးလေးတစ်ခုနဲ့တူပါတယ်။ အဲ့တာက comfort zone ပါ။ ကြွက်ကလေးက သူအစာတွေရပြီးဆိုပြီး ဆန်အိုးထဲမှာပဲ ဆင်ခြင်တုံတရားမဲ့စွာ သက်သက်သာသာ နေလိုက်တဲ့အတွက် အသက်ဆုံးရှုံးသွားရတယ်။

ကျွန်မတို့လည်း ဒီပုံပြင်လေးကို နမူနာယူပြီး ဆန်အိုးထဲက ကြွက်လေးတွေ မဖြစ်အောင် နေထိုင်သင့်ပါတယ်။ ကြွက်ဆိုတာ အသိဉာဏ်မရှိတဲ့ သတ္တဝါတစ်ကောင်ပါ။ ကျွန်မတို့ လူတွေက အသိဉာဏ်ရှိပြီး တွေးတော ခံစားတတ်တဲ့ သတ္တဝါတွေပါ။

"ဘဝကြီးက သာယာနေသလား" သာယာနေပါစေ။ ကျွန်မတို့အတွက် အကျိုးရှိတာတွေကို များများလုပ်လိုက်ပါ။

"ဘဝကြီးက ခေပြီးဆိုးရွားနေသလား" ဆိုးရွားနေပါစေ။ ကျွန်မတို့အတွက် အကျိုးရှိတာတွေကို များများပိုလုပ်လိုက်ပါ။

ဘဝကြီးက သာယာနေတဲ့အချိန် ကိုယ်ပါလိုက်သာယာနေရင်တော့ ခဏတာ ပျော်ရွှင်မှုကို ရွေးချယ်လိုက်တာပဲ။ ဒါဆို ကိုယ့်ဘဝကြီးမှာ အမြဲတမ်း ပျော်ရွှင်မှုကို ရလာမှာမဟုတ်တော့ဘူး။

ကိုယ်က အနည်းငယ် လိုက်တော့ သာယာပါရဲ့။ ကိုယ့်ဘဝအတွက် လိုအပ်တာတွေပါ ဖြည့်ဆည်းပြီးနေရင်တော့ အမြဲတမ်း ပျော်ရွှင်မှုကို ရလာမှာပါ။

ဒါကြောင့် ရိုးရိုးရှင်းရှင်း ကိုယ့်ကိုယ်ကိုယ်
အမြဲတမ်း ဖြစ်အောင်နေမလား။
ခဏတစ်ဖြုတ်ပဲ ဖြစ်အောင် နေမလား။
မေးနေပါ။
Comfort zone ထဲမှာ နေ‌မနေပါနဲ့။ ရုန်းထွက်ပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲအားမနေအောင်ထားပါ။

ကျွန်မတို့ရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တွေ အားလုံးက ကျွန်မတို့ရဲ့ ဘဝအတွက် အပြောင်းအလဲတွေ ဖြစ်စေပါတယ်။ ဘဝကြီးကလုပ်ဆောင်မှုတွေနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ အချိန်ကလည်း ထို့အတူပါပဲ။

Action=Time=Life လို့ ထုတ်ဖော်လိုက်ချင်ပါတယ်။

ဆိုတော့ ကျွန်မတို့ ဘဝထဲမှာ ကြုံလာသမျှအရာတွေကို ရင်ဆိုင်ရင်း ငါအခု လုပ်နေတဲ့ဟာတွေက ငါ့ဘဝအတွက် တစ်ခဏတာပျော်ရွှင်စေတဲ့အရာလား။ ငါ့ဘဝအတွက် တစ်သက်တာပျော်ရွှင်‌စေတဲ့အရာဖြစ်မှာလား ဆန်းစစ်နေပြီး လုပ်ဆောင်ပါ။ ဒါဆို ကိုယ်ရဲ့ လုပ်ဆောင်မှုတိုင်းမှာ ပုံမှန်လုပ်တာထက် အားပါပြီး အကျိုးရှိနေမှာပါ။
Motivation အပြည့်ရှိနေမှ ထလုပ်မယ်ဆိုတာမျိုး၊ စိတ်ဓာတ်တွေကျနေတာမျိုးတွေလည်း ပျောက်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာကို ဆက်လုပ်ပါ။ ကိုယ်က ရပ်‌နေပေမဲ့ အချိန်က ရပ်နေတာမဟုတ်ပါဘူး။ Motivation မရှိနေရင်တောင် လုပ်ရင်းနဲ့ motivation ရလာမှာပါ။ Consistency လည်း အားကောင်းလာမှာပါ။ နေ့စဉ် နည်းနည်း နဲ့ ပုံမှန်လုပ်သွားတာ ပိုခရီးရောက်ပါတယ်။ ယုန်နဲ့လိပ် ပုံပြင်ထဲက ယုန်လေးလို အိပ်ပြီးနားမနေဘဲ လိပ်လေးလို slow and steady လေး မိမိဘဝရဲ့ milestones တွေကို တည်ဆောက်သွားကြရပါမယ်။

စာဖတ်သူများအားလုံး တစ်ဘဝတာ အတွက် ဆုံးဖြတ်ချက်ကောင်းများကို ချမှတ်နိုင်ကြပါစေ။ ဘဝမေးခွန်းတွေ ‌များများမေးပြီး အဖြေတွေ မြန်မြန်ရှာတွေ့ကြပါစေ။ ရွေးချယ်မှု မှန်ကန်ကြပါစေ ဟု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

စာဖတ်သူများအား ထာဝစဉ် လေးစားလျက်....


My Own Telegram Channel

  • https://t.me/My_Collections_Channel


YouTube Channel

  • https://openinyoutube.com/@MayPhyoeAung24?si=s4PwS83NZjfqle4u


လိုအပ်ချက်များ ထောက်ပြ အကြံပြုလိုပါက




Telegram Account username မှတစ်ဆင့် ပြောပြနိုင်ပါတယ်ရှင့်။
Feedback များကို အမြဲစောင့်မျှော်လျက်

သင်္ကေတ
၂၅.၁.၂၀၂၅(စနေနေ့)
ညနေ ၄နာရီ ၂၀မိနစ်

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အချိန်ဆွဲတာကိုကုစားမယ်