ညဉ့်ယံထက်[ Nyint Yan Htet ]
"မေကြီး..."
နန်းစံရဲ့အသံကြားတာနဲ့ ချက်ချင်းဘဲ စိုက်ကြည့်နေရာကနေ အကြည့်လွှဲသွားတဲ့ မေကြီးကြောင့် လက်ထဲမှာကိုင်ထားတဲ့ ဟင်းရည်ချိုင့်လေးကို တံခါးနားက ခုံပုလေးပေါ်တင်လိုက်ကာ ဝါးကြမ်းခင်းတွေပေါ် အသံကျယ်ကျယ်မမြည်အောင် ဖြည်းဖြည်းချင်းနင်းပြီး မေကြီးနားသွားလိုက်တယ်...
"မေကြီး..."
နန်းစံ အနားရောက်တာနဲ့ မေကြီးရဲ့လက်မောင်းလေးကိုအသာကိုင်ကာ မေကြီးကိုထပ်ခေါ်ကြည့်ပေမယ့် သူ့ကိုမကြည့်တဲ့မေကြီးကြောင့် ဖွားဖွားရင်ကိုသာ အားကိုးတကြီးကြည့်မိတယ်...
"ကျုပ်ကို လာကြည့်မနေနဲ့ မိနန်းစံ။ ကျုပ်ကတော့ အမြင်မတော်တာတွေ့ရင် ဒေါ်တုတ်ကိုလာတိုင်မှာပဲ..."
နန်းစံ ဖွားဖွားရင်ရဲ့စကားကြောင့် မေကြီးက ကြီးကြီးကိုကူတဲ့ကိစ္စကိုသိပြီး စိတ်ဆိုးသွားတယ်ဆိုတာ သေချာသွားတော့တယ်...
"နန်းစံကို ကြီးကြီးက အကူအညီတောင်းလို့ ကူညီပေးတာပါ..."
"အမလေးတော် အကူအညီတောင်းတာလား၊ ခိုင်းစားနေတာလားဆိုတာ ခြံရှေ့က ဖြတ်သွားတဲ့ ငါတောင်သိတယ်..."
နန်းစံ မဲ့ကာရွဲ့ကာ မကျေမနပ်ပြောနေတဲ့ ဖွာဖွားရင်ရဲ့စကားတွေကို ဘယ်လိုပြန်ချေပရမလဲတောင် မသိတော့ဘူး။ ဘာလို့ဆို ဖွားဖွားရင်ပြောတာ မှန်နေတာပဲလေ...
"ဖွားဖွားရင်..."
နန်းစံ မေကြီးနားကသွားပြီး ဖွားဖွားရင်ရဲ့လက်ကိုဆွဲကာ အကူအညီတောင်းတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လိုက်တယ်။ ခုလိုအခြေအနေဖြစ်တိုင်း ဖွားဖွားရင်တိုင်လို့ဖြစ်တာချည်းပဲ။ ဒါပေမယ့် ဒီအခြေအနေကို ပြန်ဖြေရှင်းနိုင်တာကလည်း ဖွားဖွားရင်ပဲမဟုတ်လား...
"ရုပ်ကိုက..."
ဒေါ်ရင်အေး သူ့ရှေ့မျက်နှာငယ်လေးလာလုပ်ပြနေတဲ့ နန်းစံကြောင့် စိတ်ဆိုးနေတာတောင်မှ သနားစိတ်ဝင်ပြီး တိုင်မိတာအတွက်စိတ်မလုံတော့သလိုပဲ...
"ကဲကဲ ဒေါ်တုတ်...ညည်းမြေးမရုပ်လည်းကြည့်ဦး။ ရုပ်ကိုက ငိုမဲ့မဲ့နဲ့။ ကလေးကို နောက်တစ်ခါအဲ့လိုမလုပ်ဖို့ ကျုပ်ပြောလိုက်ပါ့မယ်အေ။ စိတ်ဆိုးမနေနဲ့..."
ဒေါ်တုတ် သူငယ်ချင်းဖြစ်သူရဲ့အသံကိုကြားနေရပေမယ့် လျစ်လျှူရှုကာ တစ်ဖက်ကိုပဲ ကြည့်နေလိုက်တယ်...
"မေကြီး..."
ဒေါ်တုတ် မျက်နှာလွှဲထားပေမယ့် သူ့လက်ကိုအတင်းလှုပ်ကာ ငိုတော့မယ့်အသံနဲ့ ပြောနေတဲ့မြေးမကြောင့် သူလည်းကြာကြာစိတ်မဆိုးရက်ရှာပါဘူးလေ။ ဒီကလေးမလေးမှာ အားကိုးစရာဆိုလို့ သူပဲရှိတာမဟုတ်လား။ သူ့ရှေ့မှာ ငိုတာ မကြည့်ရက်ပါဘူးတော်...
"ဒါ...နောက်ဆုံး...ပဲ..."
နန်းစံ စိတ်ဆိုးနေတဲ့မေကြီးကြောင့် မျက်ရည်ကျတော့မလို့ရှိသေး သူ့ကိုစကားပြန်ပြောလာတဲ့ မေကြီးကြောင့် စိတ်ဆိုးပြေသွားပြီဆိုတာ သိလိုက်တော့တယ်...
"ဟုတ် မေကြီး။ နန်းစံ နောက်တစ်ခါ အဲ့လိုမလုပ်တော့ဘူးလို့ ကတိပေးပါတယ်။ စိတ်မဆိုးပါနဲ့တော့နော်..."
"ထမင်း...စားမယ်..."
"ဟုတ် ဟုတ် မေကြီး..."
နန်းစံ ထမင်းစားမယ်လို့ပြောလာတဲ့မေကြီးကြောင့် ဝမ်းပမ်းတသာပဲ အိမ်တံခါးဘေးက ခုံပုပေါ်မှာတင်ထားတဲ့ ထမင်းအိုးထဲက ထမင်းကိုအမြန်ဆုံးခူးခပ်ဖို့ပြင်လိုက်တယ်...
"အမလေးတော် မြေးအဖွားနှစ်ယောက် စိတ်ဆိုးလည်းပြေသွားရော ကျုပ်ဒီအဖွားကြီးကို အရေးတောင်မလုပ်တော့ဘူး..."
"မဟုတ်ပါဘူး ဖွားဖွားရင်ရယ်။ အတူစားပြီးမှ ပြန်ပါ။ နန်းစံလိုက်ပို့ပေးမယ်..."
"မပြန်တော့ဘူးတော်။ မှောင်နေပြီ။ ကျုပ်ဒီနေ့ဒီမှာအိပ်သွားတော့မယ်..."
"ပိုကောင်းတာပေါ့ ဖွားရင်ရဲ့။ မေကြီးက တစ်ယောက်ထဲပျင်းနေတာ..."
လူစုံတက်စုံနဲ့ ထမင်းတွေခူးခပ်ကာ ပျော်ပျော်ရွှင်ရွှင် လက်စုံစားသောက်နေတဲ့ ထိုညစာလေး။ ထိုကဲ့သို့ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့ အသိုက်အအုံငယ်လေးဆီကို နောက်ဆိုက်ရောက်လာတော့မယ့် ကံကြမ္မာကရော ဒီနေ့လိုပျော်ရွှင်မှုတွေ ယူဆောင်လာမှာတဲ့လား...
__________
"မုန့်ဦးနှောက်~~~မုန့်ဦးနှောက်~~~"
"ဟဲ့ မိနန်း..."
နန်းစံ လက်ကျန်မုန့်ဦးနှောက်အနည်းငယ်ကို ရွာထဲပတ်ရောင်းနေတုန်း သူကြီးရဲ့တူမဖြစ်သူ မမိုးရဲ့ ခေါ်သံကြောင့် ချက်ချင်းပဲ ထိုတစ်ယောက်ဆီကို အမြန်သွားလိုက်တယ်...
"မမိုး မုန့်ဦးနှောက်ယူမလို့လား..."
"အေး တစ်ခုပဲ မိနန်း။ညည်း ဒီနေ့ကျောင်းမှာမုန့်မကုန်ခဲ့ဘူးလား။ အရင်နေ့တွေဆို ဒီအချိန် ကျုပ်စားဖို့ခေါ်တိုင်း ကုန်ပြီဆိုတာချည်းပဲ..."
"ဟုတ်တယ် မမိုး။ ဒီနေ့ရွာကျောင်းမှာ ကာကွယ်ဆေးလာထိုးသွားတယ်ဆိုလားပဲ။ စောဆင်းသွားတာတဲ့။ နန်းစံတောင် ကျောင်းရှေ့ရောက်တော့မှ အဲ့ကိစ္စသိတာ။ ဒါတောင် သန့်ရှင်းရေးအလှည့်ကျတဲ့ ကလေးတွေကျန်ခဲ့လို့။ နမို့ဆို ငုတ်တုတ်မေ့မှာ..."
"တော်သေးတာပေါ့အေ။ ဒါနဲ့ ကျုပ်တောင် ကာကွယ်ဆေးလာထိုးတာ မသိလိုက်ရပါလား။ ထားပါတော့။ ကျုပ်မှာမေးစရာရှိတယ်တော့..."
"မေးစရာ..."
နန်းစံ မမိုးရဲ့စကားကြောင့် ကြောင်သွားတော့တယ်။ သူ့လိုလူက ပြောပြနိုင်တာဆိုလို့ မုန့်ဦးနှောက်ကျိုနည်းပဲရှိတာကို...
"ညည်း မြို့သားလေးကို မြင်ပြီးပြီလား..."
"မြို့သား..."
နန်းစံ မမိုးရဲ့စကားကြောင့် ဘယ်သူ့ကိုပြောနေသလဲဆိုတာ စဉ်းစားနေမိတယ် ..
"မမိုးက ဘယ်သူ့ကိုပြောနေတာလဲ။ သူကြီးအိမ်မှာ မြို့ကဧည့်သည်ရောက်နေလို့လား..."
"ဟယ် မိနန်း...နင့်အဒေါ်အိမ်မှာလေဟယ်..."
"ကြီးကြီးအိမ်...အော်...ကိုကြီးရဲ့သူငယ်ချင်းကို ပြောတာလား..."
နန်းစံ ခုမှပဲ မမိုးပြောတဲ့သူကို သတိထားမိတော့တယ်။ ကြီးကြီးတို့အိမ်ကဆိုရင်တော့ ဟိုနေ့ကသူတောင်ဧည့်သည်အတွက် ဟင်းချက်ပေးခဲ့ရတာမဟုတ်လား...
"ဟုတ်တယ်လေဟယ်။ ချောချက်ကအေ ရုပ်ရှင်ထဲကလိုပဲ ဖြူဖြူချောချောလေး။ နုဖက်နေတာပဲတော်..."
"မသိဘူး မမိုး။ နန်းစံ မတွေ့ဘူး..."
"နင်ဟာလေ သိတာဘာမှမရှိဘူး။ ရွာထဲမှာ ဘာဖြစ်နေလဲဆိုတာလည်း လေ့လာပါဦးတော်။ အဲ့တောင်းရယ်၊ ညည်းအဖွားဒေါ်တုတ်ရယ်နဲ့ပဲ အချိန်ကုန်မနေနဲ့။ တစ်သက်လုံးလင်မရဘဲ အထီးကျန်နေဦးမယ်..."
"နန်းစံ ငယ်ပါသေးတယ် မမိုးရယ်။ အဲ့အကြောင်းတွေမတွေးမိပါဘူး..."
နန်းစံ မမိုးရဲ့စကားကို အလျင်အမြန်ဘဲ ခေါင်းကိုတွင်တွင်ခါကာ ငြင်းမိတယ်။ နန်းစံရဲ့အသက်က ခုမှဆယ့်ငါးတောင်ပြည့်သေးတာမဟုတ်ဘူးလေ။ နန်းစံကိုမွေးတုန်းကဆို နန်းစံရဲ့မေမေက ဆယ့်ငါးနှစ်ကျော်ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူးတဲ့။ အဲ့တာကြောင့်လည်း ရွာထဲမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားတာ။ ခုထိလည်းအချို့ဆို နန်းစံကိုမျက်စိထောက်ထောက်ကြည့်ပြီး အမေလမ်းစဉ်လိုက်မယ့်ဟာမလို့ သမုတ်နေကြတုန်းပဲ။ နန်းစံအဲ့လိုစကားသံတွေကို ငယ်ငယ်ကတည်းကကြားရလို့နားရည်ဝနေတာကြောင့် နန်းစံကိုယ်နန်းစံပိုပြီးထိန်းထိန်းသိမ်းသိမ်းနေမိတယ်။ နန်းစံ မေမေ့လိုမဖြစ်ချင်ဘူး။ တစ်နေ့ နန်းစံမှာသာ ကလေးရှိလာခဲ့ရင် အဖေဘယ်သူမှန်းမသိသလို အမေကိုလည်းသိသာသိမမြင်ဖူးတဲ့အဖြစ်မျိုးမဖြစ်စေချင်တာတော့အမှန်ပဲ...
"ဟဲ့ နန်းစံ...ရော့ ငါးဆယ်။ ဘာတွေအတွေးလွန်နေတာလဲ..."
"မဟုတ်ပါဘူး မမိုးရယ်။ ဒီတိုင်းပါပဲ။ ဘာရယ်မဟုတ်ပါဘူး..."
"အေးပါ။ အေးပါ။ ပိုက်ဆံထည့်ဖို့ အိတ်လေးဘာလေး လွယ်ပါလား..."
"မလိုပါဘူး မမိုးရယ်။ နန်းစံ ထမိန်ထဲထည့်လိပ်တာ အကျင့်ပါနေပြီရယ်။ မေကြီးလည်း အဲ့လိုပဲလေ..."
"ညည်းမလည်း အဖွားကြီးလေးကြလို့အေ..."
နန်းစံ မမိုးရဲ့စကားကြောင့် ပြုံးမိတယ်။ ဟုတ်တာပေါ့။ သူက အဖွားကြီးလိုကိုဖြစ်နေပြီ...
"သွားပြီ မမိုး..."
"အေး...အေး...ဂရုစိုက်။ ရောင်းမကုန်လို့ဆိုပြီး နေဝင်ရီသရောထိ ရောင်းမနေနဲ့နော်..."
"စိတ်ချပါ။ မမိုးရဲ့..."
နန်းစံ မမိုးပေးတဲ့ငါးဆယ်တန်လေးကို အခြားပိုက်ဆံတွေနဲ့အတူ ထမိန်အနားထဲမှာထည့်လိပ်ပြီးတာနဲ့ မမိုးရဲ့အကူနဲ့ ဈေးတောင်းကိုခေါင်းပေါ်ရွက်ကာ ကျန်နေသေးတဲ့ မုန့်ဦးနှောက်အချို့ကို ဆက်ရောင်းဖို့လုပ်လိုက်တယ်...
"မုန့်ဦးနှောက်~~~စားကြဦးမလား~~~မုန့်ဦးနှောက်~~~"
-
-
-
"ကိုး၊တစ်ဆယ်၊ဆယ့်တစ်....ဟာ...."
နန်းစံ အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက် တောင်းကိုပိုက်ကာ တောင်းထဲမှာ ကျန်နေသေးတဲ့ မုန့်ဦးနှောက်အရည်အတွက်ကို ရည်ကြည့်နေမိတယ်။ ခုရည်တွက်ကြည့်ရသလောက်ဆိုရင်တောင် ဆယ့်တစ်ခုကျန်နေသေးတဲ့အပြင် မရည်ရသေးတဲ့အရေအတွက်အချို့ပါကျန်နေသေးတာမို့ နန်းစံသက်ပြင်းသာချမိတယ်...
"ဒီနေ့တော့ အမြတ်မရတဲ့အပြင် အရင်းကျေဖို့တောင် မလွယ်တော့ပါလား...."
နန်းစံ စိတ်ပျက်လက်ပျက်သက်ပျင်းချပြီး တောင်းကိုပြန်ရွက်ကာ အိမ်သို့သာ ခပ်သုတ်သုတ်ပြန်မလို့ ပြင်လိုက်ပေမယ့် နှာခေါင်းထဲကို တိုးဝှေ့ကာ ဝင်လာတဲ့ရနံ့သင်းသင်း...
"မဟုတ်မှလွဲ..."
နန်းစံ ထိုရနံ့သင်းသင်းကိုရလိုက်တာနဲ့ အိမ်သို့ပြန်ရမယ့် ခြေလှမ်းတွေကို အိမ်နဲ့ဆန့်ချင်ဘက်အရပ်သို့ လှမ်းစေလိုက်တယ်။ ကျန်တာတော့ သူသည်းခံနိုင်ပေမယ့် ဒီရနံ့ကတော့...
နန်းစံ တောင်းကိုရွက်ကာရနံ့လာရာ မလှမ်းမကမ်းကရွာထိပ်ကို အပြေးသွားလိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက တကယ်ကိုကျေနပ်စရာပင်...
ထိုမြင်ကွင်းကတော့ ပုစွန်ဆီရောင်သန်းနေတဲ့ နေဝင်ခါစချိန်ကောင်းကင်ကြီးနဲ့အပြိုင် လှပတင့်တယ်စွာတည်ရှိနေတဲ့ ရွာထိပ်က ခရေပင်ကြီး...
ထိုခရေပင်းကြီးရဲ့ အကိုင်းအခက်တွေမှာတော့ နန်းစံအရမ်းကို သဘောကျရတဲ့ ခရေပန်းပွင့်လေးတွေ...
"ဟယ်...တကယ်ခရေတွေ ပွင့်နေတာပဲ..."
နန်းစံ ခရေပန်းတွေ အပြည့်ပွင့်နေတဲ့ ရွာထိပ်ကခရေပင်ကြီးကို မြင်လိုက်တာနဲ့ ကျန်နေတဲ့ မုန့်ဦးနှောက်တွေအကြောင်းတောင်မတွေးနိုင်တော့ဘဲ တောင်းကိုချ၊ ခေါင်းခုပုဆိုးကိုချက်ချင်းဖြည်ကာ ခရေပင်ကြီးဆီပြေးသွားလိုက်တယ်...
"မွှေးလိုက်တာ..."
နန်းစံ ခရေပင်ကြီးဆီရောက်တာနဲ့ ချက်ချင်းပဲ ပုဆိုးကို မြေပေါ်ချခင်းလိုက်ပြီး အပင်အောက်မှာကြွေကျနေတဲ့ ပန်းပွင့်လေးတွေကို ပုဆိုးထဲကောက်ကာ ထည့်လိုက်တယ်။ သဘောကျလွန်းလို့မွှေးကြည့်ချင်ပေမယ့် မေကြီးက ပန်းတွေကို ဘုရားမကပ်ခင် မမွှေးကြည့်ရဘူးဆိုလို့ နန်းစံလည်း နှာခေါင်းနားထိကပ်ပြီးတော့ မမွှေးကြည့်မိအောင် စိတ်ကိုထိန်းနေရတယ်။ ဒီနေ့မုန့်ရောင်းမကောင်းလို့ ဝမ်းနည်းနေပေမယ့် ကံကြမ္မာက မျက်နှာသာပေးပြီး ခရေပွင့်လေးတွေကို အချိန်ကိုက်ပဲ သူ့ဆီပို့ပေးလိုက်ပြန်ပြီ။ ဒီလတွေထဲတော့ အရင်းမလိုဘဲ အပိုဝင်ငွေတွေရတော့မှာပါလားနော်...
နန်းစံ ပုဆိုးပေါ်ကို ကြွေကြနေတဲ့ခရေပွင့်တွေကောက်တင်ကာ ပြုံးပျော်နေမိတယ်။ သူမထင်ထားလောက်အောင်ကို အပွင့်တွေများတာမို့ ဒီတစ်ခါတော့ ဘုရားလည်းတင်မယ်။ သီပြီးလည်း အပိုဝင်ငွေရအောင် ရောင်းမယ်။ ခေါင်းမှာလည်းပန်မယ်။ အဓိကကတော့ ခရေခြောက်လှမ်းပြီး သနပ်ခါးသွေးတဲ့အခါတိုင်းထည့်သွေးလိမ်းပစ်ဦးမယ်။ အဲ့ကြမှ မျက်နှာလေးက ခရေနံ့သင်းနေမှာလေ...
နန်းစံ ကိုယ့်အတွေးနဲ့ကိုယ်အတော်ပျော်နေတာမို့ ခရေပန်းတွေကို ခပ်သွက်သွက်လေးကောက်လိုက်တယ်။ မြန်မြန်ကောက်မှလေ။ တော်ကြာ နေဝင်သွားရင် မေကြီးစိတ်ပူနေလောက်တယ်မလား...
"ဟယ်..."
နန်းစံ ကြွေကျနေတဲ့ခရေပွင့်လေးတွေကို အပင်ပတ်လည်လိုက်ကောက်နေတုန်းရှိသေး ရုတ်တရက်တိုက်ခတ်လိုက်တဲ့လေကြောင့် ပုဆိုးပေါ်က ခရေပွင့်အချို့ဟာ ဘေးဘက်ကိုလွင့်ကာ ပွကျဲသွားရှာတော့တယ်...
"ဟဲ့...ဟဲ့ အော်...လေကလည်း နောက်မှတိုက်တာမဟုတ်ဘူး..."
နန်းစံ လက်ထဲမှာကောက်ရထားတဲ့ ခရေပွင့်အချို့ကို ပုဆိုးပေါ်တင်လိုက်ကာ ပြန့်ကျဲနေတဲ့ခရေပန်းပွင့်တွေကို ပြန်ကောက်ရတော့တယ်...
"အလျှင်လိုပါတယ်ဆိုမှ အနှေးဖြစ်ပြန်ပြီနော်..."
နန်းစံ နှုတ်ကနေမကျေမနပ်ရေရွတ်မိတယ်။ ထိုသို့မကျေနပ်ချက်တွေကို ရေရွတ်ရင်း ခရေပန်းကောက်ရတာကလည်း လူတွေမသိထားတဲ့ သူ့အလုပ်တစ်ခုပဲ မဟုတ်လား...
"ကျေးဇူး..."
နန်းစံ အတွေးတွေကလည်းများ နှုတ်ကလည်းတတွတ်တွတ်ရည်ရွတ်ကာ ခရေပန်းကိုကောက်နေတုန်း ရုတ်တရက် ပဲ ခရေပန်းအချို့ပြည့်နေတဲ့ လက်အုပ်ကလေးက သူ့ဆီကမ်းလာတာမို့ ပျော်ရွှင်စွာပဲ ထိုလက်အုပ်ထဲက ခရေပန်းလေးတွေကို ကိုယ့်လက်ထဲပြောင်းထည့်စေလိုက်တယ်။ ပြီးတဲ့အခါမှာတော့ ကျေးဇူးတင်ကြောင်း ပြောမလို့ပြင်ပြီးမှ သတိထားမိလိုက်တဲ့ ထိုလက်...
သူ့လက်တွေထက်တောင် နူးညံ့နေပြီး ခရေပန်းတွေလိုပဲ ခပ်ဖြူဖြူခပ်သွယ်သွယ်လက်ချောင်းလေးနဲ့အတူ လက်ညှိုးပေါ်က ရွှေလက်စွပ်လေး၊ပြီးတော့ လက်ကောက်ဝတ်နားက မှည့်နက်လေး...
နန်းစံ ပထမတော့ အမှတ်တမဲ့ဆိုပေမယ့် သူ့ကိုကူညီလိုက်တဲ့လူရဲ့လက်ကိုမြင်ပြီး ရွာကလူမဟုတ်ဘူးဆိုတာ သေချာသွားပြီမို့ ချက်ချင်းပဲမော့ကြည့်လိုက်တယ်...
သူမမြင်လိုက်ရတာက မျက်ခုံးကောင်းကောင်း၊ နှာတံဆင်းဆင်း၊ မထူမပါးသေသပ်လှတဲ့ နှုတ်ခမ်းတွေနဲ့အတူ ဖြူစွတ်နေတဲ့ ထိုလူ့ရဲ့အသားအရည် ...
"အဟင်း...တွေ့ရတာ ဝမ်းသာပါတယ်နော်..."
နန်းစံ ထိုလူ့ရဲ့မျက်နှာကို မထင်မှတ်ပါပဲ သေချာစိုက်ကြည့်နေမိတာမို့ ထိုလူချောင်းဟပ်လိုက်မှပဲ အသိဝင်လာတော့တယ်...
"ဟုတ်...တွေ့ရတာ ဝမ်းသာပါတယ်..."
နန်းစံ ထိုလူပြောသလိုသာ ပြန်ပြောလိုက်ရတယ်။ စိတ်ထဲမှာတော့ ကန့်လန့်ကြီးရယ်...
နန်းစံ ထိုလူရဲ့ခေါင်းကနေ ခြေဖျားထိ နေရာလပ်မကျန် စေ့စေ့စပ်စပ်ကြည့်နေမိတယ်။ ဆံပင်က သပ်သပ်ရပ်ရပ်ဖီးထားတာမျိုးမဟုတ်ပေမယ့် ပွစာကျဲနေတာမျိုးတော့မဟုတ်ဘူး။ ပြီးတော့ အသားကဖြူရတဲ့ထဲ အဖြူရောင်ရှပ်အင်္ကျီကြီးဝတ်ထားပေမယ့် မရမ်းရောင် ပုဆိုးကွပ်စိတ်လေးနဲ့တွဲလိုက်တော့လည်း ကြည့်ကောင်းနေသား။ အနက်ရောင်ကတ္တီပါဖိနပ်ကလည်း ဖြူဖွေးနေတဲ့ခြေဖဝါးမှာ ထင်းနေရောပဲ...
"ကြည့်လို့ဝပြီလားဗျ..."
"ဟမ်!..."
နန်းစံ ဒီတိုင်းစပ်စုချင်လို့ကြည့်နေမိတာဆိုပေမယ့် ထိုလူ့ရဲ့စကားသံကိုကြားလိုက်ရတဲ့အချိန်မှာတော့ တစ်မျိုးများထင်သွားပြီလားဆိုတဲ့အတွေးကြောင့် ဘာပြောရမှန်းမသိတော့ဘဲ ကြောင်တောင်တောင်ရပ်နေမိတယ်...
"အကို့နာမည်က အာကာမောင်ပါ။ ဦးသန်းဟိန်းနဲ့ ဒေါ်ဘုတ်ဆုံမတို့အိမ်ကို လာလည်တဲ့ ဧည့်သည်ပါ..."
"အော်...ဟုတ်။ ညီမ သိပါတယ် ကို..."
"ကိုအာကာလို့ခေါ်လို့ရပါတယ်။ ဒါမှမဟုတ်လည်း ကိုမောင်လို့ ခေါ်တာဖြစ်ဖြစ် အဆင်ပြေသလိုသာခေါ်ပါ။ ဒါပေမယ့် ကိုမောင်လို့ခေါ်တာတော့ သိပ်မရှိကြဘူး..."
"ဟုတ်...ကိုအာကာ..."
နန်းစံ သူ့ရှေ့ကလူကိုပြုံးပြကာ ကျန်နေသေးတဲ့ခရေပန်းတွေကို ခပ်သွက်သွက်ကောက်ထည့်လိုက်ပြီး ထိုနေရာကနေ ထသွားဖို့လုပ်လိုက်တယ်...
"ခနနေပါဦး...ညီမနာမည်ကရော..."
"နန်းစံပါ..."
"အော်...နာမည်က လူလိုပဲလှတယ်နော်..."
နန်းစံ ထိုလူ့ရဲ့စကားကြောင့် ဘာပြန်ပြောရမှန်းမသိတော့တာမို့ ဒီတိုင်းထပ်ပြုံးပြလိုက်ပြီးတော့သာ ပုဆိုးနဲ့လိပ်ထားတဲ့ ခရေပန်းအချို့ကိုတောင်းထဲထည့်ပြီး တောင်းကိုပိုက်ကာ ထွက်သွားဖို့ပြင်လိုက်တယ်...
"ခနလေး...ညီမ...ဟို...ညီမ ခုနကအကိုပြောတဲ့ အိမ်ကို သိလား..."
"သိတယ်လေ..."
"အဲ့တာဆို အကို့ကိုလိုက်ပို့ပေးလို့အဆင်ပြေမလား..."
"လိုက်ပို့ရမယ်..."
နန်းစံ ထိုလူရဲ့စကားကြောင့် နည်းနည်းတော့ အထင်သေးမိတာအမှန်။ ဒီလောက်လည်းမမှောင်သေးပါဘဲ ယောက်ျားကြီးဖြစ်ပြီး လိုက်ပို့ဖို့လိုသေးတာလား။ မြို့ကသူတွေကအဲ့လို ပျော့တိပျော့ဖတ်တွေပဲ နေမှာပါလေ...
"လိုက်ပို့လို့ရမလား ညီမ..."
ခပ်ပြေပြေတိုက်ခတ်နေတဲ့ လေပြေလေးတွေကြောင့် ခရေပင်ကြီးရဲ့အကိုင်းအခတ်လေးတွေဟာ တစ်ပင်နဲ့တစ်ပင် ရိုက်ခတ်နေပြီး ထိုလူနဲ့နန်းစံရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးအပြင် လူနှစ်ယောက်လုံးပေါ်ကိုပါ အဖြူရောင်ခရေပွင့်တို့ဟာ တဖြုတ်ဖြုတ်ကြွေကျနေခဲ့တယ်...
ထိုအခိုက်အတန့်၊ထိုနေရာ၊ ထိုအချိန်က သူ့ဘဝတစ်ခုလုံးရဲ့ကံကြမ္မာကို အစပြုရာဆိုတာကိုတော့ နန်းစံဆိုတဲ့ မိန်းမငယ်လေးသိပါ့မလား...
-
-
-
"ဒီကအိမ်တွေက ရှုပ်လွန်းတယ်။ အကိုတို့မြို့မှာဆို လမ်းတွေက နာမည်တွေ၊ အမှတ်အသားတွေအတိအကျရှိတယ်လေ။ ဒီမှာကြ ရွာလမ်းမကြီးကလွဲ ကျန်တဲ့လမ်းတွေက အဆင်ပြေသလိုအခြားခြံတွေထဲက ဖြတ်သွားနေကြတာဆိုတော့ အကိုမျက်စိလည်သွားတာ..."
နန်းစံ သူ့ဘေးကနေ တစ်လမ်းလုံးတစ်ထောက်တောင်မနားဘဲ ဆက်တိုက်ပါးစပ်ကနေမရပ်မနားတစ်ခုပြီးတစ်ခုပြောနေတဲ့ ထိုလူ့ကြောင့် အတတ်နိုင်ဆုံးပြုံးပြီးတော့သာ ခေါင်းညိတ်နေလိုက်တယ်။ အရင်ကလည်း သူတို့ရွာလေးကို မြို့ကလူတွေလာဖူးပေမယ့် ဒီတစ်ယောက်လောက်စကားမများဘူးရယ်...
"အကိုတို့မြို့မှာကြ..."
"ရောက်ပြီ ကိုအာကာ..."
"ဟမ်..."
"အိမ်ရောက်ပြီလို့...ဟိုမှာ...ခြံစည်ရိုးမှာပုဆိုးလှမ်းထားတဲ့ခြံ...ညီမသွားတော့မယ်နော်။ အိမ်ထိ မလိုက်တော့ဘူး..."
"မလိုက်တော့ဘူးလား။ အားနာစရာကြီး အိမ်ပေါ်တက်ပြီး ရေနွေးကြမ်းလေးဘာလေး သောက်သွားပါဦး..."
"ကိုအာကာ ပြောနေပုံက မသိရင် ကိုအာကာ့အိမ်ကြနေတာပဲ..."
"ဟို အကို့အိမ်တော့မဟုတ်ဘူး..."
နန်းစံ သူပြောလိုက်မှရှက်သွားပုံပေါ်တဲ့ ကိုအာကာကြောင့်ရီမိတယ်။ ကြီးကြီးတို့က ပညာတက်လို့ကြိုပြောထားလို့ ဟိတ်ဟန်ရှိမယ်ထင်နေတာ။ ကြည့်ရသလောက်တော့ဒီတစ်ယောက်က တကယ်ကိုအူကြောင်ကြားပါပဲ...
"ညီမ သွားပြီ..."
နန်းစံ နှုတ်ဆက်ပြီးတော့သာ အိမ်ကိုခပ်သွက်သွက်လေးပြန်လာလိုက်တယ်။ ဒီလူ့နားမှာ ထပ်နေလို့ကတော့ သူပါအူကြောင်ကြားဖြစ်တော့မယ် မဟုတ်လား...
__________
"ပဲပြုတ်~~~ပဲပြုတ်~~~"
ရွာလမ်းပေါ်က ထွက်လာတဲ့ထိုအသံစူးစူး...
အနက်ရောင်အင်္ကျီပေါ်မှာမှ အနီရောင်ရှပ်အင်္ကျီလက်ရှည်နဲ့အတူ ခပ်နွမ်းနွမ်းလိမ္မော်နီရောင် ထမီလေးဝတ်ဆင်ထားရှာတဲ့ အရွယ်ရောက်ခါစ မိန်းမပျိုလေးတစ်ဦး...
သူမရဲ့ဆံနွယ်ကိုလည်း ကျစ်ဆံမြှီးလေးနှစ်ဖက်ခွဲကျစ်ကာ ထိုနှစ်ဖက်လုံးမှာ ခရေပန်းခွေလေးတွေကို ပန်ဆင်ထားပုံက အလွန်ပင်ချစ်စဖွယ်ကောင်းလှတယ်...
သူမရဲ့ချစ်စဖွယ် ငယ်ရွယ်တဲ့အလှကို ပိုပြီးထင်ရှားစေတာကတော့ ခရေပန်းနံ့မွှေးပျံ့နေတဲ့ပါးပေါ်က သနပ်ခါးပါးကွက်ထူထူလေးနဲ့ သူမရဲ့ချိုသာလှရဲ့အပြုံး....
ထိုအပြုံးပိုင်ရှင်လေးကတော့ အားလုံးသိကြတဲ့အတိုင်း ခေါင်းရွက်သည်လေးနန်းစံပါပဲ။ အရင်နေ့တွေထက် သူမကိုပိုပြီးပျော်ရွှင်အောင်လုပ်ပေးတဲ့ ခရေပန်းရနံ့လေးဟာလည်း သူမခန္ဓာကိုယ်တစ်ခုလုံးသင်းပျံ့လျက်ရှိနေတယ်မဟုတ်လား...
"နန်းစံ!"
နန်းစံ ဖွားဖွားရင်ရဲ့ အိမ်ရှေ့မရောက်ခင်မှာတင် ဖွားဖွားရင်ရဲ့အသံကိုကြားလိုက်ရတာမို့ ဝမ်းပန်းတသာပဲထိုအိမ်ရှေ့ကို အမြန်ဆုံးသွားလိုက်တယ်...
"လာပါပြီ..."
"အမလေး မွှေးကြိုင်နေတာပဲတော်..."
နန်းစံ ဖွားရင်ရဲ့စကားကြောင့် ပြုံးမိတယ်။ မမွှေးလို့လဲမရဘူးလေ။ သနပ်ခါးထဲမှာလည်း ခရေပန်းတွေထည့်လိမ်းထားသလို၊ ဆံပင်မှာလည်းပန်ထားတယ်မလား...
"ဖွားဖွားရင်က ဒီနေ့မှပဲပြုတ်စားမလို့လား..."
နန်းစံ ဖွားဖွားရင်ကို စနောက်ကာမေးလိုက်ခြင်းဖြစ်တယ်။ သူသိတာပေါ့။ ဖွားဖွားရင်က တောသူဆိုပေမယ့် ပဲပြုတ်တို့ ပဲသုတ်တို့လုံးလုံးမစားဘူးရယ်။ သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တစ်ခုတည်း...
"မစားပါဘူးတော်။ ကျုပ်ခရေပန်းဝယ်မလို့..."
"မဝယ်ပါနဲ့ရှင်...ဒီမှာ ဖွားဖွားရင်အတွက် သပ်သပ်ကိုလှတပတလေးသီကုံးလာပါတယ်..."
"အမယ် ဒီကလေးမ ဒီနေ့မှ သွက်လက်နေတာပဲ။ ဒီအဖွားကြီးကလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်..."
ဒေါ်ရင်အေး သူ့ရှေ့က ကလေးမလေးကိုကြည့်ကာ သဘောတကျပြုံးမိတယ်။ ဒီကလေးမလေး ခရေပန်းကြိုက်ပုံက သူတို့ခရေပန်းကြိုက်ပုံနဲ့ကိုမတူတာ။ ခရေပွင့်တဲ့ လတွေဆို ဒီကလေးမက ပြုံးလို့ရွှင်လို့။ အရင်လတွေထက်လည်း သွက်လက်နေတာပဲ...
"လှတယ်မလား။ နန်းစံ ဖွားဖွားရင်အတွက် တစ်ညလုံးသေချာကိုသီထားတာ..."
"လှတာပေါ့။ သီတဲ့သူလေးက လှတပတလေးဆိုတော့ သီထားတဲ့ပန်းကုန်းလေးကလည်း လှတာဆန်းသလား နော်..."
"ဖွားဖွားရင်ကို အဲ့တာကြောင့် ချစ်တာ..."
"ကဲကဲ မိနန်းစံ...စကားကိုဒီလောက်ပြောပြီး ဈေးသွားရောင်းတော့။ မျက်နှာက ဖြီးနေတာပဲ..."
"ဟုတ်..."
နန်းစံ ဖွားဖွားရင်ရဲ့စကားဆုံးတာနဲ့ ချက်ချင်းဘဲ မနိုင်မနင်းပိုက်ထားတဲ့ တောင်းကိုပြန်ရွက်ကာ ဈေးဆက်ရောင်းဖို့ပြင်လိုက်တယ်။ ဒီနေ့တော့ ရွာထဲမှာ သူ့ကိုမွှေးကြိုင်နေတာပဲလို့ ထပ်ပြောတဲ့သူတွေ ရှိကြဦးမှာမလား။ ပဲပြုတ်တွေရောင်းပြီးရင်လည်း မနက်ဖြန်အတွက်ခရေပန်းထပ်ကောက်ဖို့သွားရဦးမယ်လေ...
-
-
-
"မေကြီး...ညောင်းညာနေပြီလား..."
"နန်းစံ...နန်းစံကသာ...ညောင်းနေမှာ..."
"မညောင်းပါဘူးမေကြီးရဲ့..."
ဒေါ်တုတ် ညနေခင်းအိမ်ပြန်လာကတည်းက ထမင်းဟင်းချက်၊ ပန်းသီ၊ သူ့ကိုထမင်းခူးခပ်ကျွေး၊ အဝတ်တွေဖွတ်နဲ့မရပ်မနားလုပ်နေတဲ့ မြေးမလေးကိုကြည့်ကာ ပီတိလည်းဖြစ်သလို စိတ်မကောင်းလည်းဖြစ်မိတယ်။ ဒီကလေးမလေးခင်မျာ တစ်နေ့တစ်နေ့အရွယ်နဲ့မလိုက်အောင် ပင်ပန်းရတဲ့ထဲ သူ့လိုလူမမာကြီးကိုလည်းပြုစုနေရသေးတယ်မလား...
သူ့ရဲ့ညာဘက်ခြမ်းက ကောင်းကောင်းလှုပ်နိုင်သေးတာမို့ ခူးပဲပေးပါ။ သူ့ဟာသူ စားပါ့မယ်ဆိုလည်း မရဘူး။ ထိုကလေးမလေးကိုယ်တိုင် သေချာနယ်ဖတ်ပြီးကျွေးရမှာ ကျေနပ်ရှာတယ်...
ခုလည်း နားနားနေနေမနေဘဲ သူ့ကိုနှိပ်နယ်ပေးနေပြန်ရှာပြီ...
"အိပ်တော့..."
"ရပါတယ်ဆို မေကြီးရယ်။ မေကြီး..."
"အွန်း..."
"သမီးလေ ဒီနေ့တစ်ရက်နဲ့တင်ဘဲ ငွေအပိုနှစ်ထောင်ရတယ်။ မနက်ဖြန်ကြရင် အိမ်မှာ အသားဟင်းချက်စားကြမယ်နော်။ ဒီလတွေထဲတော့ အိမ်မှာ အသားဟင်းပြတ်မယ်မထင်ပေါင်..."
ဒေါ်တုတ် ပြုံးပျော်နေတဲ့ နန်းစံလေးကြောင့် သူလည်းအတော်ကိုပျော်မိတယ်...
"မေကြီး...သမီးမနက်ဖြန်ကြရင် ငါးသွားဝယ်ရမလား မေကြီး..."
"ဒေါ်ထူး...ဆီကပဲ...ဝယ်..."
"ဟုတ်ကဲ့ မေကြီး။ သမီးဒေါ်ထူးဆီကပဲ ဝယ်မှာပါ။ ဦးလေးဖိုးကျော်ဆီက သွားမဝယ်ရဲပါဘူး။ သူ့ဆီသွားဝယ်ရင် အရက်ဖြူဆိုင်သွားရမှာလေ။ အဲ့ကြရင် အခြားအမူးသမားတွေထက် ဘကြီးနဲ့တွေ့မှာ ပိုတောင်ကြောက်သေးတယ်..."
"အွန်း..."
ဒေါ်တုတ် မဲ့ကာရွဲ့ကာ ပြောနေတဲ့မြေးမလေးကြောင့် ပြုံးမိပေမယ့် ခုလိုကြားရတာကိုတော့ တကယ်စိတ်မကောင်းဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ် အဲ့အကောင် ဒီအိမ်ကဆင်းသွားတာကိုပဲ ကျေးဇူးတင်ရမယ်။ အဲ့လိုမှမဟုတ်ရင် သပ်သပ်ဒုက္ခပေးနေဦးမှာမလား...
"ဟွန်း..."
"မေကြီး...ဘာတွေ သက်ပြင်းချနေတာလဲ..."
ဒေါ်တုတ် မြေးမလေးရဲ့အမေးကို ခေါင်းခါပြကာ စိတ်မပူစေဖို့ပြုံးပလိုက်တယ်...
သူ့ရင်ထဲမှာတော့ သုံးစားမရတဲ့သားသမီးတွေကြောင့် ဒီကလေးမလေးရဲ့ရှေ့ရေးကို တွေးပူပြီး ဘယ်လိုမှစိတ်မဖြောင့်နိုင်ဖြစ်နေတယ်ဆိုတာ သူကိုယ်တိုင်ကလွဲ ဘယ်သူသိမှာလဲနော်...
"မေကြီး အိပ်ကြရအောင်..."
နန်းစံ မေကြီးရဲ့ခန္ဓာကိုယ်ကို အသာအယာလှဲစေလိုက်ပြီး ခြင်ထောင်ထောင်ကာ အိပ်ဖို့ပြင်လိုက်တယ်...
"ဟယ် ခနလေးနော် မေကြီး..."
နန်းစံ လှဲဖို့လုပ်ပြီးကာမှ ခပ်ညစ်ညစ်ဇာအဖြူရောင်ခြင်ထောင်သားကနေ လှမ်းမြင်လိုက်ရတဲ့ ခေါင်းရင်းထောင့်က ဖုန်တက်နေတဲ့ပစ်တိုင်းထောင်လေးကြောင့် ချက်ချင်းပဲထကာ ဘေးမှာရှိတဲ့အဝတ်စုတ်တစ်ခုနဲ့ ထိုပစ်တိုင်းထောင်ပေါ်က ဖုန်တွေကိုသေချာလေးခါချပစ်လိုက်တယ်...
"နန်းစံ..."
"လာပြီ မေကြီး..."
နန်းစံ ပစ်တိုင်းထောင်လေးကို ဖုန်ခါလို့ပြီးပြီးချင်းပဲ မေကြီးရဲခေါ်သံကြောင့် ပစ်တိုင်းထောင်လေးကို တစ်ချက်လောက်သေချာကြည့်ကာ ခြင်ထောင်ထဲပြန်ဝင်ပြီး မေကြီးကိုဖက်ကာ လှဲအိပ်လိုက်တယ်...
ထိုပစ်တိုင်းထောင်လေးက ခုဆိုသူ့တစ်သက်နီးပါးရှိနေပြီဆိုပေမယ့် သူလုံးဝမပစ်ဘဲ သေချာလေးသန့်သန့်ထားနေတုန်းပဲ။ အကြောင်းအရင်းကတော့ ထိုပစ်တိုင်းထောင်လေးက သူနဲ့မေကြီး အတူတူဝယ်ခဲ့တဲ့ ပထမဆုံးသော အရုပ်လေးဖြစ်သလို သူ့ကလေးဘဝတစ်လျှောက်လုံးလည်း အမြဲတမ်းအနီးကပ်ရှိနေခဲ့တဲ့အရုပ်လေး မဟုတ်ပါလား...
သူဒီပစ်တိုင်းထောင်လေးကိုမြင်တဲ့အခါတိုင်း မေကြီးသူ့ကို ညတိုင်းချော့သိပ်ခဲ့တဲ့ သားချော့တေးလေးကို နားထဲမှာ ပြန်ကြားယောင်နေသလို မေကြီးဆုံးမခဲ့တဲ့ စကားသံကိုလည်းပြန်ကြားယောင်နေမိတယ်...
"ဘယ်လိုအခက်အခဲပဲကြုံကြုံ ရင်ဆိုင်ပြီး လဲကျရာကနေပြန်ထရမယ်တဲ့..."
"ဟမ်..."
"ဘာမှမဟုတ်ပါဘူး မေကြီးရဲ့။ ဒီတိုင်း မေကြီးဆုံးမခဲ့တဲ့ ဆုံးမစကားကိုပြန်ရွတ်ကြည့်နေတာ..."
"အိပ်တော့..."
"ဟုတ်ပါပြီ မေကြီးရဲ့..."
ထိုတစ်ညလုံးကတော့ ခရေပန်းရနံ့လေးတွေသင်းပျံ့နေတဲ့ တဲအိမ်ငယ်လေးနဲ့အတူ ထိုတဲအိမ်ငယ်လေးထဲမှာ အိပ်စက်နေတဲ့ မြေးအဖွားနှစ်ယောက်ရဲ့ အပြုံးတွေ၊ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ မေတ္တာတရားတွေက တဲအိမ်ငယ်လေးအတွင်းကို နွေးထွေးမှု၊အေးချမ်းသာယာမှုတွေနဲ့ ဖုံးလွှမ်းနေစေခဲ့ရှာပြန်ပြီပေါ့ ...
//////////
{ ၁၈.၁.၂၀၂၅ }
{ ၉:၀၀ }
*ပစ်တိုင်းထောင်*
Keep Reading