Tain Hlwar Nge

အေးစိမ့်စိမ့် ဆောင်းရဲ့ အငွေ့အသက်က ဆိုတယ်။
ငါရဲ့ အေးစိမ့်မှုတွေဟာ အချိန်တစ်ခုရောက်ရင် ပြယ်ပျောက်သွားရတာပဲတဲ့။
ဒါပေမဲ့ ငါတည်ရှိနေတဲ့ အတောအတွင်းမှာ လူတွေကို အေးချမ်းမှုကိုသာ ပေးချင်တယ်တဲ့လေ။
ဒါပေမဲ့လည်း လူတွေက ငါ့စေတနာကို မမြင်ဘဲ
ငါ့ရဲ့ အေးချမ်းစေမှုကို အမြန်ကုန်လွန်စေဖို့ ငြူစူနေတာကိုတော့ တကယ်စိတ်မကောင်းဖြစ်မိတယ် ဆိုပဲ။
ကိုယ်လည်း ပြန်ပြောလိုက်ပါတယ်၊ မင်းက အတိုင်းထက်လွန် ပိုပိုသာသာ ပေးနေတာကို၊ အများစုသောလူတွေဟာ သူတို့လက်ခံနိုင်တဲ့ အတိုင်းအတာ ကျော်လွန်သွားရင်
သူတို့ ဘယ်လောက်ပဲ နှစ်သက်ခဲ့တဲ့ အရာဖြစ်ပါစေဦးတော့ ငြူစူပြီး လွတ်မြောက်ချင်ကြတာ သဘာဝပဲလို့လေ။
မင်းက မင်းပဲ။
မင်းက အေးစိမ့်တယ်။
ပူလောင်မှုတွေ ဝေးစေတယ်။
ဟုတ်တယ် မင်းက မပြောင်းလဲသွားဘူး၊ ပြောင်းလဲသွားတာက မင်းအပေါ်ထားတဲ့ လူတွေရဲ့ခံစားချက်ရယ်ပါ။
ဒါကို အထွေအထူးကြီး ခံစားမနေပါနဲ့ ဆောင်းငွေ့လေးရယ်။
မင်းရဲ့ စေတနာကို နားလည်ပြီး
မင်းကို ချစ်တဲ့ လူသားတွေလည်း ရှိပါသေးတယ်လို့ ကိုယ်ပြန်ပြောလိုက်တော့ နှင်းစက်ကလေးတွေ ငေးနေတဲ့ ကိုယ့်အား ဆောင်းလေအေးအေးလေးက ကျီဆည်တိုက်ခတ်သွားလေရဲ့။
ဟုတ်ပါတယ်၊
ဆောင်းငွေ့လေးလိုပဲ ကိုယ်တို့ဟာ
ပတ်ဝန်းကျင်တစ်ခုလုံးက လိုလားတဲ့သူတော့ မဖြစ်နိုင်ပါဘူး။
ဒါကိုလည်း ကိုယ့်ကိုလက်ခံလာအောင် အတင်းကြီးကြိုးစားယူဖို့ မလိုဘူးလို့ ထင်တယ်။
လူ့အဖွဲ့အစည်းတစ်ခုလုံးက ကိုယ်တို့ကို လက်ခံဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလေ နော်။
ဒီတော့
ကိုယ်တို့ တန်ဖိုးကို နားမလည်သူတွေ
စွန့်ခွာသွားကြတဲ့အခါ ဝမ်းနည်းမနေဘဲ
အပြစ်တင်တဲ့အခါလည်း ဒေါသထွက်မနေဘဲ
ကိုယ့်ရဲ့ မူလအရည်အချင်းလေးနဲ့ ဆက်ပြီးရှင်သန်နေလိုက်ပါ။
အဲ့ဒီအခါ အနားရောက်လာတဲ့
ကိုယ့်ကိုနားလည်တဲ့ လူနည်းစုရှိကြောင်း သိရတဲ့အခါ
ကိုယ်မမှားကြောင်း အတိအကျကြီး ယုံကြည်လာပါလိမ့်မယ်။
#Lilac
Keep Reading