ညဉ့်ယံထက်[ Nyint Yan Htet ]
ကလောင်! ကလောင်!
ညနေ (၃) နာရီ ခေါင်းလောင်းထိုးသံနဲ့အတူ ကျောင်းထဲကနေ လွယ်အိတ်ကိုယ်စီလွယ်ကာ ပြေးထွက်လာကြတဲ့ ကလေးငယ်တွေ။ အချို့ကလေးတွေက ကျောင်းစိမ်း၊ကျောင်းဖြူ ဆင်တူကို ဝတ်ထားပေမယ့် အချို့ကလေးတွေကြလည်း သာမာန်ခပ်နွမ်းနွမ်း အင်္ကျီလေးတွေကိုသာ ဝတ်ဆင်ထားကြတယ်။ မတူညီတဲ့ ဝတ်စုံတွေဝတ်ဆင်ရပေမယ့် သူတို့သင်ကြားရတဲ့ အသိပညာ၊အတတ်ပညာတွေကတော့ တစ်သားတည်းပါပဲ...
"ရော့ ကလေး။ အဖွားအုန်းသီးခြစ်ထားတာကုန်သွားလို့ မနက်ဖြန်မှအုန်းသီးပိုထည့်ပေးမယ်နော်..."
ဒေါ်တုတ် မုန့်ဦးနှောက်ရောင်းနေရင်းနဲ့ပင် ကျောင်းထဲက ထွက်လာတဲ့ကလေးငယ်လေးတွေကို လှမ်းကြည့်နေရတယ်။ ခုဆို နန်းစံလေးလည်း ကျောင်းတက်နေပြီမဟုတ်လား။ အဲ့တော့ ကျောင်းဆင်းချိန်ဆိုတာနဲ့ မုန့်ဦးနှောက်ရောင်းရတာကတစ်ဖက် အဲ့ကလေးကိုရှာရတာကတစ်ဖက်နဲ့ အတော်ကို အလုပ်များရပါတယ်လေ ...
ဒီနေ့လည်း ကလေးတွေကုန်လုနီးနီးထိ နန်းစံလေးထွက်မလာသေးတာမို့ ဒေါ်တုတ်မှာ ခေါင်းမပြုတ်ရုံတစ်မယ် မျှော်တော်မူနေရပြန်ပြီ...
"မေကြီး!"
ဒေါ်တုတ် မျှော်နေတုန်းပင် ကျောင်းဝန်းထဲကနေ သူ့ဆီပြေးလာတဲ့ ခန္ဓာကိုယ်သေးသေးလေးကိုမြင်လိုက်တာကြောင့် ပြုံးမိတယ်။ သူ့မြေးမလေးကို ကျောင်းစိမ်းအင်္ကျီလေးဝတ်ပြီး လွယ်အိတ်လေးလွယ်ထားတဲ့ ပုံစံလေးမြင်လိုက်ရတာက ဖော်ပြလို့မရနိုင်လောက်တဲ့ထိ ပီတိဖြစ်မိတယ်...
"မေကြီး...မီးမီးအတွက် မုန့်ဦးနှောက်ချန်ထားသေးလား..."
"ချန်ထားတာပေါ့တော်။ မေကြီးက မေကြီးရဲ့နန်းစံလေးအတွက် အုန်းသီးရော၊သကြားရော သေချာလေးဖယ်ပြီးချန်ထားသေးတယ်..."
"ဟီး...အဲ့တာကြောင့် မေကြီးကိုချစ်တာ..."
ဒေါ်တုတ် သူ့လက်မောင်းကိုဖက်ပြီး ချွဲနေတဲ့မြေးမလေးကြောင့် အသည်းယားလွန်းလို့ ကလေးရဲ့ပါးဖောင်းဖောင်းလေးကို မွခနဲမြည်အောင် နမ်းရှိုက်လိုက်တယ်။ ဒီကလေးသေးသေးလေးဆီက တုန့်ပြန်အနမ်းလေးကတော့ ပါးရည်တွေတွန့်နေတဲ့ ဒေါ်တုတ်ရဲ့ပါးပြင်ပေါ်မှာ အထင်းသားပေါ့...
__________
"ဝ....လုံး..."
ဒေါ်တုတ် သူ့ဘေးမှာ မှောက်ရက်ကလေးအိပ်နေရင်း ဝလုံးလေးတွေရေးနေတဲ့နန်းစံလေးကိုကြည့်ကာ ခေါင်းခါမိတယ်...
"စာရေးတာ ထရေးပါလား နန်းစံရယ်..."
"မီးမီး ညောင်းလို့ပါ မေကြီးရဲ့..."
"အမလေးတော် အရင်ကလိုတောင် မေကြီးနဲ့မလိုက်ရဘဲနဲ့ ညောင်းတယ်ဆိုပဲ။ ဘယ်လိုလဲ။ မေကြီး နှိပ်ပေးရဦမလား..."
ဒေါ်တုတ်ရဲ့ ခပ်ရွဲ့ရွဲ့စကားအဆုံးမှာတော့ ခိုးခိုးခစ်ခစ်ရီကာ စာအုပ်ကလေးပိုက်ပြီးထထိုင်လာတဲ့ကလေးကြောင့် ဒေါ်တုတ်လည်းရီမိတယ်...
"မေကြီး..."
"ပြောပါရှင်..."
ဒေါ်တုတ် မြေးဖြစ်သူကို မိမိပေါင်ပေါ်ဆွဲတင်ကာ ထိုင်စေပြီး ဘာပြောမလဲဆိုတာ နားစွင့်နေလိုက်တယ်...
"မေကြီး...ဒီဝလုံးကလေ ဖိုးလမင်းကြီးနဲ့တူတယ်နော်..."
"ဟုတ်သားတော်...ဖိုးလမင်းကြီးနဲ့ တကယ်တူတာပဲ။ မေကြီးရဲ့ နန်းစံလေးက ဖိုးလမင်းကြီးလည်း ဆွဲတတ်တာပဲ..."
"မဟုတ်ဘူး မေကြီးရဲ့..."
"မေကြီးပြောတာ မဟုတ်ဘူးပေါ့..."
"အွန်း..."
ဒေါ်တုတ် နှုတ်ခမ်းလေးဆူကာ ဘာတွေရှင်းပြဖို့မှန်းမသိ ခဲတံတစ်ချောင်းနဲ့စာအုပ်ပေါ်လျှောက်ခြစ်နေတဲ့ကလေးကြောင့် ပြုံးမိတယ်။ စာအုပ်ဝယ်ပေးဖို့မလွယ်ပေမယ့်လည်း သူပျော်ရာလေးလုပ်နေတာကိုမတားရက်ဘူးရယ်...
"မေကြီး...ဒီမှာကြည့် မီးမီးရှင်းပြမယ်...ဝလုံးက ဒီလို...သူ့မှာ ဘာမှမရှိဘူး၊ ဖိုးလမင်းကြီးကကြ ဝလုံးထဲမှာ အဖိုးအိုနဲ့၊ယုန်ရှိရမှာလေ မေကြီးရဲ့...မီးမီးနဲ့ မေကြီးက မုန့်ဦးနှောက်ရောင်းသလို သူတို့ကလည်း ဆန်ဖွတ်ရဦးမယ်။ မီးမီးကယုန်လေး၊မေကြီးက အဖိုးကြီး..."
"ဟောတော်...ဟား...ဟား..."
ဒေါ်တုတ် ဝလုံးနှစ်လုံးယှဉ်ဆွဲပြီး တစ်ဖက်ကဝလုံးထဲခြစ်ချင်ရာခြစ်ကာ သူ့ကိုနှုတ်ခမ်းတဆူဆူနဲ့ ရှင်းပြနေတဲ့ ကလေးကိုကြည့်ပြီး ရီမိတယ်။ တကယ်စကားတတ်ပြီး စကားလည်းအတော်များတဲ့ကလေးမလေးပါဆို။ သူ့ရဲ့ခြောက်ကပ်လှတဲ့ဘဝထဲ နန်းစံလေးကသာ တစ်ခုတည်းသော ပျော်ရွှင်ရာပါလေ...
"ကဲ နန်းစံ...အိပ်တော့..."
"ခနနေပါဦး မေကြီးရယ်။ မီးမီး ဝလုံးထပ်ရေးရဦးမယ်..."
"ကဲ မနက်မှစောစောထရေးပါတော်။ လာ အိပ်တော့။ မေကြီး ပစ်တိုင်းထောင် သီချင်းလေးဆိုပြမယ်လေ..."
"ခနလေးပါ..."
"ဒါဆို မေကြီး နန်းစံရဲ့ပစ်တိုင်းထောင်လေးကို အပြင်ထုတ်သိပ်လိုက်မှာနော်..."
"မေကြီးကလည်း...ပစ်တိုင်းထောင်လေးကို မီးမီးနဲ့ပဲ တူတူသိပ်ပါ။ မီးမီး ခုအိပ်မယ်နော်...နော်..."
"အဲ့တာဆို ခုအိပ်ရမှာနော်..."
"ဟုတ် မေကြီး..."
ဟုတ်လို့ ပြောပြီးတာနဲ့ သူ့စာအုပ်လေးနဲ့ခဲတံလေးကို ခပ်နွမ်းနွမ်းလွယ်အိတ်လေးထဲထည့်ကာ အိပ်ဖို့အတွက် ဖျာသွားခင်းနေတဲ့နန်းစံလေးကိုကြည့်ပြီး အရွယ်နဲ့မလိုက်အောင်သိတတ်လွန်းတဲ့ကလေးမို့ အချစ်ပိုမိတယ်...
"မေကြီး အိပ်လို့ရပြီ..."
"လာပါပြီတော်...ဘုရားရှိခိုးဦးနော် နန်းစံ..."
"ဟုတ်..."
ဒေါ်တုတ် ပြောလိုက်တာနဲ့ ချက်ချင်းပဲ ဘုရားပုံလေးချိတ်ထားတဲ့ရှေ့သွားကာ ဘုရားရှိခိုးဖို့လုပ်နေတဲ့ကလေးကြောင့် ဒေါ်တုတ်လည်း နန်းစံလေးခင်းပေးထားတဲ့ဖျာပေါ်က အပေါက်၊အဖာတွေပြည့်နေတဲ့ ခြင်ထောင်ကိုယူကာ အဆင်သင့်ထောင်ထားလိုက်တယ်...
"မေကြီး...မေကြီးကို ရှိခိုးမယ်..."
"ဟုတ်ပါပြီ။ လာပါတော်..."
"မေကြီးကို ရှိခိုးပါတယ်။ မီးမီး ပြောမှား၊ဆိုမှားရှိရင် ခွင့်လွှတ်ပါ..."
"မေကြီးရဲ့ နန်းစံလေးလည်း ခုလိုမေကြီးကို တရိုတသေရှိခိုးတဲ့အကျိုးကျေးဇူးကြောင့် အပူအပင်ကင်းပြီး အေးချမ်းသာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ရပါစေလို့ မေကြီးက ဆုတောင်းပေးပါတယ်ရှင်..."
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ...မေကြီး ပစ်တိုင်းထောင် သီချင်းဆိုပြနော်..."
"ဟုတ်ပါပြီရှင်...မေကြီးဆိုပြမယ်နော်..."
ဒေါ်တုတ် သူ့ရင်ခွင်ထဲတိုးကာ နောက်ကျောပေးပြီး ပစ်တိုင်းထောင်လေးရင်ဝယ်ပိုက်အိပ်နေရှာတဲ့ ကလေးလေးရဲ့ တင်ပါးကိုအသာပုတ်ကာ နှစ်နှစ်ကျော်လုံးလုံး ညစဉ်မပျက်မကွက် သီဆိုချော့သိပ်ခဲ့တဲ့ သားချော့တေးလေးကို နှုတ်ကနေ စတင်သီဆိုလိုက်တယ်....
"ပစ်တိုင်းထောင်လေး ပုတိုတို...
မျက်နှာ ပြုံးချိုချို...
ပစ်ချင်သလို ပစ်လို့ချ...
ကျရာ ထောင်လို့ထား...
သူ့ဘဝနဲ့ သူ့အဖြစ်တွေ...
အံ့ဩလောက်ပါပေ...
ခြေတွေလက်တွေ မရှိပါဘဲ...
ကိုယ်ထူ ကိုယ်ထအမြဲ...
အခက်အခဲ သူရင်ဆိုင်...
စိတ်ဓာတ်မယိမ်းယိုင်...
အနိုင်မခံ အရှုံးမပေး...
အပြေးပြိုင်ချင်သေး....."
__________
"မေကြီး!!!"
"အမလေး! ဘာဖြစ်လာတာတုန်း။ ငါ့မြေးကို တစ်ယောက်ယောက် အနိုင်ကျင့်လို့လား။ အဖွားကိုပြောအေ..."
ဒေါ်တုတ် နေရ၊ထိုင်ရလေးလေးကြီးဖြစ်နေတာကြောင့် ဒီနေ့မုန့်ဦးနှောက်သွားမရောင်းတာ။ တစ်ရက်လောက် ကျောင်းရှေ့သွားပြီး ဈေးမရောင်းမိပါတယ်။ သူ့မြေးမလေးအနိုင်ကျင့်ခံရပြန်ပြီ ထင်တယ်...
"မဟုတ်ဘူး မေကြီးရဲ့! နန်းစံဆုရတယ်!"
"ဘယ်လို...နန်းစံ ဆုရတာလား..."
ဒေါ်တုတ် ကြားလိုက်ရတဲ့စကားကြောင့် ဝမ်းသာမဆုံးဖြစ်မိတယ်။ သူ့မြေးမလေးက ဆုရတာတဲ့တော်...
"ဘာဆုလည်း နန်းစံ..."
"ပထမတန်းအတွက် ပညာရည်ထူးချွန်ဆုတဲ့ ဖွားဖွား။ သမီးက ပထမဆုရမှာ..."
"ဟယ်တော်...ငါ့မြေးက တော်လိုက်တာအေ။ အဖွားရွာထဲ ပတ်ကြွားပစ်ဦးမယ်..."
ဒေါ်တုတ် နန်းစံလေးကိုကြည့်ပြီး ပီတိဖြစ်မိတယ်။ ခုဆို နန်းစံလေးက နှစ်တန်းရောက်နေပြီလေ။ ဒီကလေးက သိပ်တော်တာ။ ကိုယ်လိုအဖွားကြီးမဖတ်တတ်တဲ့ စာလေးတွေကိုတောင် သူကတစ်ချက်မထစ်ပဲ ဖတ်နိုင်ရှာတယ်။ ခုနောက်ပိုင်းဆို သူ့ကိုယ်သူ "မီးမီး"လို့တောင် မသုံးနှုန်းတော့ဘဲ နန်းစံဆိုပြီး ပြောင်းသုံးတတ်ရှာပြီ...
"မေကြီး...သမီးကို ဒီနေ့ဆိတ်သားဟင်းချက်ကျွေးပါလား။ ရွာထိပ်က ဘကြီးမောင်အိမ်မှာ ဆိတ်ပေါ်တယ်တဲ့...နော်..."
"ဟုတ်လား။ ဆိတ်သားဟင်းစားချင်တာလား မေကြီးရဲ့နန်းစံလေးက..."
"ဟုတ်..."
"ဒါဆို မေကြီးက ချက်ကျွေးမှာပေါ့..."
-
-
-
"အရီးကို ဆိတ်သားအတိုအစလေးတွေ နှစ်ထောင်ဖိုးလောက်ပေးစမ်းပါဦး..."
ဒေါ်တုတ် လက်ထဲတစ်ထောင်တန်လေး နှစ်ရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရွာထိပ်က အသားပေါ်နေကြ ဘမောင်ဆီသွားပြီး နန်းစံလေးအတွက် ဆိတ်အတိုအစလေးတွေ လာဝယ်နေရတာပဲဖြစ်တယ်...
ဆိတ်အသားတုံးကြီးမဝယ်နိုင်တဲ့သူမို့ ဆိတ်အတို၊အစ၊အရိ၊အရွဲလေးတွေကိုသာ ဆိတ်သားအဖြစ်စားသုံးရတာပေါ့...
"ဟာ ရီးတုတ် ဆိတ်သားတွေဘာတွေ လာဝယ်နေပါလား။ အဆင်ပြေနေတဲ့ပုံပဲ..."
"မဟုတ်ပါဘူးတော်။ မင်းတူမ နန်းစံ ကျောင်းမှာ ပထမဆုကြီးရလို့တဲ့။ အဲ့တာကြောင့် သူစားချင်တဲ့ ဆိတ်သားလာဝယ်တာပါတော်..."
"ဟာ ဟုတ်လှချည်လား။ နန်းစံတောင် အသက်ဘယ်လောက်ရှိပြီလဲ ရီးတုတ်..."
"ရှစ်နှစ်ကျော် ကိုးနှစ်ထဲရောက်နေပြီလေ..."
"သူတောင် အဲ့လောက်ကြီးလာပြီကို...ရော့...ရီးတုတ် ဒီထဲမှာ ကျွန်တော် အသားအပိုင်းအစတွေ ထည့်ထားပေးတယ်။ ပြီးတော့ ဒါကအရင်နေ့က အခြောက်လှမ်းထားတာလေးထဲက အချိန်ပိုနေတာလေးတွေဖယ်ထားတဲ့ဟာ။ ရီးတုတ်တို့မြေးအဖွားစားရအောင် ထည့်ပေးလိုက်မယ်..."
"အို...မလိုပါဘူးတော်။ ကျုပ်က မင်းကို ဘာမှပြန်ပေးနိုင်တာမဟုတ်ဘူး။ တန်သလောက်ပဲပေးပါ..."
ဒေါ်တုတ် သူ့ကိုအမဲခြောက်တွေ အတင်းထိုးပေးနေတဲ့ ဘမောင်ကြောင့် အကြောက်အကန်ပဲ ငြင်းမိတယ်။ သူတို့လိုလူတွေအဖို့ အသားစားဖို့မလွယ်တာကြောင့် ဒီအိမ်ကို လေး၊ငါးလနေ တစ်ခါမလာဖြစ်ပေမယ့် လာဖြစ်တဲ့အခါတိုင်း သူ့ကို ခုလို အသားပို၊ငါးပိုတွေ ပေးတတ်တဲ့ ဘမောင်ကြောင့် တကယ်ကိုအားနာမိတယ်။ သူ့မိန်းမဆိုလည်း ကိုယ့်ကိုတွေ့တာနဲ့ တစ်ခုမဟုတ်တစ်ခုအကူအညီပေးလေ့ရှိတယ်။ ဒီလင်မယား သားသတ်ရောင်းတာဆိုပေမယ့် တကယ်ကို စိတ်ရင်း၊စေတနာ ကောင်းတဲ့ သူတွေပါတော်...
"ယူသွားပါ ရီးတုတ်ရယ်။ နန်းစံလေးတော်လို့ ကလေးမကို ဆုချတဲ့သဘောပါ။ နန်းစံကိုလည်းပြောလိုက်ဦး။ ဆုရပြီးရင် ဘကြီးမောင်တို့ဆီလာပြပါဦးလို့..."
"ဒုက္ခပါပဲ ဘမောင်ရယ်။ အရီး မနက်ဖြန်မှ မင်းတို့အိမ်အတွက် မုန့်ဦးနှောက်လာပေးပါ့မယ်..."
"မလိုပါဘူး။ အရီးတစ်ယောက်ထဲလာတာလား။ ကျွန်တော့်မိန်းမကို လိုက်ပို့ခိုင်းလိုက်မယ်လေ..."
"ရတယ် ဘမောင်။ နန်းစံက အိမ်မှာ ထမင်းအိုးတည်နေလို့ လိုက်မလာတာ။ မင်းမိန်းမလည်း ထမင်းဟင်းချက်နေတာမလား။ မလိုဘူး။ မလိုဘူး။ အရီးပြန်ပြီနော်။ အမဲခြောက်အတွက်ကျေးဇူးပါပဲ သားရယ်..."
"ရပါတယ် အရီးရယ်။ ဂရုစိုက်ပြန်နော်..."
"အေး အေး..."
ဒေါ်တုတ် လက်ထဲက အမဲခြောက်ရယ်၊ စက္ကူနဲ့ထုတ်ထားတဲ့ ဆိတ်သားအတိုအစလေးတွေရယ်ကိုကြည့်ကာ ပြုံးမိတယ်။ နန်းစံလေး ဒီနေ့တော့ ဆန်တစ်လုံးချက်လောက်စားတော့မယ်ထင်တယ်။ နောက်ရက်ကြလည်း ကျောင်းကိုအရင်လိုအရွက်ကြော်မဟုတ်ဘဲ အမဲခြောက်လေး ဆီစမ်းပြီးထည့်ပေးလို့ရတာပေါ့။ သူ့လိုအဖွားကြီးက တစ်နေ့တစ်နှပ်စားရရင်ကို အသက်ရှင်လို့ရနေပါပြီ။ နန်းစံလေးကိုသာ သူများထက်မသာရင်တောင် သူများထက်အောက်မကျို့အောင် ထားရမယ်မဟုတ်လား...
-
-
-
"ဟ..."
"မေကြီး အရင်စားပါ..."
"ဟုတ်ပါပြီတော်...အွန်း...မေကြီးစားပြီးပြီနော် ဟ...နန်းစံလည်းစား..."
ဒေါ်တုတ် သူ့ကိုဦးချတဲ့အနေနဲ့ အရင်စားခိုင်းပြီးမှ ခွံကျွေးသမျှကိုပလုပ်ပလောင်းစားနေတဲ့ နန်းစံလေးကို ကြည့်ကာ သဘောတကျပြုံးမိတယ်။ ဒီကလေးရဲ့ ခုလိုပုံစံလေးကိုသာ မိညိုမြင်ရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ...
မိညိုရေ...ညည်းသမီးလေးက ငယ်ငယ်ရွယ်ရွယ်နဲ့သိတတ်ပြီး လိမ္မာလွန်းအားကြီးပါတယ်။ ကျုပ်ကောင်းကောင်း ပျိုးထောင်နိုင်ခဲ့ပြီထင်ပါရဲ့...
"မေကြီး စားလေ..."
"ဟုတ်ပါပြီတော်။ မေကြီးစားပါ့မယ်..."
ဒေါ်တုတ် သူ့ကိုစားခိုင်းလိုက် သူခွံကျွေးသမျှကို ပလုတ်ပလောင်းစားလိုက် လုပ်နေတဲ့ ရှစ်နှစ်ကျော်အရွယ်ကလေးငယ်လေးကို ပီတိအပြည့်နဲ့ကြည့်နေရင်း စိတ်ထဲမှာလေးလံသလို ခံစားလာရတယ်။ ဒီရက်ပိုင်း သူလူရော၊ စိတ်ရော လေးလံနေတာ။ သူ့ကိုယ်သူတောင် ဘာဖြစ်မှန်း ရေရေရာရာမသိတော့ပါဘူး...
_________
"ရပြီ။ ဟဲ့ ဒေါ်တုတ်! ညည်းမြေးမလေးကိုကြည့်စမ်း။ ချောချက်၊လှချက်။ ဒီကလေးက မြို့ရုပ်တော့..."
"ကျုပ်မြေးပဲအေ။ လှမှာပေါ့။ လာစမ်း မေကြီးဆီ..."
ဒေါ်တုတ် ပုခုံကျော်ရုံလောက်ရှိတဲ့ဆံပင်လေးတွေကို ဘေးနှစ်ဖက်မှာခွဲကာ ကျစ်ဆံမြှီးလေးကျစ်ထားပြီး ရှေ့ဆံမိတ်လေးအတိညှပ်ထားတဲ့ နန်းစံလေးကိုကြည့်ကာ သဘောတကျပြုံးမိတယ်။ ဒီနေ့ ဆုယူရမယ့်ရက်မို့ ဒေါ်ရင်အေးဆီ ကလေးကိုကြည့်ပြီး အဆင်ပြေအောင်ပြင်ပေးဖို့ အကူအညီတောင်းထားတာ။ သူ့လို ခေတ်နောက်ကျနေတဲ့အဖွားကြီးက သနပ်ခါးကြမ်းပဲ လိမ်းပေးတတ်တာမဟုတ်လား...
ဒေါ်တုတ် မြေးမလေးကိုကြည့်ကာ အတော်သဘောကျမိတယ်။ သူစုထားတဲ့ငွေလေးထုတ်ပြီး ဆုယူဖို့အတွက် ကျောင်းစိမ်းဂါဝန်အသစ်လေးနဲ့ ဖိနပ်အဖြူအပါးလေးတစ်ရံ ဝယ်ပေးထားရတာ။ ကျောင်းစိမ်းဂါဝန်လေးကလည်း အသစ်စက်စက်ဖြစ်တဲ့အပြင် ဖိနပ်လေးကလည်းအဖြူလေးဆိုတော့ တကယ်ကိုသန့်သန့်ပြန့်ပြန့်လေးပါ...
"ကြီးလာတော့ သူ့အမေနဲ့သိပ်မတူတော့ဘူးနော်။ ကျုပ်စိတ်ထင် သူ့အဖေနဲ့တူတာများလား..."
"မိရင်အေး!"
"အို...တောင်းပန်ပါတယ် ဒေါ်တုတ်ရယ်..."
ဒေါ်တုတ် မျက်နှာငယ်လေးဖြစ်သွားတဲ့ မြေးမလေးကိုကြည့်ကာ စိတ်မကောင်းဖြစ်မိတယ်။ ဒေါ်ရင်အေးကိုလည်း သူအပြစ်မပြောချင်ပါဘူး။ ဒေါ်ရင်အေးဆိုတာ နန်းစံလေးကို လူ့လောကရောက်အောင် မွေးထုတ်ပေးခဲ့တဲ့အပြင် သူပြီးရင် နန်းစံလေးကိုဂရုတစိုက်ရှိပေးတာ ရင်အေးပဲလေ...
"ဆုပေးပွဲက နီးပြီတော့ ကျုပ်သွားတော့မယ် ရင်အေး..."
"အေး...အေး။ သွား...နန်းစံလေး မေကြီးကို လက်တွဲသွားနော်..."
"ဟုတ်...ဖွားဖွား..."
"ကျေးဇူးပဲ ဒေါ်ရင်အေး..."
"ရပါတယ်တော်..."
ဒေါ်ရင်အေး အဖွားဖြစ်သူရဲ့လက်ကိုဆွဲကာ ခြံထဲကထွက်သွားတဲ့နန်းစံလေးကိုကြည့်ပြီး သက်ပြင်းချမိတယ်။ ဒီကလေးလည်း ကံဆိုးထဲက ကံကောင်းပြောရမှာပဲ။ ဒေါ်တုတ်လိုဖွားအေမျိုးရတာ တော်တော်ကံကောင်းပါတယ်လေ။ဒါပေမယ့်လည်း တစ်နေ့နေ့ဒေါ်တုတ်သာမရှိရင် ဒိကလေးဘယ်လိုရှေ့ဆက်မလဲစိတ်ပူမိတယ်...
__________
"ပထမဆုယူရန်အတွက် အဖွားဒေါ်တုတ်ခိုင်ရဲ့မြေး မနန်းစံဆုယူရန် စင်ပေါ်သို့ကြွပေးပါခင်မျာ..."
ဒေါ်တုတ် မြေးဖြစ်သူစင်ပေါ်တက်ကာ ဆုယူနေပုံကိုကြည့်ပြီး မျက်ရည်တို့ဝဲကာ ဂုဏ်ယူမိတယ်...
"မေကြီး!!!"
"လာပါဦးကွယ်..."
ဒေါ်တုတ် ဆုယူပြီးတာနဲ့ သူ့ဆီပြေးလာတဲ့ကလေးမလေးကို ပွေ့ချီကာ ပေါင်ပေါ်မှာထိုင်ခိုင်းလိုက်တယ်...
"မေကြီးမြေးလေးက တော််လိုက်တာ။ ဟယ် ဒါဆန်တွေပဲ..."
"ဟုတ်တယ် မေကြီး။ ပထမဆုက ဆန်တစ်ပြည်နဲ့ စာအုပ်တစ်ဒါဇင်တဲ့။ နန်းစံတို့ ဒီအပတ်ဆန်ဝယ်စရာမလိုတော့ဘူး။ စာအုပ်တွေလည်း ဝယ်ပေးစရာမလိုတော့ဘူး..."
"ဟုတ်တာပေါ့ကွယ်..."
"မေကြီး ဓာတ်ပုံရိုက်ရအောင်! တစ်ပုံနှစ်ရာတဲ့။ နန်းစံ ပိုက်ဆံစုထားတယ်။ မေကြီးနဲ့ အတူဓာတ်ပုံရိုက်ချင်လို့..."
"မေကြီးက အိုနေပါပြီ။ နန်းစံလေးသာရိုက်။ ဒေါ်ရင်အေးပြင်ပေးထားတာ တအားလှနေရော..."
"ဟင့်အင်း မေကြီးနဲ့ပဲ ရိုက်ချင်တာ။နော် မေကြီး။ သူငယ်ချင်းတွေဆီမှာဆို မိသားစုပုံရှိတယ်။ နန်းစံမှာ မရှိဘူး..."
ဒေါ်တုတ် မျက်ရည်လေးတွေဝဲကာ တောင်းဆိုနေတဲ့ နန်းစံလေးကြောင့် စိတ်ထဲအတော်ကိုမကောင်းဖြစ်သွားမိတယ်။ ခုလိုကြားရတော့ ဒီကလေးရဲ့မိသားစုကွက်လပ်လေးကို သူဘယ်လောက်ပဲဖြည့်စည်းပေးနေပါစေ မပြည့်လာပါလားဆိုတဲ့အတွေးဝင်မိတယ်...
"နန်းစံ...မေကြီးက ငါ့မြေးရဲ့မိသားစုဝင်ပဲဆိုတာကို မှတ်ထားနော်..."
"နန်းစံသိပါတယ် မေကြီး။ အဲ့တာကြောင့် နန်းစံက မေကြီးနဲ့အတူ မိသားစုဓာတ်ပုံရိုက်ချင်တာပါ..."
"ဟုတ်ပါပြီ နန်းစံလေးရယ်..."
ဒေါ်တုတ် ချစ်ဖို့ကောင်းလွန်းနေတဲ့ နန်းစံလေးရဲ့ပါးပြင်လေးကို အသာနမ်းကာ အစိမ်းရောင်အခင်းကြီးခင်းထားတဲ့ ဝါးစင်ကြီးပေါ်တက်လိုက်ပြီး သူတို့ရှေ့လာရပ်နေတဲ့ ကင်မရာမန်းဆိုတဲ့လူရဲ့လက်ထဲက ကင်မရာကို စိုက်ကြည့်ကာ ပြုံးနေလိုက်တယ်။ သူ့လက်ကိုချိတ်ထားတဲ့ နန်းစံလေးရဲလက်ကို အသာကိုင်ထားရင်းနဲ့ပေါ့...
ချပ်!
ပီတိဖြစ်နေတဲ့ အတွေးတွေအပြည့်နဲ့ ပြုံးပျော်နေရှာတဲ့ဒေါ်တုတ်။ သူ့မျက်လုံးရှေ့စူးခနဲနေအောင်လင်းသွားတဲ့ ကင်မရာကမီးအလင်းရောင်နဲ့အတူ ရုတ်တရက်မိုက်ခနဲဖြစ်သွားကာ ကြမ်းပြင်ပေါ်ကိုခွေခနဲလဲကျသွားတော့တယ်...
ရုတ်တရက်ဖြစ်သွားခဲ့တဲ့ အခြေအနေနဲ့အတူ လဲကျသွားတဲ့အဖွားဖြစ်သူရဲ့ဘေးမှာ ကြောက်လန့်တကြားငိုကြွေးနေတဲ့ ကလေးမလေး။ ထိုကလေးမလေးမသိတာက ဒီနေ့၊ဒီအချိန်ကစပြီး သူ့ဘဝလေးက အရင်လိုမဟုတ်တော့ဘူးဆိုတာကိုပေါ့...
__________
"မုန့်ဦးနှောက်!~~~"
ပူပြင်းလှတဲ့နွေရာသီရဲ့ နေပူဒဏ်ကိုအံတုကာ ရွာလမ်းတစ်လျှောက် ပျံ့နှံ့လာတဲ့ မိန်းကလေးတစ်ဦးရဲ့ အသံ...
ခေါင်းပေါ်နေတည့်တည့်ရောက်နေချိန် သဲထူတဲ့ရွာလမ်းတစ်လျှောက် မကြာခင်ကမှပူပူနွေးနွေးပေါင်းထားတဲ့ မုန့်ဦးနှောက်တောင်းကို ရွက်ထားရတာမို့ ချွေးတို့က ဦးခေါင်းကနေ ကျောထိရောက်အောင် စီးကျနေတဲ့အပြင် ပါးပေါ်က ပါးကွက်အထူသားမှာလည်း ချွေးစီးကြောင်းတို့က အထင်းသား...
"မုန့်ဦးနှောက်!~~~"
ရွာလမ်းတစ်လျှောက်ကို ထပ်မံလွှမ်းမိုးသွားတဲ့ မိန်းမငယ်လေးရဲ့အသံ...
ထိုအသံပိုင်ရှင်လေးမှာ အရောင်လွင့်နေပြီဖြစ်တဲ့ နီညိုရောင်ရှပ်အင်္ကျီလက်ရှည်လေးနဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့နက်ပြာရောင်ချည်ကြမ်းထမိန်တို့ကို ဝတ်ဆင်ထားပြီး တင်ပါးထိရှည်တဲ့ဆံပင်ကို ကျစ်ဆံမှီးနှစ်ဖက် ခွဲကာကျစ်ထားပုံက လွန်စွာချစ်စရာကောင်းလွန်းလှတယ်။ ငယ်ဂုဏ်လေးကိုမှ ဘယ်လောက်ပဲပင်ပန်းနေပါစေ အပြုံးမပျက်တဲ့ ထိုမိန်းကလေးရဲ့ ချိုသာလှတဲ့အပြုံးက လူတိုင်းကို စိတ်ချမ်းသာမှု ပေးနိုင်တယ်။ ထိုကဲ့သို့ ချိုသာလွန်းတဲ့အပြုံးပိုင်ရှင်လေးရဲ့နာမည်က ...
"ဟဲ့! မိနန်း!..."
"လာပြီ အကြီး!"
နန်းစံ။ ကျွန်မရဲ့ နာမည်ကနန်းစံပါ။ ခုဆို ကျွန်မဘဝ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တာ ခြောက်နှစ်ကျော်ရှိပြီ။ အရင်က မေကြီးဘေးက တစ်ကောက်ကောက်လိုက်ပြီး မေကြီးကိုဈေးရောင်းကူခဲ့တဲ့ကျွန်မက ခုဆိုမေကြီးရွက်ခဲ့တဲ့ ဈေးတောင်းကိုပဲ ရွက်ပြီး မေကြီးလျောက်ခဲ့တဲ့ ရွာလမ်းတွေကို တစ်လမ်းဝင်တစ်လမ်းထွက် မုန့်ဦးနှောက်လည်ရောင်းနေရပြီ...
"မိနန်း...အကြီးကို မုန့်ဦးနှောက် သုံးခုပေး..."
"ဟုတ်အကြီး သုံးခုကို တစ်ရာ့ငါးဆယ်ပါ..."
"ရော့ မိနန်း...ဒါနဲ့ ရီးတုတ်နေကောင်းရဲ့လား..."
"အရင်လိုပါပဲ အကြီး..."
အရင်လိုပါပဲ။ ထိုစကားက ဖြေတော့သာ လွယ်ပုံပေါ်ပေမယ့် ခံစားရတဲ့သူအတွက်တော့မသက်သာလှဘူး။ အကြီးဆီက ငွေလက်ခံပြီးတာနဲ့ တောင်းပြန်ရွက်ကာ ရွာလမ်းအတိုင်းလျှောက်လာရင်း လွန်ခဲ့တဲ့ခြောက်နှစ်က ထိုနေ့အကြောင်းပြန်တွေးမိတော့ စိတ်ထဲအတော်ကို မကောင်းဖြစ်မိတယ်...
အဲ့နေ့က ကျွန်မဆုယူတဲ့နေ့။ ပြီးတော့ ကျွန်မနဲ့မေကြီးရဲ့ပထမဆုံးဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့နေ့။ ကျွန်မမသိခဲ့တာက အဲ့နေ့က ကျွန်မမေကြီးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဘေးချင်းယှဉ်ရပ်နိုင်ခဲ့တဲ့ နောက်ဆုံးနေ့ဆိုတာကိုပေါ့...
အဲ့နေ့က ကျွန်မဆုယူယူပြီးချင်း မေကြီးနဲ့အတူ ဓာတ်ပုံရိုက်ဖို့ပြင်ကြတယ်။ ဓာတ်ပုံရိုက်ပြီးပြီးချင်းမျက်တောင်တစ်ခက်အတွင်းမှာပဲ လဲကျသွားတဲ့မေကြီးရဲ့ပုံရိပ်ကို ကျွန်မတော့တစ်သက်လုံးမေ့နိုင်မှာ မဟုတ်ဘူး...
ဘာမှရေရေရာရာမသိသေးတဲ့ ကျွန်မက မေကြီးလဲကျသွားတာကိုကြည့်ပြီး အဲ့နေ့က အရမ်းကြောက်နေခဲ့တာ။ ကျွန်မအတွေးထဲမှာ မေကြီးလည်းကျွန်မအမေလို ကျွန်မကိုထားသွားပြီဆိုတဲ့အတွေးက စိုးမိုးနေခဲ့တယ်။ ရှင်းရှင်းပြောရရင် မေကြီးဆုံးသွားပြီထင်ခဲ့တာပေါ့။ နောက်မှ သိလိုက်ရတာက မေကြီးကဆုံးသွားတာမဟုတ်ဘဲ လေဖြန်းသွားတာတဲ့။ အဲ့နေ့က ကျွန်မဆုရခဲ့တဲ့ ဆန်တွေကို မေကြီးနဲ့အတူ ထမင်းပူလေးဆီစမ်းပြီး အမဲခြောက်ဖုတ်လေးနဲ့အတူ စားမယ်လို့တွေးခဲ့ပေမယ့် တကယ့်တကယ်ကြ တစ်ဝက်ကိုဆန်ဆိုင်ပြန်သွင်းပြီး၊တစ်ဝက်ကတော့ ဆန်ပြုတ်ကျဲကျဲတွေအဖြစ်သာ ပြောင်းလဲသွားခဲ့ရရှာတယ်...
မေကြီးကျွန်မဘဝထဲ ရှိနေသေးပေမယ့် အရင်လိုတော့ မေကြီးရင်ခွင်မှာမှီခိုလို့ မရတော့ဘူး။ အဲ့နေ့ကစပြီး မေကြီးကျေးဇူးကြောင့် ခဲတံကိုင်ခဲ့တဲ့ ကျွန်မရဲ့လက်သေးသေးလေးတွေက အငွေ့တထောင်းထောင်းထနေတဲ့ မုန်ဦးနှောက်တွေကိုကိုင်ခဲ့ရပြီး မေကြီးအမြဲဂရုတစ်စိုက်ပွတ်သပ်ပေးတဲ့ ခေါင်းပေါ်မှာ ဈေးတောင်းကို မနိုင်မနင်းစရွက်ခဲ့ရတယ်...
ကလောင်! ကလောင်!
နန်းစံ တစ်လမ်းဝင်တစ်လမ်းထွက်ဈေးရောင်းနေရင်း အတွေးလွန်နေစဉ်မှာပင် ခပ်လှမ်းလှမ်းက ကြားလိုက်ရတဲ့ကျောင်းဆင်းခေါင်းလောင်းသံကြောင့် သူနောက်ကျနေပြီဆိုတာကို သိလိုက်တော့တယ်...
"မုန့်ဦးနှောက်!~~~"
နန်းစံ ကျောင်းသားလေးတွေ သူ့ကိုသတိထားမိစေရန် ခပ်လှမ်းလှမ်းကပင် အသံကျယ်ကျယ်အော်လိုက်ပြီး ကျောင်းရှေ့ကို သုတ်ခြေတင်ပြေးသွားလိုက်တယ်...
"အမကြီး! သားတို့ မုန့်ဦးနှောက်စားမယ်..."
"အေးပါကွယ်..."
နန်းစံ ကျောင်းရှေ့ရောက်တာနဲ့ သူ့နားအုံလာတဲ့ ကလေးတွေကြောင့် ဝမ်းပမ်းတသာပဲ ဈေးတောင်းကိုချကာ မုန့်ဦးနှောက်တွေကို ခပ်သွက်သွက်ရောင်းဖို့ပြင်လိုက်တယ်။ ဒီလူအုပ်လောက်ဆိုရင် ဒီနေ့တော့ညနေတအားစောင်းတဲ့ထိ ရောင်းရမယ့်ပုံမပေါ်ဘူး။ သူလည်း စောစောပြန်ရမလို မေကြီးလည်း ညစာစောစောစားရမှာမလို့ နန်းစံပျော်မိတယ်...
"အမကြီး! အုန်းသီးများများ!"
"အေးပါတော် ရော့ရော့!"
_________
ကျွီ...
"ဘယ်သူ..."
နန်းစံ အိမ်ပြန်အရောက် တံခါးဖွင့်ဖွင့်ခြင်းမှာပဲ မေကြီးရဲ့ မပီမသစကားသံကိုကြားလိုက်ရတာမို့ ပြုံးမိတယ်။ မေကြီးက အိပ်ရာထဲသာအမြဲလှဲနေရပေမယ့် သတိကတော့ကြီးသား...
"နန်းစံပါ မေကြီးရဲ့!"
"စော..."
"ဟုတ်တယ်မေကြီး ဒီနေ့ကလေးတွေက မုန့်ဦးနှောက်ကို ဓာတ်ကျနေတယ်လေ။ ခနနော် မေကြီး။ နန်းစံ ထမင်းအိုးတည်ဦးမယ်..."
နန်းစံ မေကြီးဆီအရင်မသွားသေးဘဲ တောင်းတွေ၊ဗန်းတွေကို နေရာတကျထားကာ ရေတစ်ခွက်အပြည့်သောက်လိုက်တယ်။ နေကလည်း ပူနေသေးတာမို့ ခြေမဆေးတော့ဘဲ၊ လက်ပဲဆေးပြီး ထမင်းအိုးတည်ဖို့ ပြင်လိုက်တယ်။ ဆန်တစ်လုံးဆေးပြီး နွားချေးခြောက်လေးတွေကိုသုံးကာ မီးမွှေးပြီးတာနဲ့ ထမင်းအိုးကို ထိုမီးဖိုပေါ်တင်ပြီးတည်ထားလိုက်တယ်။ အဲ့နောက်မှာတော့ သူမရဲ့ဦးတည်ရာက တဲအိမ်လေးအတွင်းဘက်မှာ လဲလျောင်းနေတဲ့မေကြီးဆီကိုပဲပေါ့ ...
"မေကြီး..."
နန်းစံ လဲလျောင်းနေတဲ့ မေကြီးရဲ့အနားရောက်တာနဲ့ မေကြီးခြုံထားတဲ့စောင်ကို အသာဖယ်ကာ မေကြီးခန္ဓာကိုယ်နဲ့ဖျာကြားက ထမိန်စုတ်လေးတွေကို စိုစွတ်နေသလားဆိုပြီး စစ်ဆေးလိုက်တယ်...
"ဟောတော်...မေကြီး ဒီတစ်နေ့လုံးအလေးရော၊အပေါ့ရော မစွန့်ပါလား။ ဆီးချုပ်၊ဝမ်းချုပ်ဖြစ်နေတာများလား..."
နန်းစံ စကားဆုံးတာနဲ့စကားပြောဖို့ အားယူနေပုံပေါ်တဲ့ မေကြီးကြောင့် စိတ်မကောင်းဖြစ်ရတယ်။ အချို့ရွာထဲက လူကြီးတွေဆို လေဖြတ်တဲ့အခါ အသက်ရှင်ဖို့တောင်မလွယ်တာကို မေကြီးကတော့ သူ့အတွက် တစ်ချိန်လုံးအားတင်းထားပြီး စကားပြန်ပြောနိုင်တဲ့ထိကို ကြိုးစားနေခဲ့တာ...
"ထိန်းနိုင်တယ်..."
"မလိုပါဘူး မေကြီးရယ်။ နန်းစံ မေကြီးကို ပြုစုနိုင်ပါတယ်..."
နန်းစံ သူမရဲ့ပါးပြင်ပေါ်ရောက်လာတဲ့ မေကြီးရဲ့ ညာဘက်လက်လေးကိုအပေါ်ကအုပ်ကိုင်ကာ မေကြီးကိုအာဘွားပေးလိုက်တယ်...
"ပင်ပန်းတယ်..."
နန်းစံ မေကြီးရဲ့စကားကြောင့် ခေါင်းခါမိတယ်...
"မပင်ပန်းပါဘူး မေကြီးရယ်။ နန်းစံရဲ့အသက်က ခုမှဆယ့်ငါးနှစ်တောင်မပြည့်သေးဘူး။ မေကြီးကသာ အဖွားကြီးဖြစ်နေတာတောင် နန်းစံကို တစ်ရွာဝင်တစ်ရွာထွက်ရှာကျွေးခဲ့တာလေ..."
ဒေါ်တုတ် မြေးမလးရဲ့စကားကြောင့် စိတ်လည်းမကောင်းသလို၊ ဝမ်းလည်းဝမ်းသာမိတယ်။ သူအဲ့နေ့က လေဖြတ်သွားပြီး အသိပြန်ဝင်လာတဲ့အချိန် ပထမဆုံးတွေးမိတာက ဒီကလေးမလေး ဘယ်လိုအသက်ဆက်ရှင်မလဲလို့ပေါ့။ ဒါပေမယ့် လိမ္မာလွန်းတဲ့ဒီကလေးက သူ့ခြေရာကိုနင်းပြီး အသက်အရွယ်နဲ့မလိုက်အောင်လောကကြီးကိုရင်ဆိုင်နိုင်ခဲ့ရှာတယ်...
"မေကြီး...ထမင်းအိုးဝေပြီထင်တယ်။ နန်းစံသွားမွှေလိုက်ဦးမယ်..."
ချက်ချင်းပဲ အနားကထွက်သွားတဲ့ ထိုကလေးမလေးရဲ့ကျောပြင်ကိုကြည့်ပြီး ဒေါ်တုတ် စိတ်ပူမိတယ်။ အပျိုဖော်ဝင်တဲ့အရွယ်လေးမို့ ဒီကလေးမလေးရဲ့လုံခြုံရေးကိုစိတ်ပူမိတယ်။ ဒီအရွယ်လေးတွေဆိုတာ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်လေးတွေဖြစ်လို့ မတော်တရော်လူနဲ့တွေ့သွားမှာဆိုးတဲ့အပြင် အချို့လူယုတ်မာတွေကြလည်း အခွင့်အရေးရရင် စော်ကား၊မော်ကား လုပ်မှာ စိုးရိမ်ရသေးတယ်လေ...
ဒေါ်တုတ် မျက်နှာပေါ်စီးကျလာတဲ့ မျက်ရည်တို့ကို နန်းစံလေးသတိမထားမိအောင် လက်ခုံနဲ့ တုန်တုန်ရီရီသုတ်ပစ်ကာ နန်းစံလေးတဲထဲပြန်ဝင်လာတာကို စောင့်နေမိတယ်။ စိတ်ထဲမှာလည်း ဒီကလေးမလေးအရွယ်မြန်မြန်ရောက်လာပြီး လူကောင်းလေးနဲ့အကြောင်းပါတဲ့နေ့ထိ အသက်ရှင်နိုင်ဖို့ ဆုတောင်းမိတယ်။ အဲ့လိုမှမဟုတ်ရင် သူသေရင်တောင် စိတ်ဖြောင့်ဖြောင့်သေနိုင်မှာမဟုတ်ဘူး...
_________
"မေကြီး...ဟ!။ ဒီတစ်လုတ်ပြီးရင် ကုန်ပြီ..."
နံနက်ငါးနာရီကျော်ကျော်ပဲရှိသေးပေမယ့် နန်းစံကတော့ ရေမိုးချိုး၊ထမင်းဟင်းချက်ပြီးတဲ့အပြင် ဘုရားဆွမ်းကပ်ပြီး၊ မေကြီးကိုလည်းမနက်စာထမင်းပူပျော့ပျော့နဲ့ပဲပြုတ်လေးခွံကျွေးလို့ပြီးတော့မှာပင်ဖြစ်သည်...
ခနနေရင် ပဲပြုတ်တောင်းရွက်ပြီး နံနက်စာပဲပြုတ်ရောင်းရတော့မှာမို့ မေကြီးကို ဗိုက်မဆာစေရန် ထမင်းကျွေးနေတာဖြစ်တယ်။ ပြီးရင်တော့ မနက်ကိုးနာရီလောက် အိမ်ပြန်လာပြီး ခနနားကာ နေ့လည် မုန့်ဦးနှောက်ရောင်းဖို့အတွက် ပြင်ဆင်ရမှာမဟုတ်လား...
"ပြီးပြီနော် မေကြီး...ဒီတိုင်းလေးခနနေဦးနော်။ မလှဲသေးနဲ့။ သမီးသွားခါနီးမှ မေကြီးကိုလှဲပေးခဲ့မယ်..."
နန်းစံမေကြီးကို ခွံကျွေးပြီးတာနဲ့ ထမင်းပူအချို့ကို မနေ့ကကျန်တဲ့ထမင်းကြမ်းလေးနဲ့ရောကာ ပဲပြုတ်နဲ့နယ်ပြီး အစာပြေစေရန်အမြန်ပဲစားသောက်လိုက်တယ်။ ပြီးတာနဲ့ ဆေးစရာရှိတာဆေးပြီး မေကြီးကို ဖျာပေါ်သေချာလှဲချပေးကာ ဈေးတောင်းခေါင်းရွက်ပြီး ပုံမှန်အတိုင်းပဲ မနက်ခင်းကို စတင်ဖို့ပြင်လိုက်တယ်...
"မေကြီး...သမီးသွားပြီနော်..."
နန်စံမေကြီးကို နှုတ်ဆက်ပြီးတာနဲ့ ကြက်တွန်သံကလွဲ တိတ်ဆိတ်နေတဲ့ တစ်ရွာလုံးကို နိုးထစေရန် သူမအသံကို အားကုန်သုံးကာ အော်ဟစ်လိုက်တယ်...
"ပဲပြုတ်ပူပူလေး! ပဲပြုတ်~~~"
-
-
-
"ဘကြီးမောင်!"
"နန်းစံ...ဒီနေ့ရော အမဲခြောက်ပဲလား..."
"ဟုတ်...ဘကြီး။ အမဲခြောက်လေးကို ကြွပ်နေအောင်ဖုတ်ပြီး မေကြီးကို ကျွေးမလို့လေ..."
"အေးအေး...ဘကြီးမောင် ပေးလိုက်မယ်နော်..."
"နှစ်ထောင့်ငါးရာဖိုးလောက်ပဲနော် ဘကြီး..."
"အေးပါ။ ဘကြီးသိပါတယ်။ ရော့! ဒီနေ့တော့ ဘကြီးအပိုမပေးတော့ဘူး။ နောက်နေ့မှ ဘကြီးပိုပေးမယ်နော်..."
"ဟုတ် ဘကြီး..."
နန်းစံ သူမလက်ထဲရောက်လာတဲ့ အမဲခြောက်တွဲကိုကြည့်ကာ ပြုံးမိတယ်။ ကံဆိုးထဲက ကံကောင်းလို့ပဲပြောရမလား။ မေကြီးက ပါးစပ်ရွဲ့သွားတာတောင် အရမ်းကြီးမာတဲ့အစားအစာမျိုးမဟုတ်ရင် စားနိုင်တယ်။ အဲ့တာကြောင့်လည်း သူကအမြဲတမ်း မေကြီးကို အမဲခြောက်လေးဝယ်ပြီး ကြွပ်နေအောင်ဖုတ်ကာ အပိုင်းအစသေးလေးတွေချေပြီး ထမင်းနဲ့ရောကျွေးလေ့ရှိတယ်။ အဲ့လိုရက်ဆို မေကြီးကထမင်းတစ်ပန်းကန်အပြည့်နီးနီးကုန်တယ်လေ...
"သွားဦးမယ်နော်...ဘကြီး..."
"အေး...အော် ခနလေး..."
နန်းစံပြန်မလို့ရှိသေး သူမကိုခနနေဖို့ပြောကာ အိမ်ထဲဝင်သွားတဲ့ ဘကြီးမောင်ကြောင့် ဘာများပေးစရာရှိလို့လဲဆိုပြီး စောင့်နေမိတယ်။ ဘာလို့လဲဆို ရွာထဲမှာ သူ့ကိုမစောင်းမချိတ်ဘဲ စောင့်ရှောက်တတ်တဲ့သူဆိုလို့ ဘကြီးမောင်တို့လင်မယားနဲ့ အဖွားရင်တို့ပဲရှိတာလေ...
"ရော့ နန်းစံ။ တော်သေးတယ်။ ဘကြီးမေ့တော့မလို့။ အမဲခြောက်ကို တောင်းထဲထည့်လိုက်ပါလား။ ဒါကြ ညည်းရဲ့တောင်းထဲထည့်လို့ မကောင်းဘူးလေ..."
နန်းစံ ဘကြီးမောင်ရဲ့စကားကြောင့် အလန့်တကြားပဲ တောင်းကိုချကာ ဘကြီးမောင်လက်ထဲက အထုတ်တွေကို လှမ်းယူလိုက်တယ်...
"ထမိန်တွေလား ဘကြီးမောင်..."
"အေး ညည်းကြီးတော်ဟာတွေ။ သူက ညည်းလာရင်ပေးမလို့တဲ့။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းရောက်နေလေရဲ့..."
"အော်...ဘကြီးမောင်ရယ်...နန်းစံဘာသာ သယ်မှာပေါ့။ ငရဲကြီးအောင်..."
"ဘကြီးက အယူမကြီးပါဘူး။ ကဲ ကဲ ပြန်တော့လေ။ ရီးတုတ် မျှော်နေပါဦးမယ်..."
"ဟုတ် ဘကြီးမောင်။ အကြီးကို ကျေးဇူးပါလို့ ပြောပေးနော်..."
"အေးပါ။ သွား...ပြန်တော့..."
"ဟုတ် ဘကြီး..."
နန်းစံခြင်းထဲကို အမဲခြောက်ထည့်ကာ ခေါင်းပေါ်တင်ရွက်လိုက်ပြီး တစ်ဖက်ကဘကြီးမောင်ပေးလိုက်တဲ့ အဝတ်ထုတ်ကို ပျော်ပျော်ကြီးဆွဲသွားလိုက်တယ်။ အကြီးက သူ့ကိုအမြဲတမ်းအဝတ်တွေ ပေးနေကြ။ အသစ်တွေတော့မဟုတ်ပေမယ့် ပေးသမျှက သန့်သန့်လေးတွေမို့ သူစမ်းဝတ်ကြည့်ဖို့ ရင်ခုန်နေပြီ...
"ထမိန် အသစ်ဝတ်ရတော့မယ်..."
"မိနန်း!!!"
နန်းစံ စိတ်ကူးလေးနဲ့ပျော်နေတုန်း ရွာလမ်းထိပ်တည့်တည့်ကနေစီးကာ စောင့်နေတဲ့ ဘကြီးကြောင့် ခေါင်းပေါ်ကတောင်းကို ချက်ချင်းရင်ဝယ်ပိုက်ကာ တုန်နေမိတယ်...
ဘကြီးပုံကြည့်ရတာလည်း မူးနေပုံပေါ်တာကြောင့် သူဒီနေ့တော့ အရိုက်ခံရတော့မယ်ဆိုတာကို နန်းစံကြိုသိလိုက်ပါပြီ...
"ဘကြီး..."
"ညည်းမှာ ငွေဘယ်လောက်ပါလဲ မိနန်း..."
//////////
{ ၁၁.၁.၂၀၂၅ }
{ ၉:၂၀ }
*ပစ်တိုင်းထောင်*
Keep Reading