ညဉ့်ယံထက်[ Nyint Yan Htet ]
*ပစ်တိုင်းထောင်လေး ပုတိုတို...
မျက်နှာပြုံးချိုချို...
ပစ်ချင်သလို ပစ်လို့ချ...
ကျရာထောင်လို့ထား...
သူ့ဘဝနဲ့ သူ့အဖြစ်တွေ...
အံ့ဩလောက်ပါပေ...
ခြေတွေ၊လက်တွေ မရှိပါဘဲ...
ကိုယ်ထူ ကိုယ်ထအမြဲ...
အခက်အခဲ သူရင်ဆိုင်...
စိတ်ဓာတ်မယိမ်းယိုင်...
အနိုင်မခံ အရှုံးမပေး...
အပြေးပြိုင်ချင်သေး...*
နားထဲမှာ ပြန်ကြားယောင်လာခဲ့တဲ့ ထိုသားချော့တေးသံ သဲ့သဲ့....
မျက်လုံးအိမ်အတွင်းမှာ မျက်ရည်တွေဝေ့သီလာပေမယ့် နွမ်းလျနေပြီး အဖြူရောင်စက္ကူပန်းကဲ့သို့ပင် ခြောက်ကပ်နေသောနှုတ်ခမ်းသားတို့ကတော့ ကွေးရုံမျှဆိုကာမူ ပြုံးမိသား....
"ပစ်တိုင်းထောင်....ပစ်တိုင်းထောင်....."
ခြောက်ကပ်နေတဲ့ လည်ချောင်းဝမှ တိုးဝှေ့ထွက်လာတဲ့ ခက်ရှရှ အသံ....
သားချော့တေးထဲက ပစ်တိုင်းထောင်လေးကအပြေးပြိုင်ချင်သတဲ့လား။ အပြေးပြိုင်တဲ့အခါရော နိုင်မှာတဲ့လား...
အလိမ်အညာတွေ...အားလုံးဟာ အလိမ်အညာတွေ....
*ကျရာထောင်လို့ထား* ဆိုပဲ။ အားလုံးက လဲကျတဲ့အခါ ပြန်ထဖို့ သင်ပေးကြတယ်။ ဒါပေမယ့်....
ဒါပေမယ့် ဘာလို့အဲ့နေရာကနေ လွတ်မြောက်အောင် ကြိုးစားဖို့အတွက် မသင်ပေးရတာလဲ။ သူပြန်ထခဲ့တယ်။ အကြိမ်ကြိမ် အခါခါ လဲကျတိုင်း သူအားတင်းပြီး ပြန်ထခဲ့ပါတယ်...
ရီစရာကောင်းလွန်းတာက သူဟာအကြိမ်ကြိမ်ပြန်ထခဲ့ပေမယ့် သူအဲ့နေရာကနေ မလွတ်မြောက်ခဲ့ဘူး။ လဲကျတယ်။ ပြန်ထတယ်။ ဒါပေမယ့်....အဲ့နေရာကနေ လွတ်မြောက်ဖို့၊ အဲ့နေရာကနေ ရှေ့ဆက်လျှောက်ဖို့တော့ သူ မတွေးခဲ့မိဘူးပဲ...
*အမှန်တကယ်တော့ သူမဟာ အသက်ဆက်ဖို့ကမ်းစပ်ကိုတွေ့နေပါလျက် ထိုကမ်းစပ်ကိုဥပေက္ခာပြုကာ ပင်လယ်ထဲမှာပဲ အသက်လုပြီး ဆက်လက်ကူးခတ်ဖို့ကြိုးစားနေတဲ့ ကံဆိုးဆိုးမိန်းကလေးတစ်ဦးသာ ဖြစ်ပေတယ်.....*
*ပစ်တိုင်းထောင်*
//////////
[ ၁. ၁. ၂၀၂၅ ]
[ ည ၉:၀၀ ]
Keep Reading