သင်္ကေတ

လူတိုင်း ဘဝတွင် တစ်ကြိမ်တစ်ခါမျှ အားကိုးရာ မရှိသော အခြေအနေ ရှိဖူးကြလိမ့်မည်။ ထိုအခါမှာ လောကကြီးမှ လက်ဆောင်များ ပေးသောအချိန် ဖြစ်သည်။ လက်ဆောင်များဟု မမြင်ဘဲ မိမိအတွက် ပြဿနာ၊အခက်အခဲ၊ ဒုက္ခများဟုပဲ အမြဲမြင်မိလျှင် တကယ့် အခက်အခဲ၊ပြဿနာများ စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာမှာဖြစ်သည်။
လူငယ် "မင်း အမြဲတမ်းပဲ ကံဆိုးနေတယ်လို့ ခံစားရဖူးလား။"
"ကိုယ့်မှာမှ ကွက်ပြီး ကံဆိုးနေတယ်လို့ရော ခံစားဖူးလား။"
"မင်း ကံကောင်းတဲ့အချိန်တွေကိုရော ခံစားခဲ့ရဖူးလား။"
ဒီလိုမျိုးတွေများ တွေးမိနေပြီဆိုလျှင် "ဘယ်လို" လုပ်ဆောင်ရမလဲ ဆိုတာ ဒီ ဆောင်းပါးမှ တစ်ဆင့် မျှဝေပေးလိုက် ပါသည်။
မိမိဘဝတွင် "ကံကောင်းနေတယ်၊ ကံဆိုးနေတယ်" ဟု သတိထားမိသော အချိန်များ ရှိဖူးကြမည်။ ရှိလည်း ရှိသည်။ ထို့ကြောင့် "ငါ ကံဆိုးလိုက်တာ၊ ငါ ကံကောင်းလိုက်တာ " ဟူသော စကားသံများ ထွက်လာကြခြင်းဖြစ်သည်။ ကံဆိုးခြင်း၊ကံကောင်းခြင်း ဆိုသည်များမှာ မိမိ၏ တစ်စက္ကန့်တိုင်း၊မိနစ်တိုင်း၊နာရီတိုင်း၊နေ့တိုင်း လုပ်ဆောင်နေသော အချက်များ၊အပြုအမူများ အပေါ်၌ မူတည်နေသည်။
လူငယ် "မင်းရဲ့ ကိုယ်၊စိတ်၊နှုတ် သုံးပါးလုံးမှာ အစဉ် ကောင်းသောအလုပ်၊ကောင်းသောအတွေး၊ကောင်းသောအပြောများ ပြုမူတွေးတောလုပ်ဆောင် နေဖို့ အင်မတန်မှ လိုအပ်တယ်။"
လူငယ် "မင်း ဒီနှစ်ချက်ကို မမေ့ပါစေနဲ့။"
နံပါတ်(၁)
နံပါတ်(၂)
ပျော်ရွှင်မှု၊ဝမ်းသာမှု ဖြစ်စေ ပြဿနာ၊အခက်အခဲ ဖြစ်စေ မည်သည့်အရာပင် ကြုံလာကြုံလာ ခဏတာဖြစ်သည်။ ဤအရာများသည် ခံစားချက်များ ဖြစ်သောကြောင့် အကြာကြီး သိမ်းဆည်းထား၍ မရ။ အချိန်တစ်ခုလျှင် ပျောက်သွားမည်သာ ဖြစ်သည်။ (အမုန်း၊အငြိုး၊မာန်မာန၊အာဃာတ နှင့် သက်ဆိုင်သော အရာများကို မဆိုလိုပါ။)
ဒီအသိရှိမှုလေး တစ်ခုသည် မင်း ဘဝကို ကောင်းမွန်စွာ တည်ဆောက်ရန်အတွက် အထောက်အကူပေးနိုင်သည်။
မိမိ၌ပဲ ကြုံနေရတယ် ဟု ခံစားနေလျှင် အချိန်သာကုန်ဆုံးမည်။ ဖြစ်မည့်အရာ၊ပျက်မည့်အရာများသည် ဆက်ဖြစ်ပျက်နေမည်။
ဘယ်လို လုပ်ဆောင်ရမည်ဆိုများကို
အချက်များဖြင့် ဖော်ပြပေးလိုက်ပါသည်။
ပထမဦးဆုံး မိမိ စိတ်အဆင်မပြေ (စိတ်ပျက်၊စိတ်တို၊ဒေါသထွက်၊စိတ်အမျိုးမျိုးဖြစ်...) သောအခါ မည်သူ့ကိုမှ မည်သည့်အရာမျှ မပြောဘဲ နှုတ်တိတ် နေလိုက်ပါ။
ထိုသို့ လိုမျိုး နေနိုင်လျှင် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်စကားများ ပြောမိဖို့ရာ ရာခိုင်နှုန်းနည်းသွားပြီ။
ကိုယ့်ကိုယ်ကိုယ် စကားတွေ ပြောချင်လျှင် မှတ်စုစာအုပ်ထဲ၌ စိတ်ထဲရှိသောအတိုင်း စာချရေးလိုက်ပါ။ စိတ်ကိုပေါ့ပါးသွားစေရလိမ့်မည်။
ဒုတိယအချက်အနေဖြင့် ကိုယ် ဘာဆက်လုပ်ရမလဲဆိုတာ တွေးတောပါ။
မင်း ပျော်စရာများကြုံရလျှင် ပျော်နေ၍ပဲ မပြီးသွားသလို၊ ဝမ်းနည်းစရာကြုံရလျှင်လည်းဝမ်းနည်းနေ၍ မပြီးသွားဘူး။ တစ်ခဏတာ ခံစားရခြင်းများကို အချိန်ပေးပြီး ခံစားနေရလျှင် မင်း အချိန်သက်သက်ဖြုန်းနေတခြင်းပဲဖြစ်သည်။ မခံစားရဘူး ဟု မပြောလိုပါ။ သတိရှိစွာ ခံစားလိုက်ပါ။ထို့နောက် လုပ်စရာရှိသောအရာများ ဆက်လုပ်ရန် တွေးတောပါ။
လူ့ဘဝကို လူတိုင်းက သူတို့ မြင်သလို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်တတ်ကြသည်။ ပြန်ချုံကြည့်လိုက်လျှင် သဘောတရားမှာ အကုန်အတူတူပဲဖြစ်သည်။ ဘဝဆိုတာ အမြဲတမ်း ပုံသေ(ကျောင်းမှ ဖတ်စာအုပ်ကြီး)အတိုင်း ရှိနေမှာ မဟုတ်ဘူး။ အတက်အကျ၊ အနိမ့်အမြင့်များနှင့် လည်ပတ်သွားနေတာ ဖြစ်သည်။ ဤအချက်ကိုလည်း လက်ခံတတ်ရမည်။ နားလည်ထားဖို့လည်း လိုအပ်သည်။ ဒါတွေကို ကျင့်သုံးနိုင်လျှင် မင်းက မင်းဘဝမှာ မည်သည့်အရာပဲကြုံကြုံ တုန်လှုပ်မှု နည်းသွားလိမ့်မည်။
မင်း ပတ်ဝန်းကျင်တွင် ကြားဖူးကြတာရှိမည်။ ကံဆိုးမှုရောက်လာလျှင် ဆက်တိုက် ကံဆိုးတတ်မျိုး၊ ကံကောင်းမှုရောက်လာလျှင် ဆက်တိုင် ကံကောင်းတတ်တာမျိုး။ မင်း ကိုယ်တိုင်လည်း ကြုံဖူးလိမ့်မည်။ကံဆိုးနေတယ် ဟု ခံစားရလျှင် ပျော်လိုက်ပါ။ မိမိ၏ ဆပ်ရမည့် ဝဋ်ကြွေးများ ဆပ်နေခြင်းဟု မှတ်ယူပါ။ စိတ်နှလုံးအေးချမ်းရစေသည်။ မိမိဆီ မကောင်းသောအရာများ ရောက်လာခြင်းဆိုတာ ကောင်းသောအရာများ ရောက်လာရန်အတွက် နေရာရှင်းခြင်း ဖြစ်ပါသည်။
ဒါက နိယာမ ဖြစ်သည်။
ဒီလိုအချိန်တွေရောက်လာရင် ဘာလုပ်ကြရမ လဲ။
ကံဆိုးနေတယ် ဟုဆိုပြီး ဗေဒင်မေး ယတြာချေတာတွေ သွားလုပ်မနေပါနဲ့။ အချိန်ကုန်၊လူပင်ပန်း၊ပိုက်ဆံကုန်စေပါတယ်။သွားမေးလိုက်လျှင် ဗေဒင်ဆရာ ပေးလိုက်သော ယတြာမှာ ဖြစ်နိုင်ချေရှိပြီး ယုတ္တိရှိတာမျိုး ဆိုလျှင် လုပ် ကြည့်လိုက်ပါ။
ကံကောင်းနေတယ် ဟုပြီးလည်း အပျော်လွန်ပြီး ရူးရူးမိုက်မိုက်လျှောက်မလုပ်မိစေနဲ့။
အရိုးရှင်းဆုံးအနေဖြင့် ကံဆိုးဆိုး၊ကံကောင်း ကောင်း ကုသိုလ်ဖြစ်စေမည့် ကောင်းသော အလုပ်များကို လုပ်ပါ။
ကံဆိုးနေပါသလား။
ကောင်းမှုကုသိုလ် များများ လုပ်လိုက်ပါ။
ကံကောင်းနေပါသလား။
ကောင်းမှုကုသိုလ် များများ ပိုလုပ်လိုက်ပါ။
တတိယအချက်မှာ မိမိကိုယ့်ကိုယ် ယုံကြည်ပါ။
ယုံကြည်မှုသည် နေရာတိုင်းတွင် အရေးပါသည်။ ယုံကြည်မှုမရှိလျှင် လူမှုဆက်ဆံရေး ကိစ္စအဝဝ၌ အဆင်ပြေချောမွေ့မှာ မဟုတ်ပါ။
ယုံကြည်မှုသည် မြုပ်ကွက်တစ်ခုဖြစ်သည်။ ယုံကြည်မှုများ ရှိလျှင် အပြောင်းအလဲများ ဖြစ်မည်။
ကံဆိုးနေသောအချိန်၌လည်း မိမိလုပ်မည့်အရာများကို ယုံကြည်မှုရှိရှိလုပ်ပါ။ မယုံကြည်ဘဲနှင့် "ငါ လုပ်မှလုပ်နိုင်ပါ့မလား" ဆိုသော စိတ်ဖြင့်လုပ်လျှင် သေချာပေါက် ကျရှုံးမှာဖြစ်သည်။ မည်သူမှ မိမိကို မယုံလျှင်တောင် ကိုယ်ကိုယ်တိုင် ကိုယ့်၏ လုပ်နိုင်စွမ်း ကိုယုံကြည်နေပါ။
ကံဆိုးနေချိန်၌ ကိုယ်တိုင်ယုံကြည်မှုကို မတည်ဆောက်နိုင်သေးလျှင် ကိုးကွယ်ရာ ဘာသာတရားကို ယုံကြည်ပါ။
ဥပမာ_ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုလျှင် မြတ်စွာဘုရား၏ ဂုဏ်တော်များကို ပွားများပါ။ ဒေသနာတော်များကို နာကြားပါ။ ဘုရားနေ့စဉ်ပုံမှန် ရှိခိုးပါ။ ဤအရာများက ကုသိုလ်ကောင်းမှု လုပ်ခြင်းပါ။ မိမိလုပ်လိုက်တဲ့အရာအပေါ် ဂုဏ်ယူပါ။ ကောင်းသောအလုပ် လုပ်လိုက် သောကြောင့် မိမိဆီ ကောင်းသောအရာများ ပြန်လည်ရောက်ရှိလာမည်ဆိုတာ ယုံကြည်လိုက်ပါ။ တစ်ခါတစ်ရံ ယုံကြည်နေပါလျက် ကံကြမ္မာအလှည့်အပြောင်း မကောင်းသောအရာများ ရောက်ရှိတတ်သော အခါမျိုးလည်း ရှိတတ်သည်။ ထိုအခါများကို ဝဋ်ကြွေးဆပ်နေတယ် ဟု သဘောထားပါ။
ဘာသာတရား မဟုတ်ရင်လည်း မိမိ၏ ခံယူချက် တစ်ခုခုကို ယုံကြည်လိုက်ပါ။ တကယ် ယုံကြည်လျှင် ယုံကြည်သောအတိုင်း ဖြစ်လာသည်။
နောက်ဆုံးအနေဖြင့် ကံဆိုးခြင်း၊ကံကောင်းခြင်းဆိုတာ
မိမိ၏လုပ်ရပ်များနှင့် တိုက်ရိုက်အချိုးကျ သက်ဆိုင်သည် ဟုနားလည်ထားပါ။
ဒါကြောင့် နေ့စဉ် ကောင်းသောအရာများသာ ပြုမူပါ။ ယုံကြည်မှု ထားသောအခါ၌လည်း မည်သည့်အရာပေါ်မှာမှ အလွန်အကြူး မပြုလုပ်မိပါစေနှင့်။
မိမိဘဝကို ကျေနပ်ကြသော လူငယ်များ ဖြစ်ကြပါစေ ဟု ရေးသားရင်း အဆုံးသတ်လိုက်ပါသည်။
စာဖတ်သောသူများအား ထာဝစဉ် လေးစားလျက်
ရေးသားသူ_ သင်္ကေတ
1/1/2025(Wednesday)
Write for People
စာများဆက်လက်ဖတ်လိုပါက
နှင့် Feedback များ ပြောကြားလိုပါက
My own Telegram
Keep Reading