Author's Profile Photo

Youth’s Book Reflections

20/12/2024

သျှင်ဥက္ကဌနှင့်ကျောက်ကွင်းအရေးတော်ပုံ-သခင်မြတ်ဆိုင်

2 mins read
Book Review
သျှင်ဥက္ကဌနှင့်ကျောက်ကွင်းအရေးတော်ပုံ-သခင်မြတ်ဆိုင်'s photo

————-—————————————
ကျောက်ကွင်းဆိုတဲ့ ဧရာဝတီအရှေ့ဘက်ကမ်းဒေသက မြေပြန့် ချင်းရွာလေးမှာဖြစ်ခဲ့တဲ့ ဘာသာနှစ်ခု ငြင်းကြခုံကြတဲ့ ပွဲ။အရင်းစစ်ရရင် ချင်းတစ်ရွာလုံးက တစ်ဦးတည်းသော မိရိုးဖလာ ဗုဒ္ဓဘာသာသူကြီးဦးလှောင် နဲ့ သူ့ရဲ့ချစ်လှစွာသော ခရစ်ယာန်ဘာသာသက်ဝင်ယုံကြည်သူ ဇနီးနဲ့ နှစ်ဦးသား သူ့ဘာသာထက်ငါ့ဘာသာကောင်းတယ် အပြိုင်ငြင်းကြရင်း တစ်နိုင်ငံလုံးဟိုးဟိုးကျော်ဖြစ်ခဲ့ရတဲ့ပွဲ။

စာချုပ်စာတမ်းတွေနဲ့တကွ စည်းမျဉ်းတွေပါအသေချာချလို့ နှစ်ဖက်ဘာသာကထိပ်တကာ့ထိပ်ခေါင်တွေကိုပင့်ဖိတ်ပြီး အပီအပြင် ချကြမယ့်ပွဲဖြစ်တာကြောင့် သတင်းက ရွာနီးချုပ်စပ်ကနေ မြို့ရွာဒေသအသီးသီး ပျံ့နှံသွားပါလေရော။သာမန်ပွဲလေးကနေ ကိုယ့်ဘာသာရေးညှိုးနွမ်းသွားနိုင်တဲ့ပွဲမလို့ နှစ်ဖက်သောတရားဟောပုဂ္ဂိုလ်တို့အတွက်တော့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ဘာသာရေးစည်ပင်ပြန့်ပွါးမှုဝန်ကို ထမ်းထားရမည့်အတွက် တော်သင့်ရုံပုဂ္ဂိုလ်၊ကိုယ့်ဘာသာသာ နှံ့စပ်သည့်ပုဂ္ဂိုလ်တို့ မထမ်းဝံ့ကြဘဲရှိတယ်။

ခရစ်ယာန်ဘက်က ပြောဟောချေပမယ့်ပုဂ္ဂိုလ်က အင်းစိန်ကျမ်းစာသင် ကျောင်းအုပ်ကြီး ဖားသားဦးရွှေမှန်(ပထမကျော်အောင်ပြီးသော ဘုန်းကြီးလူထွက်ကြီး)၊ပါဠိ ပိဋကတ် နှံ့စပ်ကျွမ်းကျင်တဲ့ မန္တလေးကဓမ္မဆရာဦးသာဒင်တို့ကဲ့သို့ ကိုယ့်ဘာသာရော ပြိုင်
ရမည့်ဘာသာအပေါ် အထူးတလည် နှံ့စပ်ကျွမ်းကျင်ကြသူများပါ၍ အစပိုင်းတွင် သူကြီးဦးလှောင်မှာ အတော်ပင် အပူသောကများပြီးစိတ်အဆင်းရဲကြီးဆင်းရဲနေသည်။ပွဲကျင်းပမည့်ရက်ကပ်လေသည့်တိုင် ဗုဒ္ဓဘာသာဘက်က ခုခံချေပပြောမည့်သူ မပေါ်လာ။ကိုယ့်ဘာသာသာ နှံ့စပ်ကျွမ်းကျင်ကြပြီး စင်ပြိုင်ဘာသာအပေါ် အကျွမ်းတဝင်မရှိကြ။ဒီလိုနဲ့ ရက်ကပ်လေ ဦးလှောင်ခမျာ အအိပ်အစားပျက်လေတော့သည်။

ကျောက်ကွင်းသတင်းက အမြို့မြို့အနယ်နယ် တောမီးပမာ ပျံ့နှံ့သွားသည်နှင့်အညီ တောင်တွင်းကြီး အသျှင်ဥက္ကဌဆီကထိုသတင်းက ရှေ့မှောက်ရောက်လာလေတော့သည်။အသျှင်ဥက္ကဌဆိုသည်မှာလည်း နယ်နယ်ရရမဟုတ် ပါဠိသက္ကတအပြင် ဟိန္ဒူ ဗြဟ္မဏ၊အစ္စလာမ်၊ခရစ်ယာန်(စာဖြူစာနီ)တို့ကို အနောက်နိုင်ငံတွေမှာ ဆည်းပူးလေ့လာထားတဲ့ ထက်မြက်ပညာတတ် ပုဂ္ဂိုလ်။ဒီတွင် ဘာသာကြီးနှစ်ဘာသာငြင်းခုံကြတဲ့ ပွဲကြီးကို မြိုင်မြိုင်ဆိုင်ဆိုင် စည်ကားသိုက်မြိုက်စွာကျင်းပဖြစ်ပြီး သမိုင်းမော်ကွန်းသစ်တင်ဖို့ အစပျိုးခဲ့ခြင်းပင်။

လမ်းပန်းဆက်သွယ်ရေးအရရော အဘက်ဘက်က ခက်ခဲကြပ်တည်းလွန်းလှသဖြင့် ပြောစမှတ်တွင်လောက်အောင်
နာမည်မကြီးခဲ့သော်ငြား စာပေ၊ဘာသာရေးလိုက်စားသူတို့အတွက်တော့ ဒီကျောက်ကွင်းအရေးတော်ပုံကိုကြားဖူးပါလိမ့်မယ်။မှတ်တမ်းသဘောမျိုးထက် ကျောက်ကွင်းအရေးတော်ပုံအဖြစ်အပျက်ကို လမ်းခရီးတောတောင်ရေမြေ၊ဘေးပတ်ဝန်းကျင်ရှုခင်း၊စကားပြောခန်း၊ဆွေးနွေးခန်းစတာတွေနဲ့ ရသမြောက်သိုင်းဝိုင်းထားတာမလို့ တကယ့်အဖြစ်အပျက်တစ်ရပ်ကို မပျင်းရဘဲ ဗဟုသုတတိုးပွါးစေမှာပါ။နှစ်ဖက်လုံးကလည်း စာပေကျမ်းဂန်နှံ့စပ်သူများမလို့ အငြင်းပွါးဖွယ်အချက်တွေကို ဘယ်ကျမ်းဘယ်ကစသည်ဖြင့် သေချာ ညွှန်းဆိုဝေဖန်ကြတယ်။ဘယ်အချက်တွေကို အဓိကထား ဝေဖန်ဆွေးနွေးကြတယ်၊ဝေဖန်တဲ့အပေါ်ဘယ်လိုဖြေရှင်းချက်ပြန်ပေးခဲ့လဲ ဆိုတာတွေကိုတော့ စာအုပ်မှာ အသေးစိတ်ဖတ်ကြည့်ပါခင်ဗျာ။

ပွဲအကြောင်းအရာအပြင် သျှင်ဥက္ကဌနဲ့ ရဟန်းရှင်လူပညာရှိတို့ မေးကြဖြေကြတာတွေကလည်း မှတ်သားထိုက်ပါတယ်။သာဓကအနေနဲ့ ဘုံဘဝတွေဆိုတာ ဗုဒ္ဓဟောခဲ့တယ်လို့ တပ်အပ်ပြောလို့မရကြောင်း၊ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး နှစ်ရာနဲ့ချီကြာပြီးမှ ပေထက်အက္ခရာတင်တာဖြစ်ကြောင်း၊ဗုဒ္ဓရဲ့တရားအစစ်အမှန်ဟာ အပေါ်ယံအတုအယောင် လိုရာဆွဲရေးပြုပြင်တဲ့သူတွေလက်ချက်မကင်းကြောင်းကဲ့သို့သောအချက်များအပြင် ဘုရားရှိခိုးမှာပါသော ဗုဒ္ဓရဲ့တရားတော်နဲ့မကိုက်ညီတဲ့ အချက်မျိုး စသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုနဲ့ပတ်သက်ပြီး အဂတိတရားကင်းစင်သွားပါလိမ့်မယ်။သိပ္ပံနည်းကျ ဘာကြောင့်၊ဘယ်လိုဆိုတဲ့ လူငယ်တွေမေးချင်ကြမယ့်မေးခွန်းတွေနဲ့ ဆန်းစစ်ကြည့်၊မေးခွန်းထုတ်ခွင့်ရှိတဲ့ဘာသာလို့လည်း ဆိုထားပါတယ်။

ချုပ်ရရင်တော့ တဆင့်သိရုံကြားရုံနဲ့ မယုံလိုက်ဘဲ ကိုယ့်ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်၊ဘာသာတရားရဲ့အနှစ်သာရကိုလေ့လာပြီးယုံကြည်ကိုးကွယ်ကြဖို့နဲ့အစွန်းရောက် တစ်ယူသန်စိတ်တွေနည်းပါးဖို့၊ ကောင်းတဲ့အချက်တွေယူပြီး မကောင်းတာတွေ ပယ်
နိုင်ပါမှ လူ့ဘဝသက်တမ်းတိုတိုလေးမှာ အကျိုးရှိစွာနေနိုင်ပါလိမ့်မယ်။မိဘကကိုးကွယ်လို့ လိုက်ကိုးကွယ်တဲ့ မိရိုးဖလာ ဘာသာကိုးကွယ်မှုထက် ကိုယ်ကိုယ်တိုင် ကိုးကွယ်မှုဘာသာတရားရဲ့အနှစ်သာရကဘာလဲဆိုတာကို ရှာဖွေတဲ့နေရာမှာ ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။

#bookreview #ကျောက်ကွင်းအရေးတော်ပုံ
#Youths_book_reflections

Keep Reading

သည်းခြေကြိုက် စာအုပ် ၆ အုပ်တန်ဆေးလွန်ဘေးBook Reviewချန်လှပ်ခဲ့သော ဇွန်လနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါ