Jane Catherine - the storyteller
(၂) သက်တံသည် လှပသော စိတ်ကူးတစ်ခုသာ ဖြစ်သည်။
ခရမ်းရောင် သက်တံပြီးနောက် နှစ်အနည်းငယ်အကြာ စက်တင်ဘာလ၏ တစ်နေ့သောအခါတွင် ယုန်ဖြူကလေး အပြင်ထွက်မိပါသည်။ အဲ… ထွက်မိတယ်ဆိုတာမှ သူတို့ အရင်ဆုံခဲ့ကြသော နေရာကိုမှ သွားရပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝက်ဝံက သူထိုင်နေကျ ဆိုင်ထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရပါသည်။ ထိုမျှနှင့် မပြီးသေး၊ မျက်လုံးချင်းကလည်း ဖျတ်ခနဲ ဆုံမိလိုက်ရပါသည်။ ဟိုဘက်က မျက်နှာကို အရင်လွှဲသွားသောကြောင့် ဘာတွေပြောင်းလဲနေပြီလဲ သေသေချာချာတောင် မမြင်လိုက်ရပါ။ သို့သော် အတိတ်က ဖြစ်ရပ်တစ်ချို့ကိုတော့ ပြန်မြင်ယောင်စေပါသည်။
ဆောင်းရာသီအစလောက်က ဖြစ်ပါသည်။ ယုန်ကလေးတစ်ကောင်က စားနေကျ ဆိုင်ထဲကို အနောက်က ကျားလိုက်လာသည့်အလား ပြေးဝင်လာကာ သူ့သူငယ်ချင်းထိုင်နေသည့်ဝိုင်းတွင် ကမန်းကတန်းဝင်ထိုင်လိုက်ပါသည်။ ပြီးတော့ ဒီနေ့အတန်းကို မတက်နိုင်တော့ကြောင်း၊ အချစ်နဲ့ ရုပ်ရှင်သွားကြည့်မှာ ဖြစ်ကြောင်းများကို သွားအအေးပတ်အောင် ဖြီး၍ ပြောနေပါသည်။ ရည်းစားရအောင် တိုက်တွန်းမိသည့် သူ့သူငယ်ချင်းခမျာ အတော်နောင်တရသွားပါသည်။ ခါတိုင်းဆို သူတို့နှစ်ယောက် ချစ်ကြည်နူးတစ်တီတူးနေမည့်အချိန်ကို ဟိုရည်းစားတောင် မတော်ရသေးသူက လုယူသွားပါသည်။ “ဘုရား ဘုရား ရည်းစားသာ ဖြစ်သွားရင် ငါ့ကို မေ့သွားတော့မှာပဲ” ဟု အတွေးတောင် မဆုံးသေးခင် ကားတစ်စီး ထိုးရပ်လာသဖြင့် ကဆုန်ပေါက်သွားသည့် ယုန်ကလေးကို အနောက်မှသာ ငေးကြည့်လိုက်ရပါတော့သည်။
ထုံးစံအတိုင်း ယုန်ကလေးက စကားတတွတ်တွတ်ပြောနေပါသည်။ ဟိုကလည်း လမ်းကိုကြည့်လိုက်၊ တစ်ချက် ဝင်ဝင်ထောက်လိုက်၊ မသိမသာ စောင်းကြည့်လိုက်နှင့် ရုပ်ရှင်ရုံသို့ ရောက်သွားပါသည်။ နောက် ယုန်ကလေးက ရှေ့ဆုံးတန်းမှ လက်မှတ်ကို ဝယ်ဖို့ လုပ်ပါသည်။ ဝက်ဝံက တစ်ချက် ချောင်းဟန့်လိုက်ပါသည်။ ထိုအခါမှ ယုန်က အနောက်ကို တစ်ချက် ပြန်လှည့်ကြည့်၊ သွားဖြီးပြလိုက်ပြီး သူ့အနောက်က ခုံကို ဝယ်ပါသည်။ ဝက်ဝံက ပေါက်ပေါက်ဆုပ်ဝယ်ရန် ကြိုးစားသော်လည်း “လက်မပေချင်ဘူး” ဟု ပယ်ချခံလိုက်ရပါသည်။ ထိုသို့ဖြင့် ပေါက်ပေါက်ဆုပ်ခွက်ထဲ မတော်တဆ လက်ချင်းထိမိမည့် စိတ်ကူးကလေးလည်း ကြေပျက်သွားပြီး လူ၁၀ယောက်ခန့်ပင် မပြည့်သော ရုပ်ရှင်ရုံထဲသို့ ဝင်လိုက်ရပါတော့သည်။ ထုံးစံအတိုင်း ယုန်ကလေးက အရှေ့မှ ခုန်ဆွ ခုန်ဆွ၊ ဝက်ဝံက ဖြည်းဖြည်းလေးလေး။
သူတို့ခုံနေရာတွင် ဝင်ထိုင်ပြီးနောက် ယုန်ကလေးက ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ကောင်လေးက ဘယ်သူ့ကို ရှာနေသလဲ ဟု စိတ်ပူဟန်ဖြင့်
“ဘာဖြစ်လို့လဲ?” ဟု မေးလိုက်ပါသည်။
သူ့ဘက်ကို ခေါင်းပြန်လှည့်လာသော ယုန်မကလေးသည် ရုတ်တရက် ကမ္ဘာကြီး ပျက်စီးရေးကို ကြံစည်နေသည့် မိစ္ဆာမလေးအသွင်သို့ ပြောင်းသွားပါသည်။ မိစ္ဆာမလေးပင် ဖြစ်လင့်ကစား ချစ်စရာကောင်းသည့် မိစ္ဆာမလေးပင် ဖြစ်ပါလိမ့်မည်။
“ဟဲ့.. ငါတို့ အနောက်က အတွဲခုံမှာ သွားထိုင်ကြမလား ဟီးဟီး”
ကောင်လေးက ရှက်ကိုးရှက်ကန်း တစ်ချက် ဖြစ်သွားသည်။
“ဟာ.. ငါတို့က ဝယ်မှ မဝယ်ထားတာ။ ဘယ်လိုလုပ် သွားထိုင်လို့ ဖြစ်မှာလဲ?”
“မဟုတ်ဘူးလေ။ မနက်ပိုင်းအချိန်တွေက လူမှ မရှိတာ။ လုပ်ပါ။ ငါက တစ်ခါမှ မထိုင်ဖူးဘူး။ ငါက ဒီဘက်ခုံမှာ ထိုင်မယ်၊ နင်က ဟိုဘက်ခုံမှာထိုင်လေ။ အကျယ်ကြီး မိုက်တယ်”
စောစောက ရှက်ကိုးရှက်ကန်းစိတ်များ ဘယ်ရောက်သွားသည်မသိ။ ‘ဪ.. ဟုတ်သားပဲ။ သူ့မှာ ဒါမျိုးတွေမှ မရှိတာ’ ဟု ဖြည့်တွေးပေးလိုက်ရသည်။
“ပေါက်တတ်ကရတွေ”
ထို့နောက် နိုင်ငံတော်အလံ ပေါ်လာသောကြောင့် မတ်တပ်ထရပ်ကြသည်။ ကောင်လေးက မျက်လုံးကြီးကို အတင်းမှိတ်ထားစဉ် ဘေးနားမှ တခွိခွိရယ်သံကို ကြားရသည်။ မျက်လုံးဖွင့်ကြည့်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ‘သူ ဘာကို ရယ်နေတာလဲ? ငါ့ကိုပဲ ကြည့်ပြီး ရယ်နေသလား”
မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူ့ဘေးနားမှ ယုန်ကလေး အနောက်နှစ်တန်းကျော်သို့ ရောက်သွားတာ တွေ့လိုက်ရသည်။
“လာ။ ဒီအချိန်လောက်ဆိုရင်တော့ ဘယ်သူမှ မလာလောက်တော့ဘူး။ ဒီလောက်ရွှေ့တာကတော့ ဘာမှမဖြစ်လောက်ပါဘူး။ ဟုတ်တယ်မလား”
ဘာမှမပြောတော့ဘဲ နေရာရွှေ့ပေးလိုက်ရသည်။ သိပ်မကြာခင် ရုပ်ရှင်စပါသည်။
ရုပ်ရှင်က ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ထားသော ရုပ်ရှင်ဖြစ်ပါသည်။ ၃နာရီခန့် ကြာပြီးနောက် သူတို့ ကားပေါ်ပြန်ရောက်သွားကြပါသည်။ ကားထဲဝင်ဝင်ခြင်း ဘုရင်မလေးက “အိုက်လိုက်တာ” ဟု မိန့်တော်မူသဖြင့် ကောင်လေးခမျာ အဲယားကွန်းကို ခပ်သုတ်သုတ် ဖွင့်ပေးလိုက်ရပါသည်။
“ကဲ.. ဘယ်သွားကြမလဲ” ကောင်လေးက ကားပါကင်မှ တစ်ဘီးချင်းလှိမ့်ထွက်ရင်း မေးလိုက်ပါသည်။
ကောင်မလေးက သူ့ဆံပင်ကို ဖြည်ရင်း
“ဘယ်သွားရမှာလဲ ကျောင်းပေါ့။ မနက်က Social အတန်းကို လစ်ထားတာ ဆရာတောင် ဆူနေတော့မယ်။ ဟီးဟီး ဒီတစ်ခါတော့ သူတို့ ခံပလေ့စေ။ ဆရာက အတန်းထဲမှာ ထိုင်နေတဲ့သူပဲ ဆူတော့ ငါပဲ အဆူခံနေရရရော။ ဒီတစ်ခေါက်တော့ လွတ်သွားပြီ ဟိဟိ”
ပါးစပ်မှ ပြောရင်း မျက်စိမှိတ်လိုက် လျှာထုတ်လိုက် လုပ်နေပါသည်။ ကောင်လေးက ကြည့်ရင်း ရယ်နေပါသည်။ နောက် ကောင်မလေးက ရှက်သွားဟန်ဖြင့်
“ငါ့ကို ကြည့်မနေနဲ့။ အရှေ့ကိုကြည့်။ တိုက်ရင် မလျော်နိုင်ဘူး” ဟု ပြောပြီး မျက်နှာကို ခပ်တည်တည်ကလေး လုပ်နေပါသည်။
ကောင်လေးက ပြုံးစစဖြင့် “ဟုတ်ကဲ့ ဟုတ်” ဟု ပြန်ပြောပါသည်။ ထို့နောက် သက်တောင့်သက်သာရှိသည့် ငြိမ်သက်မှုတစ်မျိုး လွှမ်းမိုးသွားပါသည်။
ကားပေါ်တွင် One Direction သီချင်းက မတိုးမကျယ် ပျံ့လွင့်နေပါသည်။ ယုန်မကလေးက လွယ်အိတ်ကိုပိုက်ကာ အရှေ့ကို ကြည့်နေပါသည်။ နောက် ကားမောင်းနေသည့် ဟိုတစ်ယောက်ကိုလည်း ဖြတ်ခနဲ ကြည့်လိုက်ပါသည်။ နောက် တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ကျောင်းစာအုပ်ကို ထုတ်ဖတ်နေပါသည်။
ပြည်လမ်းကြီးပေါ်တွင် ကားက မနှေးမမြန် ရွေ့လျားနေပါသည်။ နောက် သိပ်မကြာခင်မှာပင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဝင်သွားပြီး ရာမညဆောင်ပေါ်တီကိုအောက်တွင် ထိုးရပ်လိုက်ပါသည်။
ယုန်မလေးက ကားပေါ်မှ ဖြတ်ခနဲဆင်းသွားပြီး အဆောင်အောက်ထပ်က ခုံတန်းပေါ်ထိုင်နေသည့် သူ့သူငယ်ချင်းထံသို့ ပြေးဖက်လိုက်သည်ကို မြင်ရပါသည်။
“တာ့တာ” ဟူသောအသံကသာ ဝဲကျန်လိုက်ပါသည်။
ကောင်လေးက တွေးပါသည်။ “ငါ့ကိုကျ လက်တောင်မကိုင်ဘဲနဲ့”
နောက် ကားကို ဖြည်းဖြည်းချင်း မောင်းကာထွက်သွားပါတော့သည်။ ၁၅ မိနစ်လောက်အကြာတွင် ဖုန်းထဲကို စာတစ်စောင် ရောက်လာပါသည်။
“Thanks. I had a good time!”
ကောင်လေး အားရပါးရပြုံးလိုက်ပါသည်။ စောစောက သဝန်တိုနေသည်များကိုလည်း မေ့သွားပါသည်။ သူမသိသည်မှာ ဟိုတစ်ယောက်က ဘာဆက်ပို့ရမလဲဟု ချီတုံချတုံ စဉ်းစားနေခြင်းကို ဖြစ်ပါသည်။
ထိုအချိန်များသည် ပျော်စရာအချိန်များ ဖြစ်ပါသည်။ အလုပ်လည်း မရှိ၊ ဖိအားလည်း မရှိ၊ ဝန်ထုပ်လည်း မရှိ၊ လေးလံခြင်းများ မရှိဘဲ ကောင်းကင်ကိုမော့ပြီး သက်တံကို ခံစားနိုင်သော အချိန်များ ဖြစ်ပါသည်။ ပင်ပန်းသည့်အချိန်တိုင်း ယုန်ကလေးက ထိုအချိန်များကို ပြန်တမ်းတပါသည်။ အထူးသဖြင့် ယခုလို သူနှင့် ရှိခဲ့ဖူးသည့် နေရာများသို့ ပြန်ရောက်ရချိန်တွင် ပိုသတိရပါသည်။
ကောင်းကင်တွင် သက်တံ မရှိပါ။ ကောင်မလေးတွင်လည်း သက်တံကို စိတ်အေးလက်သာ ခံစားနိုင်သည့် အစွမ်းအစ ရှိမနေပါ။ သက်တံသည် လှပသည့် စိတ်ကူးတစ်ခုသာ ဖြစ်ပါသည်။ ကျဲတောက်အောင် ပူနေသည့်နေက မျက်နှာကို ထိုးလာသဖြင့် လက်ဖြင့် ကာလိုက်ရပါသည်။ ဆိုင်ထဲကို ကြည့်သောအခါ သူငယ်ချင်းများနှင့် စကားပြောကာ ရယ်နေသည့် သူ့ကို တွေ့ပါသည်။ ကောင်မလေးက ကျောပိုးအိတ်မှ ကြိုးကို လက်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပါသည်။ ထို့နောက် ဆိုင်ထဲကို လမ်းလျှောက်ဝင်သွားပါသည်။ လွတ်နေသော စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်ကာ အိတ်ထဲမှ စာအုပ်ကို ထုတ်၍ ကမ္ဘာကြီးကို မေ့သွားသည့်အလား စာထိုင်ဖတ်နေပါတော့သည်။
ပြီးပြီ။
Keep Reading