Eaint Eaint Razi
"သံသရာ ဘဝအဆက်ဆက် သူ၏ လောင်မြိုက်ခြင်းကို ဖန်တီးရတဲ့သူ ဖြစ်ပါစေ။ အမုန်းတရားတွေ ရှည်ကြာပြီး ကျွန်တော်မျိုးမရှေ့ ဒူးထောက်ရတဲ့သူ၊ ကျွန်တော်မျိုးမထက် နိမ့်ကျတဲ့သူ ဖြစ်ပါစေ။" . ဒီကျိန်စာကို ဘယ်သူက တိုက်ခဲ့လေသလဲ။ ဓမ္မရံကြီးကို တည်ထားခဲ့တဲ့ နရသူမင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့ မင်းတစ်ပါးဆိုသော်လည်း ဘုရင်ဟူသော ဂုဏ်ပုဒ်တစ်ခုကို ဘယ်သူကများ မလေးမခန့် လုပ်ဝံ့လေသလဲ။ ဘုရင်ထက်နိမ့်ကျတဲ့ ဘယ်လိုလူတစ်ယောက်ကများ ဘုရင့်ကို သူ့ထက်ပိုပြီး ပြန်နိမ့်ကျစေချင်လေသလဲ။ ဒီမေးခွန်းတွေဟာ ဒီကျိန်စာကို ဖတ်မိတိုင်း ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းရှုပ်စေတဲ့ မေးခွန်းတွေ။ နောက်ပြီး...စာအုပ်ကလေးကို လက်ကမချချင်ဘဲ တစ်ထိုင်တည်း ဆက်တိုက်ဖတ်ဖြစ်စေခဲ့တဲ့ တွန်းအားတွေ...။ . "ပုဂံမှာ လူဖြစ်လာရတာက ကျိန်စာကြောင့်လား"တဲ့။ ဝဋ်ကြွေးတွေ ဆပ်ဖို့မကုန်နိုင်သေးတဲ့ နရသူလေးရဲ့ ထိရှဖွယ်စကားလေး။ ကျိန်စာနဲ့ပါတ်သတ်ရင် ငယ်ငယ်လေးကတည်းက သိပ်စိတ်ဝင်စားတတ်သူမို့ ဒီစာအုပ်လေးက ကျွန်မကို ထင်ထားတာထက်ပိုပြီး အတွေးတွေအများကြီး ပေးတယ်။ ဥပမာပြရရင် ကျွန်မတို့လည်း ပုဂံခေတ်က ဘယ်လိုလူတွေ ဖြစ်ခဲ့လိမ့်မလဲဆိုတဲ့အတွေး မျိုးပေါ့။ ကျိန်စာဆိုတာ အမုန်းကြောင့် ဖြစ်တည်ပေါ်ပေါက်လာတာမျိုးလား။ "အမုန်းတွေနဲ့ အဆုံးသတ်တဲ့ ဘဝတိုင်းအတွက် ကျိန်စာတွေက ပြီးမှာ မဟုတ်ဘူး"တဲ့။ သိပ်ကောင်းတဲ့ စကားလေးတစ်ခွန်း။ ခု ဒီစာအုပ်ထဲမှာ ပါတဲ့ ကျိန်စာရဲ့ အဓိက ကာယကံရှင်တွေက (၁)နရသူမင်း၊ (၂) ဘုရားတည်ရာမှာ သူအပ်ထိုးလိုက်လို့ ဝင်သွားတာကြောင့် မြင်းလေးကောင်နဲ့ အရပ်လေးမျက်နှာကို ဆွဲဆန့်ပြီး အရိုးတခြား အသားတခြားဖြစ်အောင် အသတ်ခံခဲ့ရတဲ့ ပန်းရံဆရာ၊ (၃) အဲ့လို ပန်းရံဆရာလေး ရက်ရက်စက်စက် အသတ်ခံလိုက်ရတာကို မျက်စိနဲ့အတပ်မြင်လိုက်မိလို့ နာကျည်းကြေကွဲစွာ ကျိန်စာတိုက်ခဲ့တဲ့ သူ့ဇနီး နတ်ဆရာမလေး။ သူတို့တွေ သုံးဘဝဆက်တိုက် ပြန်ဝင်စားလာကြတဲ့အခါ ပထမမြောက်ဘဝမှာ ထွန်းဝေ၊ ထွန်းကြိုင် နဲ့ မာလာတို့ ဇာတ်လမ်းလေး ဖြစ်လာရဲ့။ ဒုတိယမြောက်ဘဝမှာတော့ မင်းထင်၊ နေရောင်နဲ့ အေးတို့ရဲ့ ဇာတ်လမ်းလေး။ ဟော...အခုနောက်ဆုံး တတိယမြောက်ဘဝမှာတော့ နရသူ ၊ မှိုင်းဝေ နဲ့ လင်းလင်းထွန်းတို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးပဲ။ နှစ် ၃၀ မှာ တစ်ခါ ပုဂံမှာ နရသူကျိန်စာစက်ဝန်း တစ်ပတ်ပြန်လည်တဲ့အခါ လင်းလင်းထွန်းနဲ့ ကောင်လေး နရသူတို့ရဲ့ဘဝမှာတင် ကျိန်စာတွေက အဆုံးသတ်သွားမလား။ ဒါမှမဟုတ် အမုန်းတရားတွေ ရှည်ကြာပြီး ဘဝတွေတစ်ဖန်ဖြစ်တည်လာကြကာ ကျိန်စာတွေက ဆက်အသက်ဝင်နေဦးမှာလား။ သို့လော သို့လော အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးပြီးဖတ်ဖြစ်စေခဲ့တဲ့ စာအုပ်လေးပါ။ နရသူမင်းနဲ့ နတ်ဆရာမတို့ရဲ့ အပြန်အလှန်ဆိုခဲ့ကြတဲ့ ကျိန်စာအကြောင်းကို သိတဲ့သူနည်းမယ်လို့ ကျွန်မထင်တယ်။ ဒါဟာ သမိုင်းလို့ပဲဆိုဆို၊ ပါးစပ်ရာဇဝင်လို့ပဲ ဆိုဆို လူအတော်များများ မသိသေးတဲ့ ပုံပြင်တစ်ခုကနေ သိပ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်အောင် ခိုင်မာလေးနက်တဲ့ ဇာတ်အိမ်အဖွဲ့အနွဲ့တွေကို အခြေတည်ပြီး ခင်းကျင်းပြထားတာက သိပ်ကို စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မက ဝတ္ထုဆိုရင် အပြောဟန်ထပ် အပြဟန်ကို ပိုသဘောကျတတ်တဲ့ စာဖတ်သူမျိုးမို့ ဆရာမရဲ့ ဒီစာအုပ်လေးက ဝတ္ထုဖတ်ရတဲ့အရသာထက် ဇာတ်ကားတစ်ကားကြည့်နေရသလို ခံစားမှုမျိုးပေးတယ်လို့ မြင်မိတယ်။ ဒါကြောင့်လည်း စာအုပ်ဖတ်နေရင်းနဲ့ ဒီဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေးမိသလို ကိုယ်သဘောကျတဲ့ ဇာတ်ကောင်တွေ ပျက်စီးသွားမှာ နှမြောစိတ်နဲ့ ရုပ်ရှင်ရိုက်ခွင့်ပြုလိုက်မှာလည်း စိုးနေမိတယ်။ အဲ့လို ခံစားမှုအမျိုးမျိုး ပေးတဲ့ ဝတ္ထုလေးပေါ့။ သံယောဇဥ်တွေနဲ့ ဖွဲ့သီထားတဲ့သူငယ်ချင်းချစ်ကလေးကိုလည်း တစ်ပိုင်းတစ်စ လှစ်ဟပြထားသေး။ ဒါကပဲ နရသူဝတ္ထုကို ပြီးပြည့်စုံတဲ့ရသတွေ ထုံမွှမ်းနေအောင် ဖြည့်ဆည်းပေးနေသလား ထင်မိတယ်။ လင်းအသက်၃၀ပြည့်တဲ့ညကစပြီး ရက်၃၀တိတိ တူညီတဲ့အိပ်မက်တစ်ခုကို မက်ခဲ့ရာက အစပြုခဲ့တဲ့ လင်းရဲ့ ပုဂံခရီးစဥ်အကြောင်းကို လင်းရဲ့ချစ်သူ ကိုမှိုင်းဝေကို အသိပေးဖို့ လင်းရဲ့သူငယ်ချင်း ရသက တိုက်တွန်းတော့ လင်းက ဘာပြန်ပြောသလဲ သိလား။ " သူက နင်မဟုတ်ဘူး ရသ"တဲ့ကွယ်။ အဲ့လိုမျိုးလေ သူငယ်ချင်းလောက်တောင် ကိုယ့်ကိုနားလည်မပေးနိုင်တဲ့သူကိုတော့ ချစ်သူတော်ထားပြီး ကိုယ့်လက်တွဲဖော်ဖြစ်မယ့်သူထက်တောင် ကိုယ့်ရဲ့အရာရာကို နားလည်ပေးတဲ့ သူငယ်ချင်းကိုကျ ဘာကြောင့်များ ချစ်သူဖြစ်ခွင့်မပေးခဲ့လေသလဲ လင်းရယ်။ ကိုယ့်စိတ်ထဲမှာ မချိတင်ကဲ ဖြစ်ခဲ့ရတဲ့ ဝတ္ထုအပိုဒ်တွေပေါ့။ ဒီစာအုပ်ဖတ်ပြီး ကိုယ့်စိတ်ဝိဉာဥ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ဘုရားတွေက နရသူမင်း တည်ထားခဲ့တဲ့ ဓမ္မရံကြီးဘုရားနဲ့ သူ့ဖခင် အလောင်းစည်သူမင်းကြီးကို အကျဥ်းချသတ်ခဲ့တဲ့ ရွှေဂူကြီးဘုရား။ အပိုပြောတယ်လို့ ထင်ချင်ထင်ပါစေ...ကိုယ်ဟာ ပုဂံရှုခင်းနဲ့ ပုဂံဘုရားတွေတွေ့တိုင်း ဓမ္မရံကြီးကိုပဲ အသည်းအသည် ရှာဖွေနေမိတော့တာ။ ကုသိုလ်စိတ်နဲ့ ကြည်နူးမှုမဖြစ်စေပေမဲ့ မွန်းကြပ်မှုတွေနဲ့အတူ စိတ်ကို ဆွဲညှို့ထားလိုက်တာများ... မယုံရင် ဖတ်သာဖတ်ကြည့်ကြဗျာလို့ပဲ ပြောချင်မိတဲ့အထိ။ "ပုဂံမှာက ကျောင်းနေလည်း အပိုပဲ အစ်မရ။ အချိန်တန် ဈေးရောင်းရမှာပဲလေ။ ဒါမှမဟုတ် ကျုပ်တို့လို လယ်လုပ်ရမှာ။ ကျောင်းဆိုတာ ကျုပ်တို့အတွက် သိပ်အရေးမကြီးဘူး"တဲ့။ နရသူမင်း ဝင်စားပါတယ်ဆိုတဲ့ နရသူလေးရဲ့ စကား။ မျက်စိထဲမှာ ပုဂံက ဈေးရောင်းတဲ့ ကလေးမျိုးစုံကို ပြန်မြင်ယောင်မိတယ်။ နရသူ့လို ကလေးမျိုးတွေ နရသူတွေးသလို ဘယ်လောက်များ တွေးထားပြီးကြပြီလဲ။ သူတို့ဘဝဟာ ဈေးရောင်းဖို့သက်သက်ပဲလို့ ခံယူနေကြတုန်းပဲလား။ ကိုယ့်ဘဝကိုယ် အောင်မြင်အောင်၊ ကိုယ့်ပုဂံမြေကို ပိုတိုးတက်ထွန်းကားစေအောင် ဆရာမခေတ်ရှေးညိုဟာ ဒီစာအုပ်လေးထဲက လင်းလင်းထွန်းကနေတဆင့် အသိပညာဗဟုသုတနဲ့စိတ်ဓာတ်ခွန်အားတွေ ပေးထားလိုက်တာ သိပ်ကို ကျေးဇူးတင်စရာပါ။ "ကျွန်တော် ပုဂံမှာမနေချင်လို့။ နောက်ပြီး ပုဂံက ကျွန်တော့်ကို အလိုမရှိလို့"ဆိုတဲ့ နရသူ။ သူဟာ အရင့်အရင် သုံးဘဝမြောက်ကလို ရက်စက်ကြမ်းကြုတ်တဲ့ နရသူမင်းပုံစံအတိုင်းပဲ ဆက်ရှင်သန်သွားမှာလား။ ဒါမှမဟုတ် ပုဂံကအလိုရှိပြီး ပုဂံကိုအကျိုးပြုမယ့် လူကောင်းလူသန့်လူရည်ချွန်လေး နရသူအဖြစ် ပြောင်းလဲသွားမလားဆိုတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်နော်။ "ပုဂံကို ထိန်းသိမ်းဖို့ ပုဂံကိုချစ်တဲ့ ပုဂံပြည်သူပြည်သားတွေ လိုတယ်။ ပုဂံက ကိုယ့်ကို အလိုမရှိဘူးဆိုတာမျိုးမတွေးဘဲ ပုဂံက အလိုရှိအောင် ဘယ်လိုကြိုးစားရမလဲဆိုတာပဲ ထည့်စဥ်းစားရမှာ။ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေမှာ ပုဂံကို ပေါင်းထည့်ဖို့ အိပ်မက်မက်ရမှာ"တဲ့။ နရသူကို ခွန်အားတွေပေးခဲ့လေတဲ့ လင်းရဲ့စကား။ အဲ့စကားလေးက ဒီဝတ္ထုဖတ်ရင်း ဆရာမခေတ်ရှေးညိုကို လေးစားတဲ့စိတ် အဖြစ်မိစေဆုံး dialogue လေးပဲ။ ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းတက်တုန်းက ဘုန်းဘုန်းတစ်ပါး ဟောကြားတဲ့ ဩဝါဒလေးလိုပဲ။ "လူဆိုတာ မင်္လာရှိတဲ့အရပ် ၊ပတိရူပအရပ်မှာပဲ နေသင့်တယ်။ အကယ်၍ ကိုယ်နေတဲ့အရပ်က ပတိရူပမဖြစ်ရင် ကိုယ်နေနေတဲ့အခိုက်အတန့်မှာ ပတိရူပဖြစ်အောင် ကြိုးစားပေးခဲ့သင့်တယ်"တဲ့။ ဘုန်းဘုန်းရဲ့ သိပ်ကို တန်ဖိုးရှိတဲ့ ဩဝါဒလေးနဲ့ ဆရာမရဲ့ မြတ်နိုးဖွယ် အားပေးစကားလေးတွေပေါ့လေ။ ပြောရရင်ပေါ့နော်...ဒီစာအုပ်လေးဟာ နှလုံးသားတွေဆီကို ရသအစုံအလင် စီးဝင်စေတဲ့ စာအုပ်မျိုးလေး။ နက်နက်ရှိုင်းရှိုင်းကို စိမ့်ဝင်သွားတာများ ဘယ်လောက်ဖတ်ဖတ် ရိုးအီမသွားရတဲ့အထိပဲလေ။ နရသူမင်းနဲ့နတ်ဆရာမတို့ ပြန်ဝင်စားကြတဲ့ သုံးဘဝဆက်တိုက်ကို ပုံဖော်ပြထားတာက တစ်ခါမှမဖတ်ဖူးခဲ့တဲ့ ဇာတ်အိမ်မျိုးတွေ။ အပြင်မှာ တကယ်ဖြစ်ခဲ့တာတွေ ဟုတ်ရဲ့လားလို့ သံသယဝင်နေမိရင်းကနေတောင် ကိုယ့်မျက်စိရှေ့မှာတင် တကယ်ပဲ ဖြစ်ပျက်ခဲ့တာကို မြင်ခဲ့ရသလိုမျိုးလည်း ခံစားမိပြန်တယ်။ အရေးအသား ကျစ်လျစ်ပြီး ဆွဲခေါ်နိုင်စွမ်းအား ကြီးပုံများ ပြောတာနော်။ အဆုံးသတ်ရရင်တော့ နရသူဝတ္ထုလေးဟာ သမိုင်းကို လေ့လာရသလိုလည်း ဖြစ်တယ်။ ကိုယ်မသိသေးတဲ့ လျှို့ဝှက်အမှုတစ်ခုကို ကိုယ်ကိုယ်တိုင်ပါဝင်ပြီး ဖော်ထုတ်အဖြေရှာနေရတာနဲ့လည်း တူတယ်။ ဖတ်ရင်းဖတ်ရင်း ဇာတ်သိမ်းကို ကြိုမှန်းလို့မရလိုက်တာလည်း ဩချရလောက်အောင်ကို မြှုပ်နိုင်ထားပါတယ်။ နရသူ၊ မှိုင်းဝေ၊ ရသ၊ လင်းလင်းထွန်း ဆိုတဲ့ ဇာတ်ကောင်လေးဦး ပါဝင်တဲ့ ဒီဝတ္ထုမှာ ဘယ်သူက နတ်ဆရာမလေးရဲ့ခင်ပွန်းသည်လေး ဖြစ်ခဲ့လေသလဲ။ သုံးပွင့်ဆိုင်မကတဲ့ လေးပွင့်ဆိုင် အချစ်ကို ဇာတ်အိမ်တည်ထားပေမဲ့ ပေါ့ပျက်သွားတာမျိုး လုံးဝမခံစားရဘူး။ ဖတ်ပြီးသွားတော့တောင် ကိုယ့်မှာ စာအုပ်ကြီး လက်ထဲကိုင်ထားရင်း ဆက်တွေးပြီး ကျန်နေမိတဲ့အထိ။ ချစ်ခြင်းမေတ္တာကို နှလုံးသားထောင့်တစ်နေရာစီကနေ ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခွင့်ရစေတဲ့ စာအုပ်လေး။ မေတ္တာငတ်မွတ်နေတဲ့ မိဘမဲ့ကလေးလေးတွေရဲ့ ခံစားချက်၊ ဘဝအဆက်ဆက်ကတည်းက စောင့်မျှော်လာခဲ့ကြရတဲ့ ချစ်ခြင်းတရားနဲ့ အာဃာတ၊ မမြင်ကွယ်ရာလေးကနေပဲ ဖြည့်ဆည်းကာကွယ်ပေးနေရရင် ကျေနပ်နေပြီဖြစ်တဲ့ သူငယ်ချင်းသံယောဇဥ်၊ ဒီလို ရီစရာတွေရော ငိုစရာတွေပါ စုံလင်တဲ့ ရသတွေကို စာအုပ်ပါးလေးတစ်အုပ်ထဲမှာတင် ကျစ်ကျစ်လျစ်လျစ် ထည့်ပုံဖော်ထားတာက အပြစ်ပြောရက်စရာမရှိခြင်းရဲ့အချက်တစ်ခုပေါ့။ ဖတ်ကြည့်ပါ။ ရင်ထဲထိလည်း စိမ့်ဝင်တယ်။ အတွေးတွေလည်း ပွင့်တယ်။ နှလုံးသားလေးလည်း ပိုနူးညံ့သွားမယ်။ ဖတ်ပြီး လုံးဝနောင်တမရမယ့် စာအုပ်ကလေး၊ အချိန်ကုန်ရကျိုးနပ်စေတဲ့ စာအုပ်ကလေးမို့ ဖတ်ကြည့်ကြပါလို့ တိုက်တွန်းရင်း စာအုပ်အညွှန်းလေးကို နိဂုံးချုပ်လိုက်ပါရစေရှင်။ . . . #"နရသူ"ဝတ္ထု-ဆရာမခေတ်ရှေးညို (ဆရာမ Cho Yee Mon ???) #စာညွှန်းရေးသူ-ရာဇီ(Eaint Eaint)
#photo-Some.credited
Keep Reading