စောမြတ်နွယ်
''ကလေးတွေကို စာအုပ်တွေ ပေးဖတ်တော့ စာအုပ်တွေ စုတ်ပြဲကုန်မှာပေါ့''ဆိုတော့
''စက္ကူစုတ်တာ အရေးမကြီးဘူး ၊နှလုံးသားစုတ်ပဲ့မသွားဖို့ အရေးကြီးတာ''တဲ့ကလေးတွေနဲ့ ပက်သက်ပြီး ဆရာကြီးအောင်သင်းပြောခဲ့တဲ့စကား။
နောက်ပြီး ဆရာကြီးက
''ပျက်စီးသွားသော လူငယ်တစ်ယောက်ကို ပြန်ကောင်းလာအောင် လုပ်ဖို့ကခက်သည်။ကလေးတွေကို ပျက်စီးမသွားအောင်လုပ်ဖို့က အလွန်လွယ်ကူသည်။ကလေးတွေကို အထိန်းအသိမ်းမကောင်းလျှင် ပျက်စီးသော လူငယ်ဘဝသို့ရောက်အောင် လူကြီးမိဘတွေက ခွင့်ပြုထားသည်ဟု ပြောသင့်ပါသည်။ပျက်စီးသောလူငယ်သည် မိဘသားချင်းကို ဒုက္ခပေးပြီး နောင်အခါ ပျက်စီးသော လူကြီးဖြစ်လာလျက် ပတ်ဝန်းကျင်ကို ပြဿနာအမျိုးမျိုးဖြစ်စေသူတစ်ယောက်အဖြစ် ရောက်လာမည်မှာ သေချာပါသည်။'' တဲ့။
ကျွန်မတို့ပတ်ဝန်းကျင်မှာ ပျက်စီးနေတဲ့ လူကြီးတွေကို မြင်ဖူးကြပါသလား။မြင်ဖူးကြမှာပါ။
အရက်သောက်မူးရူးပြီး ရွာရိုးကိုးပေါက်လျှောက် အရှက်မဲ့စွာ အော်ဟစ်သောင်းကျန်းဆဲဆိုနေတဲ့သူတွေ၊
နောက်ပြီး သူများသားသမီးကို ယူထားပြီး လင်ယောကျ်ားရဲ့ တာဝန်မကျေပွန် မိဘဝတ္တရားဆိုတာ ဘာမှန်းမသိ မူးလာရင် မိန်းမကို ရန်လုပ် ကလေးတွေကို ရိုက်နှက်နှိပ်စက်တတ်တဲ့ စရိုက်ရှိတဲ့သူတွေလဲ တွေ့ဖူးမှာပါ။
အဲ့လိုလူတွေဟာ ဆရာကြီးပြောတဲ့ ကိုယ့်မိသားစုကိုသာမက ပတ်ဝန်းကျင်ကိုပါ ပြဿနာ အမျိုးမျိူးဖြစ်စေတဲ့ ဒုက္ခပေးတဲ့ ပျက်စီးနေတဲ့ လူကြီးတွေပေါ့။
ကျွန်မသေချာပြောနိုင်တယ်။ ဒီလူတွေဟာ သူတို့ရဲ့ ငယ်ဘဝမှာ စာအုပ်စာပေဆိုတာ ဘာမှန်းမသိ ယဥ်ကျေးတယ်ဆိုတဲ့ စကားလုံးကို နားမလည် ပညာဉာဏ်ရှိတဲ့မိဘကောင်း ဆရာသမားကောင်း နဲ့ မဆုံတွေ့ခဲ့ရဘူးဆိုတာ သေချာပါတယ်။
ဒါကြောင့်မို့ ကလေးတွေကို လိမ်မာယဥ်ကျေးတဲ့သူဖြစ်လာဖို့ ငယ်စဥ်ကတည်းက ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
''ကလေး ကလေး အထင်မသေးနဲ့၊ကလေးကြီးမှ လူကြီးဖြစ်တာ၊ကလေးကောင်းမှ လူကြီးကောင်းမှာ''တဲ့။
အဲ့ဒီတော့ ဒီကလေးလေးတွေကို လူကောင်းသူကောင်းလေးတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဖို့ အလွန်မတန်အရေးကြီးပါတယ်။
အဲ့ဒီတော့ကလေးတွေနဲ့ အနီးစပ်ဆုံးရှိတဲ့သူတွေက မိဘနဲ့ဆရာပါပဲ။ကလေးနဲ့ ပထမဆုံးထိတွေ့ဆက်ဆံရတာကတော့ မိဘပေါ့။
ကျွန်မမိဘတွေကို အကြံပေးချင်တာလေးတစ်ခုရှိတယ်။ကိုယ်က ကိုယ့်သားသမီးကို လူတော်လူကောင်းလေးအဖြစ် ကြီးပြင်းလာစေချင်တယ်၊ လူဖြစ်သန်စေချင်တယ် ဆိုရင် ကလေးရဲ့ ငယ်ဘဝမှာကတည်းက စာအုပ်စာပေတွေနဲ့ နီးစပ်အောင်လုပ်ပေးပါ။
ကျွန်မပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ ကလေးအများစုကတော့ သူတို့ရဲ့ ကျောင်းအားလပ်ချိန်မှာ smartphone နဲ့ အချိန်ကုန်နေကြတာများပါတယ်။
အားလပ်ချိန်မှာ စာအုပ်ဖတ်တဲ့ ကလေးက မရှိသလောက်ရှားပါတယ်။
နောက်ပြီး သူတို့ပတ်ဝန်းကျင်မှာက သူတို့ဖတ်စရာ စာအုပ်စာပေမရှိတာကြောင့်လည်းပါတာပေါ့လေ။
ဒါကြောင့်မို့ မိဘတွေကိုယ်တိုင်က ကလေးတွေဖတ်ဖို့ ကလေးအကြိုက် ပုံပြင်စာအုပ်လေးတွေ ကာတွန်းရုပ်စုံစာအုပ်လေးတွေ ဝယ်ပေးသင့်ပါတယ်။
ခုခေတ်မှာ စာအုပ်တွေက စျေးကြီးတယ်လို့တော့ မပြောပါလေနဲ့။ ခုခေတ်မှာ နွားကျောင်းသားအစ ကူလီအဆုံး လူတိုင်းလိုလိုမှာ smartphone တွေရှိကြပါတယ်။
နောက်ပြီး Fbတို့ TitTok တို့သုံးဖို့ ဖုန်းဘေကျတော့ ရှိကြပါတယ်။
စာအုပ်တစ်အုပ်တန်ဖိုးက လူကြီးမင်းတို့ တစ်လစာ ဖုန်းဘေဖိုးတောင်မရှိပါဘူး။
ဒါကြောင့်မို့ ကိုယ့်ကလေးကို တကယ်ချစ်တယ်ဆိုရင် ကိုယ်တတ်နိုင်သလောက် တစ်လကို တစ်အုပ်လောက်ပဲဖြစ်ဖြစ် ကလေးအတွက် စာအုပ်လေးတွေ ဝယ်ပေးစေချင်ပါတယ်။
ကလေးအတွက် တစ်လကို စာအုပ်လေးတစ်အုပ်ဝယ်ပေးလိုက်လို့ လူကြီးမင်းတို့ စားဝတ်နေရေးအတွက် ထူးပြီး ကျပ်တည်းသွားမယ်မထင်ပါဘူးရှင်။
ကျွန်မ အရင်ဆုံး ကလေးတွေကို ဘာစာအုပ်လေးတွေ ဝယ်ပေးစေချင်လဲဆိုတော့ ရုပ်ပြငါးရာ့ငါးဆယ်တို့၊ရုပ်ပြဇာတ်ကြီးဆယ်ဘွဲ့တို့ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ စာအုပ်လေးတွေကို ဝယ်ပေးစေချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို ငယ်ရွယ်နုနယ်တဲ့ အရွယ်ကတည်းက ဘာသာရေးရဲ့ အဆုံးအမနဲ့နီးစပ်စေချင်တယ်။ယဥ်ပါးစေချင်တယ်။
မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို ဆိုဆုံးမလွယ်တဲ့သူဖြစ်စေချင်တယ်မဟုတ်လား။ဒီလိုဖြစ်ဖို့ဆိုရင် သူတို့ရဲ့ နှလုံးသားလေးတွေ နူးညံပျော့ပျောင်းနေဖို့လိုပါတယ်။
နှလုံးသားတွေ နူးညံ့ဖို့ဆိုရင် ဘာသာရေးရဲ့ အဆုံးအမတွေ ရင်ထဲကိန်းနေဖို့ အရေးကြီးပါတယ်။ ခက်ထန်ကြမ်းတမ်းတဲ့သူဟာ ဆိုဆုံးမရခက်တတ်ပါတယ်။
ဒါကြောင့်မို့ ဘာသာရေးနဲ့သက်ဆိုင်တဲ့စာအုပ်လေးတွေ ဝယ်ပေးစေချင်တာပါ။
ဒီစာအုပ်ထဲမှာက ပုံပြင်လေးတွေဖတ်ရင်း ကျွဲကူးရေပါဆိုသလို ဗုဒ္ဓရဲ့ အဆုံးအမတွေပါ တစ်ခါတည်း သွန်သင်ပြီးသား ဆုံးမပြီးသားဖြစ်သွားမှာပါ။
ကျွန်မတို့ ဗုဒ္ဓမြတ်စွာဘုရားဆိုတာက လောကမှာ အတုမရှိတဲ့ ဆရာတစ်ဆူလည်းဖြစ်တယ်မဟုတ်လား။ အဲ့ဒီတော့ ဘုရားအဆုံးအမကို ရတာဟာ တန်ဖိုးအနဂ္ဂထိုက်တန်တဲ့ ရတနာကို ရလိုက်သလိုပါပဲ။
နောက်ပြီး မိဘတွေအနေနဲ့ တကူးတက ဆုံးမနေချိန်မရှိဘူးဆိုရင်
ဒီစာအုပ်ထဲက အသိတွေက မိဘကိုယ်စား ဆုံးမပြီးသားဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေအတွက် စာအုပ်လေးတွေ ဝယ်ပေးတာက သူတို့ဘဝအတွက် အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုပါပဲ။အကောင်းဆုံးသော အမွေပါပဲ။
မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို အချိန်တိုင်းလိုက် စောင့်မကြည့်နိုင်ပါဘူး။သူတို့တွေ အရွယ်ရောက်လာတာနဲ့အမျှ မိဘနဲ့ခွဲပြီး ပညာသင်အောင် တစ်မြို့တစ်ရွာကို သွားကြရမယ်။အမျိုးမျိုးသောအကြောင်းတွေနဲ့ ခွာခွာပြီးတော့ နေကြရမယ်။
အဲ့ဒီလို အချိန်အခါမျိုးမှာ သူတို့လေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ် စောင့်ရှောက်တတ် နေတတ်ထိုင်တတ်ပေါင်းသင်းဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။
အဲ့ဒီနည်းလမ်းတွေ အားလုံးဟာ စာအုပ်စာပေတွေထဲမှာ ရှိပါတယ်။စာအုပ်စာပေတွေ ဖတ်ခြင်းအားဖြင့် စာအုပ်တွေထဲက အသိပညာတွေက သူတို့ရဲ့ ဘဝခရီးလမ်းကြောင်း တိမ်းစောင်းမသွားရအောင် တည့်မတ်ပေးပါလိမ့်မယ်၊ လမ်းညွှန်ပေးပါလိမ့်မယ်။
ဒါကြောင့် ကလေးတွေကို ငယ်စဥ်ကတည်းက စာအုပ်စာပေကို ချစ်တတ်အောင် တန်ဖိုးထားတတ်အောင် မိဘတွေက လေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင်
သူတို့ဘဝ တစ်သက်တာလုံးအတွက် လမ်းညွှန်ထိန်းကျောင်းပေးမယ့် ဆရာတစ်ဆူကို ရလိုက်သလိုမျိုးဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့်မို့ ကျွန်မကတော့ ကလေးတွေကို စာအုပ်စာပေနဲ့နီးစပ်အောင် ဖန်တီးပေးဖို့ မိဘတိုင်းကို တိုက်တွန်းစကားပြောချင်ပါတယ်။နောက်ပြီး ရွာတိုင်းရွာတိုင်းမှာလည်း စာကြည့်တိုက်တွေ ရှိစေချင်တယ်။
နောက်ထပ်တစ်ခုကတော့ ရပ်မိရပ်ဖ မြို့မိမြို့ဖတွေအနေနဲ့ ကိုယ့်မြို့ကိုယ့်ရွာမှာ စာကြည့်တိုက်ထူထောင်နိုင်အောင် ကြိုးစားအားထုတ်စေချင်တယ်။စာကြည့်တိုက် တည်ထောင်ပြီးရင်လည်း တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစေချင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ စာအုပ်စာပေဖတ်မှ အသိဉာဏ်ရှိမယ်။ အသိဉာဏ်ရှိမှ အတ္တနည်းမယ်။ အတ္တနည်းမှ အများအကျိုးထမ်းရွက်လိုစိတ်ရှိမယ်။
အဲ့ဒီလိုမျိုး ကိုယ်ကျိုးချည်းပဲ မကြည့်ဘဲ အများအကျိုးအတွက်လည်း စဥ်းစားတတ်တဲ့ အတ္တပရမျှတဲ့သူတွေ များများရှိမှ တိုင်းပြည် မြို့ရွာဟာ ဖွံ့ဖြိုးမယ်၊တိုးတက်မယ်၊ငြိမ်းချမ်းမယ်။
ဒီကမ္ဘာမှာ အတ္တကြီးတဲ့ တစ်ဘို့တည်းသမားတွေကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့လူတွေကြောင့် ငြိမ်းချမ်းမှုမရှိဘဲ စစ်ပွဲတွေဖြစ်နေကြရတယ်။
ဒါကြောင့် ပြည်ရွာတစ်ခွင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အသိဉာဏ်ရှိတဲ့ လူသားအရင်းအမြစ်တွေ အများကြီးရှိဖို့ လိုအပ်ပါတယ်။
ဒီအသိဉာဏ်ကို အုပ်စိုးတာကလည်း စာအုပ်စာပေတွေဖြစ်တာကြောင့် ကလေးတွေကို စာအုပ်စာပေနဲ့ နီးစပ်အောင်ဖန်တီးပေးကြပါ၊ မြို့တိုင်းရွာတိုင်းမှာ စာကြည့်တိုက်တွေ ထူထောင်နိုင်အောင် ကြိုးပမ်းကြပါလို့ လေးလေးနက်နက်ကြီး တိုက်တွန်းစကား ဆိုချင်ပါတယ်ရှင်။
#9.12.2024
Keep Reading