သုမိုး
ပုစွန်ဆီရောင်သန်းနေသော ဆည်းဆာအချိန်။တောင်ကြီးရွာတောင်ဘက် လယ်စပ်ရှိ သီဟိုဠ်ပင်အောက်၌ အသက်(၁၅)နှစ်အရွယ် ကောင်လေးနှစ်ယောက် တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
"ဟျောင်...ငါးရံ့။ဒီနေ့ ဒေါ်လေးလှအိမ်နောက်က သရက်သီးသွားခိုးရအောင်ကွာ။ အမှည့်တွေရော၊ အစိမ်းတွေရော အများကြီးပဲကွ။ ငါနွားကျောင်းသွားရင်းတွေ့ခဲ့တာ။"
"အဆင်ပြေပါ့မလား။အဖွားကြီးက ဒေါသအိုးကြီးနော်။ မိရင် သေမှာ။"
သရက်သီးခိုးရန် အဖော်လာညှိသော ငါးလုံးမဲကို ငါးရံ့က သတိပေးသည်။မှန်သည်။ဒေါ်လေးလှ၏ ဒေါသကလည်းမလွယ်။ယက္ခဘီလူးနှင့် နှစ်ဝမ်းကွဲတော်ဖို့ လက်တစ်လုံးသာ လိုတော့သည်။
တစ်ခါက သူ့အိမ်ကဘူးသီးပျောက်၍ တွေ့သမျှကာလသားတွေကို ထမိန်အလံထူကာ ရန်တွေ့ခဲ့ဖူးသည်။
"ဘာလဲ၊ မင်းက မလိုက်ချင်ဘူးလား။ကောင်းပြီလေ၊ ရလာမှ သွားရည်တမြားမြားလာမလုပ်ပြနဲ့။"
"ငါက သတိပေးတာပါဟ...မင်းကလည်း။ မင်းတစ်ယောက်ထဲသွားရင် စိတ်မချဘူး၊ ငါပါလိုက်မယ်။ ဟဲ ဟဲ"
ရယ်ကျဲကျဲပြောနေသော ငါးရံ့ကို ဘုကြည့်ကြည့်ရင်း ငါးလုံးမဲက "မလိုက်ချင်လည်း နေပေါ့"ဟု ချေလိုက်သည်။ တကယ်တော့ ငါးလုံးမဲက ကြိုတွက်ပြီးသားဖြစ်သည်။
ငါးရံ့ဆိုတဲ့အကောင်က သရက်သီးဆို ကြားရုံနှင့် သွားရည်ယိုတတ်သော အကောင်ဖြစ်သည်။ ရာသီချိန်မဟုတ်၍ သရက်သီးမရှိသောအခါများတွင် ငါးရံ့ဆီမှ သရက်သီးအဘိဓမ္မာတရားများ အတွဲလိုက် ပို့ချလာတတ်၏။ ထို့ကြောင့် မလိုက်မှာကို စိတ်ပူစရာမရှိ။ လိုက်ပြီး ပရမ်းပတာလုပ်မှာကိုသာ စိုးရိမ်ရသည်။
ထို့နောက် နှစ်ယောက်သား သရက်သီးခိုးမည့်အစီအစဉ်ချကာ လူစုခွဲလိုက်ကြသည်။
ငါးရံ့က လူကောင်ပျော့ပျော့၊ ဖြူဖြူကျင်ကျင်လေးဖြစ်သည်။ မျက်နှာက လေးထောင့်မကျတကျ နှာတံပေါ်ပေါ်နှင့် တစ်ခုခုမလုပ်ခင် အရင်စိုးရိမ်တတ်သည်။ငယ်ငယ်က ငါးရံ့သိပ်ကြိုက်ခဲ့၍ မိသားစုဝင်များက စနောက်ရင်း အမည်ရင်းကျော်သောင်းပျောက်၍ ထိုအမည်တွင်ခဲ့ခြင်းဖြစ်သည်။
ငါးလုံးမဲကတော့ ဆန့်ကျင်ဘက်။ မဲမဲလုံးလုံးနှင့် လူကောင်တောင့်တောင့်ဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း နှာဖူးကျယ်ကျယ်နှင့် မျက်နှာမည်းမည်းက တစ်ချိန်လုံးအဆီပြန်နေသည်။လုံးလုံးမဲမဲလေးမို့ လုံးမဲဟုခေါ်ရင်း ငါးလုံးမဲဟု ပြောင်းသွားခြင်းဖြစ်သည်။အမည်ရင်းက ဇော်ဝင်းဖြစ်၏။
သို့သော် တောင်ကြီးရွာတွင်တော့ ကျော်သောင်းနှင့် ဇော်ဝင်းဟုပြောလျှင် မည်သူမျှမသိကြ။ ငါးရံ့နှင့် ငါးလုံးမဲဟုပြောရင်တော့ လူတိုင်းတုတ်ဆွဲပြေးရိုက်ချင်သည့် မျက်ခွက်လေးနှစ်ခွက်ကို ပြေးမြင်ကြသည်။
တစ်ရွာလုံးကို ဒုက္ခပတ်ပေးဖူးသည်။တစ်ရွာလုံး၏ အဆူအငေါက်ကို ခံခဲ့ရဖူးသည်။သို့သော် ပြောင်ချော်ချော်ပြက်တက်တက်အကျင့်ကတော့ နှစ်ယောက်လုံး ဘယ်လိုမှ ဖျောက်၍မရ။ထို့ကြောင့်လည်း အတွဲညီနေခြင်းဖြစ်သည်။
************
ညက နက်သထက် နက်လာ၏။ ရွှာအရှေ့ပိုင်းရှိ မသာအိမ်မှလွဲ၍ ကျန်အိမ်များအားလုံး တိတ်ဆိတ်မည်းမှောင်နေကြသည်။
ကွေးကွေးကလေးပေါ်နေသော လရောင်ကလည်း အမှောင်ထုကို လက်မြှောက်အရှုံးပေးထားရ၏။ တိုင်သာစိုက်ထူထားပြီး မလာသေးသော လမ်းမီးများကိုလည်း စိတ်ပူစရာမရှိ။ အကြံသမားနှစ်ယောက်အတွက်တော့ ရာသီဥတုက ကိုယ့်ဘက်ပါနေလေသည်။
ဒေါ်လေးလှအိမ်နားသို့ အရိပ်ကလေးနှစ်ရပ် တဖြည်းဖြည်းချဉ်းကပ်လာသည်။
"ဟျောင်...ဒေါ်..ဒေါ်လေးလှက အ..အအိပ်ဆပ်တယ်လို့ ကြားဖူးတယ်နော်။ မိ...မိသွားလို့ကတော့ ယမ်းအိုးလိုက်ကြီးပေါက်မှာ။ ငါ...ငါကြောက်လို့ပြောတာမဟုတ်ဘူးနော်။ သ..သတိပေးတာ။"
မကြောက်ဘူးသာ ပြောသည်။ အသံတုန်နေသော ငါးရံ့ကိုကြည့်ရင်း ငါးလုံးမဲ ရီချင်ချင် ဖြစ်လာသည်။
"ဒေါ်လေးလှအကြောင်း မင်းမသိဘူးလား။ဖဲထုပ်ကြီးလေကွာ။ ညနေက မသာအိမ်သွားတာ တွေ့လိုက်တယ်။ ဟိုမှာ ညလုံးပေါက်နေမှာ။ စိတ်မပူနဲ့ ...
ငကြောက်"
ငါးလုံးမဲက ခပ်ထေ့ထေ့ပြောရင်း ခနဲ့လိုက်သည်။ ငကြောက်ဟု ဖဲ့ခံလိုက်ရသဖြင့် ငါးရံ့မခံချင်။ သို့သော် ငတ်လှပါသည်ဆိုသော သရက်သီးစားရဖို့ သူပါမှ ကိစ္စပြီးလိမ့်မည်။ ထို့ကြောင့် မခံချင်စိတ်ကို အောင့်အီးမျိုချကာ ဘာမှမပြောဘဲ နောက်ကသာ လိုက်နေခဲ့ရသည်။
ဒေါ်လေးလှအိမ်နားသို့ရောက်ပြီ။ ထိုစဉ် အိမ်ပေါ်မှ စကားပြောသံ ကြားရသည်။အသံက ဒေါ်လေးလှ၏သား မောင်မြင့်အသံ။ အိမ်ဘေးကနေ အသံမ
ကြားအောင် ဖြတ်သွားတော့မှ စကားသံကို ရှင်းရှင်းလင်းလင်း ကြားရသည်။သူ့ညီမသုံးယောက်ကို သရဲပုံပြင်ပြောပြနေခြင်းပင်။
"အဲဒီအချိန်မှာ ဝုန်းခနဲဆိုပြီး အလောင်းကောင်ကြီးထွက်လာတာ။ အသုဘချတဲ့သူတွေကလည်း ထွက်ပြေးတာ ခြေထောက်နဲ့ မြေကြီးတောင်မထိဘူးတဲ့။ အဲ....ညညဆိုလည်းလေ အမှောင်ထဲရောက်ရောက်ရင် အဲအလောင်းကြီးကညသူ့ခေါင်းသူ ကိုင်ကိုင်ပြီး စိုက်ကြည့်နေတာကို တွေ့ရတတ်သတဲ့။"
ငါးရံ့တစ်ယောက် ပုံပြောသံကို နားထောင်ရင်း နားထောင်ရင်း ကြောက်ဒူးတုန်လာသည်။ ခြေက ရှေ့သို့ လှမ်း၍မတက်တော့။ ရပ်နေသည်ကလည်း အမှောင်ထဲမှာ။ မျက်နှာက ဇီးရွက်လောက်သာကျန်တော့သည်။ အရှေ့က သွားနေသောငါးလုံးမဲ၏ ခေါင်းကြီးကလည်း ပြုတ်ထွက်ပြီး နောက်သို့ လှည့်ကြည့်သယောင်ယောင် ဖြစ်လာ၏။ဘေးဘက်ကနေ တစ်ယောက်ယောက်များ လှမ်းဆွဲလိုက်မလား၊ အပေါ်ကနေပဲ ဇောက်ထိုးကြီးဆင်းလာမလား။ တောင်ကြည့်မြောက်ကြည့်နှင့် ငါးရံ့ ကျောမလုံတော့သလိုလိုဖြစ်လာသည်။
ထို့ကြောင့် ငါးလုံးမဲနှင့် နီးသထက်နီးအောင်တိုးကပ်ရင်း နွေးလိုနွေးငြား ငါးလုံးမဲကို လှမ်းပုတ်လိုက်သည်။ ထို့စဉ် ရှေ့ဆီမှ မျက်လုံးနှစ်လုံးတည်း တဖြည်းဖြည်းချင်း လှည့်၍ကြည့်လိုက်တော့သည်။
ငါးရံ့၏ဆံပင်များ ထောင်တက်ကုန်၏။ တစ်ကိုယ်လုံး ဖြန်းဖြန်း ဖြန်းဖြန်းဖြင့် ကြက်သည်းအစေ့လိုက် ထလာကာ တစ်ကိုယ်လုံး၏ အကြောအချဉ်များ ဖိသိပ်ကုန်၏။ ရင်ထဲမှ အလုံးကြီးတစ်လုံး ပါးစပ်ဆီသို့ ဆောင့်တက်လာပြီး အပြင်သို့ ထွက်ကာ ငယ်သံပါအောင် အာခေါင်ခြစ် အော်လိုက်တော့သည်။
ငါးလုံးမဲလည်း ငါးရံ့အော်သဖြင့် လိုက်အော်တော့၏။အိမ်ပေါ်မှ မောင်မြင့်တို့ မောင်နှမတစ်တွေလည်း သရဲပုံပြင်ပြောနေရင်းတန်းလန်း အာခေါင်ခြစ်အော်သံကြီးကြောင့် လန့်ဖျပ်ကာ အိမ်ပေါ်မှ ဒရောသောပါး ဆင်းပြေးတော့သည်။
ခနကြာတော့ ငါးလုံးမဲ သတိဝင်လာကာ ငါးရံ့၏ ပါးစပ်ကို ဆွဲ၍ ပိတ်လိုက်တော့၏။"ငါပါ...ဟ"ဟုပြောရင်း လွတ်ရာသို့ အမြန်ဆွဲခေါ်သွားတော့သည်။စိတ်ချရတော့မှ ငါးလုံးမဲကို မာန်မဲတော့သည်။
"ဘာလို့ အော်တာလဲဟ။"
"အမှောင်ထဲမှာ မင်းမျက်နှာက မျက်လုံးနှစ်လုံးပဲပေါ်တယ်ဟ။ ငါ မလန့်ဘဲနေမလား။"
"ကောင်းရောကွာ။ ခုတော့ သရက်သီးငတ်ပြီ။ မင်းကို ခေါ်မိတာကိုက မှားတာ။"
ဟု မြည်တွန်တောက်တီးလျက် ငါးလုံးမဲတစ်ယောက် မချိတင်ကဲ ညည်းညူနေတော့သည်။
မနက်ရောက်တော့ ဒေါ်လေးလှအိမ်တွင် သရဲခြောက်သည် ဟူသောသတင်းက တစ်ရွာလုံး ဟိုးလေးကျော်နေလေသည်။ ငါးလုံးမဲနှင့် ငါးရံ့တို့နှစ်ယောက်ကတော့ မသိလိုက်မသိဖာသာနေရင်း ဒေါ်လေးလှအိမ်နောက်ရှိ သရက်ပင်ကိုသာ မျက်စောင်းတထိုးထိုးဖြင့် မကျေမချမ်း ဖြစ်နေရတော့၏။ သရက်ပင်ပေါ်က မှည့်ဝင်းနေသောသရက်သီးများကား သူတို့နှစ်ယောက်ကို မျက်နှာပြောင်တိုက်လျက် ရှိနေလေတော့သတည်း။
သုမိုး
Keep Reading