PoMoNyeiAye
၄။ ရှင်သန်နေမဲ့ပန်း
ရီဝေနေတဲ့ ဆောင်းဦးပေါက် ညနေ။ ကောင်းကင်မှာ လိမ္မော်ညိုရောင်တိမ်ငွေ့ငွေ့။ လက်ထဲမှာ မီးမသေသေးတဲ့ ဆေးလိပ်က အငွေ့တွေဟာ မလိုက်မဖက် ကျွန်မကို ရစ်သိုင်းလို့။ ခဏနေတော့ ကျွန်မ ရပ်စောင့်နေခဲ့တဲ့နေရာက လမ်းမီးတိုင်ကလေး မီးလင်းလာတယ်။ ဆေးရုံဝန်းထဲက ထွက်လာတဲ့ လူတွက မသိမသာကြည့်သွားကြတော့ ကျွန်မခေါင်းကို ငုံ့လို့ ကိုယ့်ခြေထောက်အစုံကိုပဲ ငေးကြည့်နေမိတော့တယ်။
အနွေးထည်မဝတ်ခဲ့ရလို့ စိတ်ထဲမှာ အေးစိမ့်စိမ့်ဖြစ်လာပြီး လူဟာ တဖြေးဖြေးနဲ့ အားပြန်ငယ်လာတော့တယ်။ ဒါပေမဲ့ ကျွန်မ အိမ်ကို ပြန်ဦးမှာ မဟုတ်ဘူး။ ကျွန်မ ဆေးလိပ်သောက်တတ်တဲ့အကြောင်း ကောင်းကောင်းသိရင် ဆက်ပြီး သဘောကျနေဦးမှာလား သိချင်သေးတယ်။ ဆေးလိပ်ကို တစ်ချက် ထပ်ဖွာလိုက်ရင်း အပြင်မှာ အေးစိမ့်နေပေမဲ့ ရင်ဘက်ထဲမှာ ပူလောင်လို့ပေါ့။
မကောင်းတဲ့အကျင့်ဆို ပြင်ရမယ်ဆိုတာ ကျွန်မသိပါရဲ့။
ဒါပေမယ့်.... တကယ်လို့သာ ကျွန်မရပ်စောင့်နေခဲ့တဲ့ ကောင်လေးက
" မိန်းကလေးတန်မဲ့ ဆေးလိပ်မသောက်ပါနဲ့ဗျာ" လို့ပြောလာခဲ့ရင်....
တကယ်လို့သာ
" ဆေးလိပ်သောက်တာ မိန်းကလေးတွေအတွက်မကောင်းဘူး။ ကိုယ်ဝန်မရလွယ်ဘူး " ဆိုတဲ့စကားမျိုးသာ ပြောလာခဲ့ရင်...
ကျွန်မ ချာခနဲ့ လှည့်ထွက်လာခဲ့တော့မှာ။ ကျွန်မ အဲ့ဒီအမှန်တရားကို လက်မခံချင်တာနဲ့ပဲ သူ့ဆီကနေ ထွက်ပြေးနေခဲ့မိတာ ဘယ်လောက်တောင် ကြာသွားပါလိမ့်.... သတိရလိုက်တာ။
တကယ်လို့သာ ဒီတစ်ခါ တွေ့တာ နောက်ဆုံးဖြစ်သွားခဲ့ရင်...
တကယ်လို့သာ... သူ ကျွန်မကို လက်မခံခဲ့ရင်....
အတွေးများစွာနဲ့ ရီဝေနေတဲ့ ကျမမြင်ကွင်းထဲကို Sneaker ဖြူဖြူကလေးတစ်စုံရောက်လာတယ်။
" မမ.... "
" ဟင်.... "
" မမြရည်မွန်အေး ဟုတ်နေတာပဲ.... ကျနော်က ဆေးရုံအထွက်ထဲက အမနဲ့တူလို့ ကြည့်နေတာ။ ဒါပေမဲ့ အမက ကျွန်တော့်ကို လာတွေ့မယ့် လူမျိုးမှမဟုတ်တာ။ မဟုတ်လောက်ပါဘူးလေဆိုပြီး ဒီတိုင်း ထွက်သွားတော့မလို့... သေချာအောင် နောက်တစ်ခေါက်လာကြည့်တာ "
ကျွန်မမော့ကြည့်တော့ ခါတိုင်းလိုပဲ ကြည်လင်နွေးထွေးစွာ ပြုံလို့ ကြည့်နေတဲ့ သူ....
" ဘာလာလုပ်တာလဲ။ ကျွန်တော့်ကို လာတွေ့တာလား... မဟုတ်လောက်ပါဘူး။ ဒီနားမှာ အလုပ်ကိစ္စရှိလို့လား "
ကျွန်မ တုန်လှုပ်နေမိတယ်။ သူ့ကို ရဲရဲဝံ့ဝံ့တောင် မော့မကြည့်ရဲပဲ ဆေးလိပ်ကို နောက်တစ်ခေါက်ဖွာမယ် လုပ်နေတုန်း....
" ဘာလို့ပဲ ဒီနားရောက်လာ ရောက်လာ အခု မမ ကျနော့နောက်လိုက်ခဲ့။ နေဦး အနွေးထည်လည်း မပါဘူး... ဆောင်းဝင်လာပြီ မမရဲ့ နွေးနွေးထွေးထွေးနေ "
ပြောရင်းဆိုရင်းနဲ့ သူ့အနွေးထည်ဂျာကင်ကိုချွတ်ကာ ကျွန်မကိုယ်ပေါ် ခြုံပေးတယ်။ နောက်တော့ မီးတရဲရဲနဲ့ ဆေးလိပ်ကို အသာအယာလုလို့ မြေပေါ်ပစ်ချကာ နင်းခြေပစ်လိုက်တော့တယ်။ ကျွန်မ သူ့ကို မော့ကြည့်နေတော့ သူလည်း ငုံ့ကြည့်လာတယ်။
အဲ့ဒီခဏလေးမှာ ကျွန်မရဲ့ကမ္ဘာလေးဟာ ရပ်တန့်သွားတော့ မလိုပါပဲ။
" ဆေးလိပ်လျှော့သောက် မမရဲ့။ ဆေးလိပ်က လူအတွက်မကောင်းဘူး။ အဆုပ်ကို အရင်ထိခိုက်တယ်။ ပြီးရင် အစာအိမ်.... မမက ကျွန်တော်နဲ့ အကြာကြီး အတူတူနေသွားရဦးမှာ "
" အမ မင်းနဲ့ အတူတူ နေသွားမယ်လို့ ပြောဖူးလို့လား "
" အဲ့ဒီတော့ မမက ကျွန်တော်နဲ့ အတူမနေချင်ဘူးပေါ့။ ဒါဆို ဘာလို့ ကျွန်တော် အလုပ်လုပ်တဲ့ ဆေးရုံရှေ့ အကြာကြီး ရပ်စောင့်နေရတာလဲ "
" ရောက်နေတာ မကြာသေးပါဘူး.... မဟုတ်ဘူး မင်းကို လာတွေ့တာလည်း မဟုတ်ဘူး "
" ညာနေတယ်...."
ပါးနပ်လှတဲ့ကောင်လေးက မြေကြီးပေါ်က ဆေးလိပ်အစီခံ ၃/၄ ခုကို မေးဆတ်ပြတယ်။ နောက်ပြီး သူ့ကားဆီ ကျွန်မကို ဆွဲခေါ်သွားပြီး....
" မမက ကျွန်တော့်ကိုဆိုအမြဲတမ်း ညာနေတာပါပဲ။ တွေ့ရအောင်ပြောရင် နောက်နေ့အလုပ်ရှိတယ်ဆိုပြီး မဟုတ်ပဲ လိမ်ပြောတယ်။ အိပ်တော့မယ်ဆိုပြီး ဖုန်းချသွားပေမယ့် တကယ်မအိပ်ပဲ ညာပြောတယ်။ မချစ်ဘူးလို့လည်း ညာတယ်... ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီလို ညာတတ်တဲ့ မမြရည်မွန်အေးကို ချစ်နေရတာပါပဲ "
ကားပေါ်ရောက်တော့ သူ ကျွန်မ မျက်နှာနား တိုးကပ်လာတယ်။
" အခုလည်း ကျွန်တော့်ဆီ လာတာ မဟုတ်ဘူးဆိုပြီး ညာနေတာမလား "
" မဟုတ်ပါဘူး... "
ကျွန်မ ကိုယ်ကို နောက်ရို့လိုက်ပြီး လွယ်အိတ်ထဲမှာ ပါလို့ ပါလာညား တစ်ခုခုကို ရှာနေမိတယ်။
" ဒီမှာ...."
သူ့လက်ထဲမှာ ပူရှိန်းပီကေတစ်ခု။
" မမဆီက ဆေးလိပ်နံ့ပြင်းလို့မဟုတ်ဘူးနော်... ဒါပေမဲ့ မမလိုနေမယ် ထင်လို့ "
" အင်း...."
ကျွန်မ ပီကေကို အမြန်ယူဝါးလိုက်ရင်း ကားမောင်းနေတဲ့သူ့ကို မရဲတရဲ ငေးနေမိတယ်။
" ဆေးလိပ်သောက်တတ်တာကို သိထားတာလား "
" မသိဘူး။ ဒါပေမဲ့ အမလွယ်အိတ်ထဲကနေ ဆေးလိပ်နဲ့မီးခြစ်ထွက်လာတာ မြင်ဖူးတယ်... အဲ့ဒီတုန်းကတောင် တွေးခဲ့မိသေးတယ်။ ဘယ်ကောင့်ဆေးလိပ်ဘူးလဲလို့... လက်စသတ်တော့ မမဟာ ဖြစ်နေတာကိုး "
" အရင်က မင်း ပြောဖူးတယ်မလား ဆေးလိပ်သောက်တာ မကြိုက်ဘူးဆို "
" အဲ့ဒါ ကျွန်တော်မကြိုက်တာလေ.... မမကတော့ ကြိုက်ချင်ကြိုက်ပေါ့ "
" ဪ...."
" ဆရာဝန်တစ်ယောက်အနေနဲ့ပြောရရင်တော့ မသောက်နဲ့ မကောင်းဘူးလို့ ပြောရမှာပဲ။ အဲ့ဒါက ကျွန်တော့်စေတနာ။ မမကို ချစ်တဲ့လူတစ်ယောက်အနေနဲ့ဆို ကျွန်တော်နဲ့ အကြာကြီးနေရဦးမှာမို့ မသောက်နဲ့လို့ ပြောရမှာ... ဒါက ကျွန်တော့်ချစ်မေတ္တာ "
" မိန်းကလေးတန်မဲ့ ဆေးလိပ်သောက်ရလားလို့ အထင်သေးသွားမယ် ထင်ခဲ့တာ "
ကျွန်မ ကြိုက်တဲ့ ဖက်ထုပ်ဆိုင်ရှေ့မှာ ကားရပ်သွားခဲ့တယ်။
" မိန်းကလေးမို့ မသောက်နဲ့လို့မပြောပါဘူး။ ဒါပေမဲ့ ဆေးလိပ်သောက်ရင် ဓမ္မတာလာတဲ့အချိန် ပိုခံစားရတယ်။ မမကို အဲ့လိုတွေ မခံစားစေချင်ပါဘူး။ မေမေဆို သွေးဆုံးတော့မယ့် အချိန်မှာ အရမ်းဒုက္ခရောက်ခဲ့တာ။ အနီးအနားအဖော်လုပ်ပေးမယ့်လူမရှိ... စိတ်ရော လူရော နွေးထွေးပေးမယ့် မိသားစုက မရှိ... ဒါပေမဲ့ မေမေက သတ္တိရှိရှိ ကြံ့ကြံ့ခံခဲ့တာ။ မေမေက ကျန်းမာရေးလိုက်စားခဲ့လို့ အရမ်းကြီးမခံစားလိုက်ရတာရော ပါမယ်... ဒါပေမဲ့ မမကကျ အစားစားတာမမှန် လေ့ကျင့်ခန်းသိပ်မလုပ် အိပ်ရေးဝဝ မအိပ်... ဒီကြားထဲ ဆေးလိပ်ပါသောက်ရင် နောက်ဆို ဘယ်လိုလုပ်မလဲ "
ပြောနေရင်း ဆိုနေရင်းနဲ့ပဲ ကားတံခါးကို လာဖွင့်ပေးတယ်။ နောက်တော့ ဆိုင်ထဲခေါ်သွားပြီး ကျမစားနေကျ ဖက်ထုပ်ပြုတ်ကိုမှာပေးရင်း....
" ပြောပါဦး ဘာလို့ ကျွန်တော့်ကို လာတွေ့တာလဲ "
တူတွေ ဇွန်းတွေကို တစ်ရှူးနဲ့ သုတ်ပေးပြီး ကျွန်မရှေ့ ချပေးရင်း ကျွန်မကို သူ မေးချင်တာတွေ ဆက်တိုက်မေးတော့မယ်။
" အနွေးထည်လည်း မပါဘူး။ နောက်ပြီး လာတွေ့မယ်ဆို ကျွန်တော့်ဆီ ဖုန်းကြိုဆက်ထားပေါ့။ အလုပ်ကနေ မြန်မြန် ထွက်လာခဲ့မှာပေါ့ "
" ဆောင်းရာသီကို ကြိုက်လား "
" ခင်ဗျာ "
ရုတ်တရက်ဆန်တဲ့ ကျွန်မမေးခွန်းဟာ သူ့ကို ကြောင်အ သွားစေခဲ့တယ်။
" ကောင်းကောင်း ဆောင်းရာသီကို ကြိုက်လား "
" ဟင့်အင် ကျွန်တော်က နွေဦးကို ကြိုက်တာ "
" ဪ...."
ကျွန်မလက်တွေ နောက်တစ်ခေါက်ပြန်အေးစက်လာကြပေမဲ့ ဒီတစ်ခါ ထွေးဆုပ်ပေးမယ့်သူ မရှိတော့ဘူး ထင်ပါရဲ့။
" ဒါပေမဲ့... စကားသိပ်မပြောတဲ့ အေးတိအေးစက်နဲ့ ဆောင်းရာသီလို ကောင်မလေးကိုတော့ ကြိုက်တယ် "
သူက ကြည်လင်တောက်ပစွာ ရယ်ပြုံးလို့ပါပဲ....
" အဲ့ဒါ မမလေ..."
ပြောင်ချော်ချော် မျက်နှာထားနဲ့ စနောက်နေရင်း ကောင်းစည်သူအောင်က ကျွန်မလက်တွေကို လာထွေးဆုပ်ပေးခဲ့ပါတယ်။
" အမက အရမ်းအရမ်းကို အေးစက်ပြီး မှောင်မိုက်တဲ့ ဆောင်းရာသီဆိုရင်ရော "
" အဲ့ဒါဆို အရမ်းအရမ်း ချစ်ပေးရမှာပေါ့။ မမကိုယ်တိုင်လည်း အနွေးဓာတ်လိုနေမှာဆိုတော့လေ မဟုတ်ဘူးလား...."
ကျွန်မ မျက်ရည်စက်လက်နဲ့ပဲ ပြုံးခဲ့မိပါတယ်။ အမှောင်မိုက်ဆုံး အတိတ်၊ အအေးစက်ဆုံး ကျွန်မဘဝကို ထုတ်ပြရမယ့်အချိန် ရောက်ပြီထင်ပါရဲ့။
" အမမှာ အမတစ်ယောက်ရှိသေးတယ် သိလား "
" ဟုတ်လား။ တောင်ကြီးမှာပဲလား "
" ဟုတ်မယ်။ အမ မသိဘူး "
" ခင်ဗျာ..."
" မမက အိမ်ထောင်ကျပြီးတော့ သူ့အမျိုးသားနောက်လိုက်သွားတယ်။ နောက်တော့ ဘေးပတ်ဝန်းကျင် လူတွေဆီကနေ ကြားရတယ်။ မမရဲ့ အမျိုးသားက မမကို နှိပ်စက်တယ် ရိုက်နှက်တယ်တဲ့ "
ကျွန်မက ဒီအကြောင်းတွေကို နေ့တိုင်း ညတိုင်း ထွေးပိုက်ထားရင်း မမေ့ထားပဲ ရှင်သန်နေခဲ့တာပါ။
" အဲ့ဒီတော့ ဘာဆက်ဖြစ်သွားလဲ "
" အမမိဘတွေက မမကို အိမ်ပြန်လာဖို့ ကွာရှင်းလိုက်ဖို့ ပြောခဲ့ပေမဲ့ မမက......"
ကျွန်မဘာသာ မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။
" မမက သူ ချစ်လို့ပါတဲ့။ သူ လက်မလွှတ်နိုင်ဘူးတဲ့။ မမက ဒဏ်ရာဒဏ်ချက်တွေနဲ့ အိမ်ကို ပြန်ပြန်လာတယ်။ နောက်ပြီး သူ့အမျိုးသားပြန်လာခေါ်ရင် ပြန်လိုက်သွားတယ်။ ဒီလိုနဲ့ တစ်နေ့ကျ မမက အရင်လိုပဲ ဒဏ်ရာတွေနဲ့ အိမ်ကို ရောက်လာခဲ့တယ်။ အဲ့ဒီတစ်ခေါက်မှာ အဖေက မမကို ပြောတယ်။ ပြန်မသွားနဲ့တော့။ ဒီတစ်ခါ ပြန်သွားရင် နောက်ထပ် ဘယ်တော့မှ ပြန်မလာနဲ့။ သေရင်တောင်ပြန်မလာနဲ့လို့ ပြောလိုက်တာ..... "
ကျွန်မမျက်ရည်တွေ ထိန်းထားလို့မရတော့ဘူး။ အဲ့ဒီပြသနာတွေ ဖြစ်ခဲ့တဲ့အချိန်ကစပြီး ကျွန်မ မငိုနိုင်ခဲ့တာ ဘယ်လောက်တောင်မှ ကြာသွားပြီလဲ။
" သူ ထွက်သွားခဲ့တာလား "
" ဟုတ်တယ်။ သူ့ယောက်ျားလာခေါ်တော့ မမ လိုက်သွားတယ်။ ပြန်မလာတော့ဘူး။ မမကို အဲ့ဒီနေ့က နောက်ဆုံးတွေ့လိုက်ရတာ။ နောက်တော့ ဘယ်ကို ပြောင်းသွားကြလဲဆိုတာမသိရတော့ဘူး။ အဆက်သွယ်လည်း မရတော့ဘူး။ အမကိုယ်တိုင်လည်း အဲ့ဒီကတည်းက အိမ်ကနေ ထွက်လာခဲ့တာ "
" ဘာလို့လဲ... "
" မမက အချစ်ရူး ငတုံးမ ငအ,မဆိုတာသိရက်နဲ့ အဖေနဲ့ အမေက မမကို အဲ့ဒီလို အကြပ်မကိုင်ခဲ့သင့်ဘူး။ အခုဆို မမ သေလား ရှင်လား တစ်ခုမှ မသိရတော့ဘူး။ ကိုယ့်မျက်စိအောက်မှာဆို အဆိုးဝါးဆုံးအခြေနေထိ ဖြစ်မလာလောက်ဘူးလေ... အခုတော့ "
" သူအဆင်ပြေနေလောက်မှာပါ "
" ပြေမှာပေါ့... မမက သူချစ်တဲ့လူနဲ့သာဆို ကမ္ဘာအဆုံးထိတောင်သွားမဲ့လူ။ ဒါပေမဲ့လေ မင်းသိလား။ အဲ့ဒါအချစ်မဟုတ်ဘူး။ ဝဋ်..."
" အဲ့ဒါကြောင့် မမက မချစ်မိချင်ဘူး ပြောခဲ့တာလား "
" လူတွေက ပြောင်းလဲတတ်ကြတယ် ကောင်းကောင်း။ အမ ကိုယ့်ကိုကိုယ်မယုံဘူး။ မင်းကိုလည်း မယုံရဲခဲ့ဘူး "
" ကျွန်တော်...."
" ဟင့်အင်... ဘာကတိမှ မပေးနဲ့။ မင်းက မင်းရဲ့ပုံစံအတိုင်း ရှိနေရင် ရပြီ "
" မဟုတ်ဘူး။ မမ ကျွန်တော်ပြောတာ နားထောင်။ ကျွန်တော်ကတော့ အချစ်ကို ယုံတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုလည်း ယုံတယ်။ ကျွန်တော့်အချစ်က အဆိပ်မဖြစ်စေဘူးဆိုတာလည်း ယုံတယ်။ နောက်ပြီး မမက အဆိပ်အတောက်ဆန်တဲ့ ဆက်ဆံရေးတွေမှာ ပိတ်မိနေမယ့်လူမျိုးမဟုတ်ဘူးဆိုတာကို ယုံတယ်။ ကျွန်တော်က မမချစ်မိသွားလို့ မမှားတဲ့လူဖြစ်အောင် ကြိုးစားမယ် ကတိပေးတယ် "
အချစ်ဆိုတာ ကိုယ်ချစ်တဲ့လူကို ကောင်းတဲ့အရာတွေပဲ ကြုံစေချင်တဲ့စိတ်။ ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားချင်တဲ့ စိတ်။
ကျွန်မ လွယ်အိတ်ထဲက ဆေးလိပ်ဘူးနဲ့မီးခြစ်ကို ထုတ်ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ကောင်းကောင်းက အထူးအဆန်းဖြစ်ပြီး ကျွန်မကို လိုက်ငေးလို့။ ကျွန်မ ပြုံးပြလိုက်တယ်။
" အမက အကြာကြီး အသက်ရှင်သွားရဦးမယ်မလား... မင်းနဲ့အတူတူလေ "
အဲ့ဒီနေ့ညက ကျွန်မဟာ ဘတတစ်လျောက်လုံး အဆိုးမြင်ခဲ့တဲ့အချစ်ရဲ့ အဓိပ္ပာယ်အသစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အချစ်ဆိုတာ အတူတူ ရှင်သန်လိုခြင်း တဲ့လေ။
ကော်ဖီဆိုင်ကနေ ထွက်မလာခဲ့ခင်မှာ အန်တီက ကျွန်မလက်ကို ဆွဲထားရင်း ဒီလို ပြောခဲ့တယ်။
" သမီးရေ....
ချစ်ရမှာကို မကြောက်နဲ့။ မချစ်နိုင်တော့မှာကို ကြောက်ရမှာ။ လူတစ်ယောက်ကို မချစ်နိုင်တဲ့လူတွေက ကိုယ့်ကိုယ်ကို မချစ်တဲ့လူတွေပဲ။ ကိုယ့်ကိုယ်ကို ချစ်ပြီး ပျော်အောင်နေ.... နောက်ပြီး သမီးတစ်ဘဝလုံး အမှတ်ရနေရမှာ တစ်ခုရှိသေးတယ်။ မိန်းမတစ်ယောက်ဟာ မိန်းမတစ်ယောက်အနေနဲ့ပဲ ရှင်သန်ခွင့်လည်း ရှိတယ်။ အဲ့ဒါကို ဘယ်တော့မှ မမေ့ပဲ အသက်ရှင်ပါ... နော် " တဲ့။
ကျွန်မတို့မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ မိန်းမသားတွေဟာ သမီးတစ်ယောက်၊ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်ဆိုတဲ့ ဘဝအပြင် လွတ်လပ်တဲ့ မိန်းမ တစ်ယောက်လည်း ဖြစ်ခွင့်ရှိပါတယ်။ ဘာကိုပဲ ရွေးချယ်ခဲ့ ရွေးချယ်ခဲ့ ပျော်ရွှင်ခွင့်ရှိပြီး အမြဲဂုဏ်ယူနေသင့်ပါတယ်တဲ့။
" ဪ အန်တီက ကောင်းကောင်းကို ပြောပေးဖို့ တစ်ခုမှာလိုက်သေးတယ် "
" ဟုတ်လား... မေမေနဲ့ တွေ့ခဲ့တာလား "
" အင်း... အန်တီပြောလိုက်တာက သူ မိန်းမတစ်ယောက်ရဲ့ဘဝမှာ နောင်တမရပဲ ပျော်နေတယ်တဲ့။ သူ တကယ် အသက်ရှင်နေသလိုပါပဲ...တဲ့ "
" တော်သေးတာပေါ့...."
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတိုင်း နောင်တမရမယ့်၊ ဂုဏ်ယူနေရမယ့် ရွေးချယ်မှုတွေကို ပျော်ရွှင်စွာ ရွေးချယ်ခွင့် ရစေချင်ပါတယ်။
#ပိုမိုငြိမ်းအေး
#ရှင်သန်ပန်းဇာတ်သိမ်း
Keep Reading