Youth’s Book Reflections
ဗုဒ္ဓကိုမြင်အောင်ကြည့်ဖို့ဆိုရင် ဘာသာရေးထူထောင်သူဆိုတဲ့ ပုဂ္ဂိုလ်ရေး အမြင်ကို ခဏချထားလိုက်ပြီး လူ့သမိုင်းရဲ့ အသိဉာဏ်တန်ဖိုးတစ်ခုကို ဘယ်လိုရှုထောင့် ကနေ ထူထောင်ခဲ့သလဲဆိုတဲ့ ဓမ္မဓိဋ္ဌာန်ကျကျ အမြင်ကနေ ချဉ်းကပ်ကြည့်ဖို့ပါ။
- ဗုဒ္ဓဘာတွေတွေ့ခဲ့လဲ, p. 189
ဗုဒ္ဓ ဘာတွေတွေ့ခဲ့လဲ ဆိုတဲ့စာအုပ်မှာ ဗုဒ္ဓ တော်လှန်ထိုးဖောက်လာခဲ့ရတဲ့ ခေတ်
အကြောင်းနဲ့ အဲ့ဒီခေတ်မှာရှင်သန်အားကောင်းနေတဲ့ အတွေးအခေါ်တွေကို ခြုံငုံပြထားတယ်။
ဗုဒ္ဓဟာ လူသားတို့ရဲ့ ဒုက္ခတွေအပေါ် စာနာပြီး ဒုက္ခအပေါင်းကလွတ်မြောက်ရာ တရားကို ရှာဖွေခဲ့တယ်။ဒီစာအုပ်မှာအတွေးအခေါ်ပညာရှင်တစ်ဦးရှုထောင့်ကနေ ဗုဒ္ဓကို တင်ပြထားတယ်။
ဒီမတိုင်ခင်က အိန္ဒိယမှာ ဘာသာပေါင်းစုံရှိခဲ့ပြီး တစ်ဘာသာနဲ့တစ်ဘာသာ အားပြိုင်မှုတွေလည်းရှိနေခဲ့ပေမယ့် လွတ်လပ်စွာ ရွေးချယ်သက်ဝင်ယုံကြည်ခွင့်ရခဲ့ကြတယ်လို့ဆိုတယ်။နတ်တွေ ဘုရားသခင်တွေကိုယုံကြည်ကိုးကွယ်တဲ့ဂိုဏ်း ‘အနုဿဝိကာ’ နဲ့ ဘုရားသခင်ကိုမယုံကြည် မိမိကိုယ်တိုင်လွတ်မြောက်တဲ့လမ်းကိုရှာဖွေကြတဲ့ဂိုဏ်း’တက္ကီ’ဆိုပြီး ချုံကြည့်လိုက်ရင် နှစ်မျိုးထွက်လာတယ်။ဒီတော့ကာမဂုဏ်တရားကို မွေ့လျော်ချင်သူတွေ (Hedonism ) နဲ့ အသိဉာဏ် မြင့်မားလွတ်မြောက်ချင်တဲ့သူတွေ (Libration) ရဲ့ လွန်ဆွဲတဲ့စစ်ပွဲကို ဗုဒ္ဓဆင်နွှဲ ခဲ့တာ ဖြစ်ပါတယ်။
အမေးများတဲ့ မေးခွန်းတွေအပေါ် အထောက်အထားအချက်အလက်တွေနဲ့ဖြေပြထားပြီး တချို့မေးခွန်းတွေကို မိမိအသိဉာဏ်နဲ့ ပိုင်းခြားဆက်စပ်တွေးကြည့်ဖို့ စာရေးသူက တိုက်တွန်းတယ်။ဗုဒ္ဓဘယ်လိုတွေးသလဲဆိုတာကို အရင်သိဖို့နဲ့ သိပြီးမှ အဆင့်မြင့်တဲ့ဝေဖန်ဆန်းစစ်မေးခွန်းတွေပေါ်လာဖို့ အားပေးထားတယ်။မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံဆိုပြီး ဘာလို့ဆင်းရဲနေတာလဲ။ဗုဒ္ဓဟာ ယောက်ျားမိန်းမ မခွဲခြားတန်းတူထားတယ်ဆိုပြီး ဘာလို့ ဘိက္ခူနီမတွေမှာ (၇)ချက်ပိုရတာလဲ စသဖြင့်မေးခွန်းများ။ အထူးသဖြင့်ကတော့ အနောက်တိုင်းရဲ့ဒဿနအမြင်နဲ့ ဗုဒ္ဓအပေါ်ဝေဖန်မှုမေးခွန်းတွေကို စာရေးသူက အရှေ့တိုင်းရဲ့ အတွေးအခေါ်ဒဿနသမိုင်း အိန္ဒိယရဲ့အုပ်ချုပ်ရေး၊စီးပွါးရေး၊လူမှုရေးစနစ်တို့ကို အရင်ဖော်ပြပြီး ခြုံငုံသုံးသပ်ပြတဲ့သဘောမျိုးပါ။
ဗုဒ္ဓဘာသာအပေါ် လူငယ်တစ်ယောက်အနေနဲ့ အရင်ကထက် ပိုစိတ်ဝင်စားလာပြီး စူးစမ်းလိုစိတ်ထက်သန်လာပါလိမ့်မယ်။ တန်ခိုးတွေ၊ငရဲ၊နတ်ပြည်တွေ အစရှိတဲ့ လက်တွေ့မမြင်ရတဲ့အရာတွေနဲ့ ချဉ်းကပ်တာမျိုးမဟုတ်ဘဲ ပလေတို၊ဆိုကရေးတီး၊ကွန်ဖြူးရှပ်တို့ကဲ့သို့ အတွေးအခေါ်ပညာရှင်ကြီးတစ်ဦးအဖြစ်နဲ့ ဗုဒ္ဓကိုတင်ပြထားတာမလို့ ဖတ်ကြည့်သင့်ပါတယ်။ အရှေ့တိုင်းဟာ အနောက်တိုင်းထက် အတွေးအခေါ်ပိုင်းဆိုင်ရာ ရှေ့ကြိုရောက်နေတယ်ဆိုတာကိုလည်း သက်သေထူချင်တဲ့သဘောမျိုးပါပါတယ်။ အနောက်တိုင်းက အသားအရောင်ခွဲခြားမှုမျိုးနှင့်ဆင်တူတဲ့ အိန္ဒိယရဲ့ ဝေဒကျမ်းလာ လူတန်းစားလေးရပ်(မင်း၊ပုဏ္ဏား၊ကုန်သည်၊ကျွန်)ကို ဗုဒ္ဓက လူတန်းစားမခွဲခြားတဲ့ သံဃာ့အဖွဲ့အစည်း တည်ထောင်လိုက်ခြင်းဖြင့် တော်လှန်ပြခဲ့တယ်။
အိန္ဒိယလူ့အဖွဲ့အစည်းက “ ငါးအမဲဟင်းလျာကိုလဲစား၊ သလေးထမင်း စားသုံးတာကို အညှီအဟောက်စားသုံးခြင်းလို့ သတ်မှတ်ခဲ့တာကို ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းကသာ လူ့အဖွဲ့အစည်းရဲ့ အညှီအဟောက်ဖြစ်တယ်”လို့ ဗုဒ္ဓက ဆိုခဲ့ပါတယ်။
- ဗုဒ္ဓဘာတွေတွေ့ခဲ့လဲ, p. 88
ကိုယ်ကျင့်တရားကိုသာ စံထားပြီးတည်ဆောက်ထားတဲ့ ဗုဒ္ဓရဲ့ သံဃာ့အဖွဲ့အစည်းက အခြားစံနှုန်းတွေနဲ့ ပွတ်တိုက်မှု ပဋိပက္ခတွေပေါ်ပေါက်လာသော်ငြား မားမားမတ်မတ်ရပ်တည်နိုင်ခဲ့တယ်ဆိုတာကိုလည်း ဒီစာအုပ်မှာ ကိုးကားချက်သက်သေတွေနဲ့ အခိုင်အမာတင်ပြထားပါတယ်။
တချို့နေရာများမှာ ဖတ်ရထောက်တာမျိုးကလွဲရင်(ဒါလည်းတအားကိုနည်းပါတယ်) ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်ကောင်းပါပဲခင်ဗျာ။မြင်ခဲ့ရတဲ့နေရာလေးတွေကတော့
“အဲဒီဉာဏ်အလင်းဟာ အမှောင်တွေနဲ့အသားကျနေတဲ့ ကိလေသာခပ်ထူထူ ဝတ်လစ်စလစ် လူ့အဖွဲ့အစည်းအတွက် အရှက်ရစရာ ပြန့်ကျဲသွားပြီး အကာအကွယ်မဲ့ သွားခဲ့တာမျိုး ဖြစ်ပါတယ်။”
“သံဃာ့အဖွဲ့အစည်းကို မလိုလားတဲ့ အသက်အန္တရာယ် ကျရောက်နိုင်မှုကနေ ရှောင်ရှားလို့ရအောင် ဗိမ္ဗိသာရမင်းရဲ့ စေတနာကို တန်ဖိုးထား စဉ်းစားခဲ့တာလဲ ပါဝင်ပါလိမ့်မယ်။”
ကျနော်ဒီစာအုပ်မှာ ကြိုက်တဲ့အချက်ကိုတင်ပြချင်ပါတယ်။
“လူသားတွေအနေနဲ့ ကိုယ်ယုံကြည်ရာ အယူအဆတစ်ခုခုကို ခိုလှုံယုံကြည်ခွင့် ရှိပေမဲ့ အတင်းအကျပ် သွတ်သွင်းမှုမျိုး မလုပ်သင့်ပါဘူး။ ဘာသာရေးဆိုင်ရာ အသိပညာ အကြမ်းဖက်မှု ကျူးလွန်ခံနေရတဲ့ အဖြစ်အပျက်တွေက လူသားတစ်ဦးရဲ့ အသိဉာဏ် ရပိုင်ခွင့်ကို သင်းကွပ်လိုက်တာဖြစ်ပြီး လူသားအဖြစ်ကနေ လျော့ကျသွားတဲ့ အသိဉာဏ်မဲ့ လူတန်းစားတွေကို မွေးထုတ်ရာကျပါတယ်။ လူတွေကို ကျွန်အဖြစ် သွတ်သွင်းခြယ်လှယ်ဖို့ လုံလောက်တဲ့နည်းပရိယာယ်လဲ ဖြစ်ပါတယ်။”
- ဗုဒ္ဓဘာတွေတွေ့ခဲ့လဲ, p. 74
ဒီအချက်က စဉ်းစားကြည့်ဖို့ကောင်းတဲ့အချက်ပါ။ကိုယ်ကျင့်တရားသီလဟာ လူ့အဖွဲ့အစည်းရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးခံတပ်လို့ဆိုထားတဲ့ ‘ဗုဒ္ဓ ဘာတွေတွေ့ခဲ့လဲ’ စာအုပ်ရဲ့ရည်ရွယ်ရင်းကတော့ လူငယ်တွေရဲ့ စူးစမ်းသိရှိလိုစိတ်ပြင်းပြနေတဲ့ အစာမကြေဖြစ်နေတဲ့မေးခွန်းတွေကို စာရေးသူက တတ်စွမ်းသမျှ ခိုင်မာတဲ့အကိုးအကားတွေနဲ့ ရှင်းလင်းဖြေဆိုပြထားတဲ့စာအုပ်ကောင်းမလို့ ဖတ်ရှုကြည့်ဖို့ဝေမျှလိုက်ပါတယ်ဗျာ။
*ဒီစာအုပ်ကိုဖတ်ပြီးရတဲ့ဗဟုသုတနဲ့ ကိုယ့်အတွေးအမြင်ခံစားမှုကို မျှဝေခြင်းသာဖြစ်လို့ စာနှင့်ပတ်သက်ပြီး မကျေနပ်မှုများ၊မရှင်းလင်းမှုများရှိပါက အချိန်နေရာမရွေး ထောက်ပြပြောဆိုနိုင်ပါတယ်ခင်ဗျာ*
Telegram acc-@kyawthujunior13
#Youths_book_reflections
#bookreview
#အာကာမိုးသူ
#ဗုဒ္ဓဘာတွေတွေ့ခဲ့သလဲ
Keep Reading