ရှေး - Shay
ဒါလေးက မအိမ်ကံ ဖတ်ပြီးတော့ ပထမဦးဆုံးရေးဖြစ်တဲ့ အကြောင်းလေးပါ။ဒီစာအုပ်ကို လူ၁၀ယောက်မှာ ၉ယောက်လောက်က ဖတ်ပြီးပြီဆိုပေမဲ့ တစ်ကယ်ကိုနှစ်သက်ပြီး သဘောကျလွန်းလို့ အမှတ်တရဖြစ်အောင်ပထမဦးဆုံးရေးခြင်းပါ။ Book review ဆိုပေမဲ့လည်း ရေးချင်တာလေးတွေပါထပ်ပြီးပေါင်းရေးထားပါတယ်။
---------------------- --------------------- ----------------------
မအိမ်ကံ
-ရွှေအမြုတေမဂ္ဂဇင်းမှာ ၃နှစ်နဲ့၆လတိုင်တိုင် အခန်းဆက်ဝတ္တုရှည်ကြီးအဖြစ် ရေးသားဖော်ပြခဲ့တယ်။
-အင်္ဂလိပ်ခေတ်နဲ့ဂျပန်ခေတ်ကဖြစ်တာကြောင့် လွတ်လပ်ရေးမရခင်မြန်မာနိုင်ငံရဲ့အကြောင်းနဲ့ မြန်မာ့နိုင်ငံရေးသမားတွေရဲ့စိတ်ဓာတ်နဲ့ လုပ်ရည်ကိုင်ရည်တွေကိုလည်းသိခွင့်ရတယ်။
-အညာဒေသဖြစ်တာကြောင့် အညာအငွေ့အသက် အညာဟန်ပန်နဲ့ ရှေးမြန်မာလူကြီးတွေရဲ့ တစ်စုံတစ်ရာပေါ်ထားတဲ့စည်းကမ်းချက်တွေကို သိရှိခဲ့ရတယ်။
-မြန်မာ့ထုံးတမ်းဓလေ့ , မြန်မာမိန်းကလေးတစ်ယောက်ရဲ့ နေထိုင်မှုပုံစံ,အကျင့်စာရိတ္တ တွေကိုလည်းသေသေချာချာတွေ့မြင်ခံစားရတယ်။
-ဆရာမကြီးခင်ခင်ထူးဟာ မအိမ်ကံဇာတ်လမ်းထဲမှာပါတဲ့ ခုနှစ်သက္ကရာဇ်တွေကို နှစ်တစ်ရာပြက္ခဒိန်နဲ့ စေ့စေ့စပ်စပ်သေသေချာချာတိုက်ပြီးထည့်သွင်းရေးဖွဲ့ခဲ့တယ်။
-မအိမ်ကံဟာဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။
အိမ်ကံ မွေးတဲ့ အချိန်တုန်းကအတိတ် နိမိတ်ကောင်းတွေနဲ့ ကြုံခဲ့လို့ အိမ်ရဲ့ကံကလေးဆိုတဲ့ အဓိပ္ပာယ်နဲ့ မအိမ်ကံလို့နာမည်ပေးခဲ့တယ်။
မြင်သူတကာငေးတဲ့ ရုပ်အလှနဲ့ ဘဝမှာ မရှိဆိုတဲ့စကားမကြားရလောက်အောင်ကိုပြည့်စုံခဲ့ပြီး ရုပ်အလှတင်မက စိတ်ထားပါလှလို့ အများကသူတော်ကောင်းမကြီးလို့ ခေါ်ခြင်းကိုတောင်ခံရခဲ့တယ်။ငယ်ငယ်ကတည်းက အိန္ဒြေသိက္ခာနဲ့တည်တည်ကြည်ကြည် နေခဲ့ပြီး သူများကိုလည်းကူညီလိုစိတ်အပြည့်ရှိတာကြောင့်လူတွေကချစ်လည်းချစ်ကြသလို မအိမ်ကံနဲ့ရင်းနှီးခွင့်ရရင်ကိုပင်ကံကောင်းတဲ့သူတစ်ယောက်လို့တောင်ထင်မှတ်ကြတယ်။ဒါပေမဲ့လည်း လောကကြီးမှာ ဘယ်အရာမှ စင်းလုံးချောပြီး မပြည့်စုံနိုင်သလို လူအများအားကျရပါတယ်ဆိုတဲ့ မအိမ်ကံရဲ့ဘဝမှာလည်း လိုအပ်ချက်ဆိုတာလေးတစ်ခုတော့ရှိခဲ့တာပါပဲ။ ငယ်စဉ်ဘဝကတည်းက တစ်စုံတရာကို အရမ်းဖြစ်ချင်ခဲ့တဲ့ မအိမ်ကံ။ အဲ့ဒီ့အရာဖြစ်ဖို့အတွက် ငယ်စဉ်ကတည်းကအများကြီးပြင်ဆင်ပြီး မျှော်လင့်တကြီးစောင့်ဆိုင်းခဲ့တဲ့မအိမ်ကံ။ ကိုယ်အနှစ်နှစ်အလလမျှော်လင့်ချက်ထားခဲ့ရတဲ့အရာက အနားကပ်မှ မဖြစ်နိုင်မှန်းသိတဲ့အခါ ၊ ကိုယ်ထားခဲ့သမျှမျှော်လင့်ချက်တွေ ရိုက်ချိုးခံခဲ့ရတဲ့အခါ မအိမ်ကံတစ်ယောက် ဘယ်လောက်များခံစားခဲ့ရရှာမလဲ။တစ်စုံတရာကိုသာမာန်ထက်ပိုပြီးစွဲလမ်းသွားချိန်မှာ အဲ့ဒီအရာအတွက် အနိုင်လိုချင်လို့ မိမိကိုယ်မိမိလုပ်လိုက်တဲ့အရာတစ်ခုဟာ သူမကိုယ်တိုင်တော့ အနိုင်ရသွားတယ်ထင်ခဲ့ပေမဲ့ တစ်ကယ်တမ်းတော့ တလွဲအနိုင်နဲ့ဘဝဟာအကျည်းတန်သွားခဲ့တဲ့ချိန်မှာသူကတော့ပြုံးပြုံးလေးအဆုံးသတ်သွားပေမဲ့ကိုယ်တွေမှာတော့ ငိုရုံအပြင်ဘာမှမတတ်နိုင်ခဲ့ပါဘူး။တစ်ချိန်က သိုက်သိုက်ဝန်းဝန်းနဲ့စိုပြေခဲ့တဲ့ အိမ်ကြီးဟာလည်း တစ်ဖြည်းဖြည်းနဲ့လူတွေ့လျော့လို့ ခြောက်ကပ်သွားတဲ့အခါ ကျန်ခဲ့တဲ့သူတွေအနေနဲ့ အတိတ်ကအမှတ်တရတွေကို ရင်မှာပိုက်လို့ ထွက်သွားသူတွေကိုလွမ်းဆွတ်ရရုံပဲရှိတော့မှာပေါ့။
----------------------- ---------------------- --------------------
မအိမ်ကံဝတ္ထုဟာ မအိမ်ကံ မွေးဖွားချိန်ကစလို့ မအိမ်ကံ သေဆုံးတဲ့အချိန်ထိ လူတစ်ယောက်ရဲ့ဘဝအကြောင်းကို သေသေချာချာ ရေးဖွဲ့ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ။ဖတ်ရင်းဖတ်ရင်းနဲ့ မျက်ရည်တွေကျမိသလို ကိုယ်ကိုယ်တိုင်ပါ ဇာတ်လမ်းထဲရောက်ပြီး အဖြစ်အပျက်တွေကို မျက်လုံးထဲမှာမြင်ရတဲ့အထိကို ဆရာမကြီးခင်ခင်ထူးရဲ့အရေးအသားဟာ တစ်ကယ်ကို ကောင်းလှပါတယ်။ ဆရာမကြီး ခင်ခင်ထူးဟာ ဒီဇာတ်လမ်းမှာ
မအိမ်ကံသေတဲ့အခန်းကို ရေးဖို့အတွက် တော်တော်ကိုအချိန်ယူခဲ့ရပါတယ်တဲ့ ဘာလို့လဲဆိုတော့ ရေးမယ်လုပ်လိုက် ငိုလိုက်နဲ့ဖြစ်လို့ နောက်ဆုံး ၃ရက်လောက် ဝအောင်ငိုပြီးမှ သေတဲ့အခန်းကိုရေးလို့ရတဲ့အထိ ဇာတ်ကောင်ဟာ ဆရာမအပေါ် တော်တော်ကိုလွှမ်းမိုးခဲ့ပါတယ်။ ဆရာမကိုတင်မဟုတ်ဘဲ စာဖတ်သူတွေပေါ်မှာလည်း မအိမ်ကံဟာ တော်တော်ကိုလွှမ်းမိုးခဲ့တာပါ။ မအိမ်ကံသေတဲ့အခန်းပြီးသွားတဲ့နောက်မှာ စာဖတ်သူတွေက မအိမ်ကံကိုသေခိုင်းလို့ ဆိုပြီးဆရာမကြီးကို မကျေနပ်ကြတာ စာတွေပို့၊ ဖုန်းတွေဆက် လူကိုယ်တိုင်လာတွေ့ကြပြီး မအိမ်ကံကိုဘာလို့သေခိုင်းတာလဲဆိုပြီး အပြောများကြလို့ ဆရာမကြီးကိုယ်တိုင်က ရှင်းယူရတဲ့အထိ မအိမ်ကံဟာတော်တော်ကိုလွှမ်းမိုးလွန်းပါတယ်။တစ်ချို့ဆိုမအိမ်ကံသေတဲ့လမှာ မအိမ်ကံအတွက်ရည်စူးပြီး ဆွမ်းချိုင့်တောင်ပို့ကြပါတယ်တဲ့။
ဒီဇာတ်လမ်းကို ဖတ်ပြီးသွားတဲ့အချိန်မှာသိလိုက်ရတာက လူ့ဘဝဆိုတာ ငယ်တဲ့အချိန်မှာပဲ ပျော်စရာတွေများပြီး အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ပျော်စရာတွေလျော့နည်းလာမယ်ဆိုတာပါပဲ။ တစ်ချို့တွေဟာမအိမ်ကံရဲ့လုပ်ရက်ကိုနားမလည်ကြပေမဲ့ ကိုယ်ကတော့ မအိမ်ကံရဲ့လုပ်ရက်ကိုနားလည်ပါတယ်။ ကိုယ့်ဘဝထဲကနေ လူတွေထွက်သွားတဲ့အခါ မျှော်လင့်ချက်တွေအရိုက်ချိုးခံရတဲ့အခါ ဒီအရာတွေဟာ တော်ရုံတန်ရုံ နာကျင်ရတဲ့နာကျင်မှုမျိုး မဟုတ်ပါဘူး။
မအိမ်ကံစာအုပ်ထဲမှာပါဝင်တဲ့ဇာတ်ကောင် တစ်ယောက်ချင်းစီကအစ နေရာဒေသတွေကိုပါ
တစ်ကယ်ချစ်ပြီး တစ်ကယ်ကိုတန်ဖိုးထားမိပါတယ်။ အခုလိုမျိုးဇာတ်လမ်းကိုရင်ထဲထိရောက်အောင်ရေးသားနိုင်တဲ့ ဆရာမကြီးခင်ခင်ထူးကို လေးလည်းလေးစားမိသလို အားလည်းအားကျမိပါတယ်။ မအိမ်ကံ စာအုပ်က အထူးသဖြင့်မြန်မာမိန်းကလေးတွေ ဖတ်ကိုဖတ်သင့်တဲ့စာအုပ်ပါ။ ဖတ်ဖို့လမ်းညွှန်ပေးခဲ့တဲ့မေမေ့ကို တစ်ကယ်ကျေးဇူးတင်နေမိပါတယ်။
-------------။ -------------။ --------------။
?
Keep Reading