မောရိသျှ
ဘာပဲလုပ်လုပ်ငါ့ဘဝကြီးကို ဒီရာထူးနဲ့ပဲ အဆုံးသတ်မှာ မဟုတ်ဘူး၊ ဒီကုမ္ပဏီမှာပဲ သေတဲ့အထိ လုပ်ဖို့ မတွေးထားဘူး ဆိုပြီး နှလုံးသွင်း စိတ်အားတင်းထားဖို့ လိုပါတယ်။ ကိုယ့်ဘဝနဲ့ ကိုယ့်အသက်ကို ကိုယ့်အတွက်ပဲဖြစ်ပြီး၊ ကိုယ့်ဘဝ ရည်မှန်းချက် ပန်းတိုင်ကိုသာ ဖြည့်ဆည်းဖို့အတွက်ရှင်သန်နေတာဖြစ်ကြောင်း စိတ်တေးမှတ်ထားဖို့ လိုပါတယ်။
ကိုယ့် ဘဝရည်မှန်းချက် ပန်းတိုင်ဆိုတာကလည်း ကိုယ်တိုင်ရှာပြီးကိုယ်တိုင်တည်ဆောက်မှပြီးမြောက်ဖြစ်တည်နိုင်တာပါ။ သူများကူလို့ ဖြစ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ဘဝဆိုတာကိုယ်တိုင်တည်ဆောက်ထားမှ ဘဝလို့ ခေါ်တာပါ။ သူများကို မှီခိုအားကိုးပြီး ရှင်သန်နေရသေးသရွေ့ ဘဝမရှိသေးပါဘူး။ ပြောင်းလဲမှုဆိုတာ အချိန်နဲ့အမျှ မလွဲမသွေ ကြုံရမှာပါ။ တနေရာ တပုံစံ၊ တမျိုးတည်းပဲ အမြဲထာဝရ မဖြစ်နိုင်ပါဘူး။ ကိုယ်မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေကို မကြုံချင်ရဲ ကြုံရမှာပါပဲ။ ကိုယ်မဖြစ်စေချင်တဲ့ အပြောင်းအလဲတွေလည်း ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါပဲ။ ကိုယ့်ဘဝနဲ့ ကိုယ့်စိတ်ကို အချိန်နဲ့အမျှ အသားကျအောင် အစားထိုးပြောင်းလဲလွယ်အောင် ကြိုးစားပြင်ဆင်ပါ။ ကွေးလွယ် ပြောင်းလွယ်လို့ရွှေကို တန်ဖိုးထားကြတာပါ။ ပြုပြင်ရခက်ရင် သံလောက်တောင် တန်ဖိုးထားခံရမှာမဟုတ်ပါဘူး။အမြဲလိုလို ပြောင်းလဲလွယ်သူ ဖြစ်နေပါစေ။
အကြောင်းအမျိုးမျိုးကြောင့် အတင်းအကျပ်ကြီး ပြောင်းလဲတာမျိုးနဲ့ ကြုံတွေ့လာရပြီဆိုရင်လည်း ၊ လန့်ဖြတ်ပြီး စိတ်လွတ်ကိုယ်လွတ် မဖြစ်ပါစေနဲ့၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး ပြောင်းလဲမှုတွေနဲ့ အသားတကျ နေတတ်အောင် ကြိုးစားပါ။ ပြောင်းလဲမှုတွေရဲ့ရိုက်ခတ်မှုကကောင်းတာတွေ ဖြစ်နိုင်သလို၊ ဆိုးတာတွေလည်း ပါမှာပါပဲ။ ကောင်းတာတွေဖြစ်လာခဲ့ရင် ပိုကောင်းနိုင်အောင် အစားထိုးပြုပြင်ဖို့ ရည်မှတ်ထားပါ။ ဆိုးတာတွေ ဖြစ်လာခဲ့ရင်လည်း အဆိုးထဲက အကောင်း အခြေအနေနဲ့ အသားတကျ ဖြစ်နိုင်အောင် စိတ်ပြင်ဆင်ပြီး ရင်ဆိုင်ပါ။ ရင်ဆိုင်ခြင်းက ရင့်ကျက်ခြင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲမှုတိုင်းမှာ နည်းသစ်သုံးပြီး အသားတကျ ဖြစ်အောင် ထိန်းညှိတတ်ခြင်းက ပညာရှိခြင်းဖြစ်ပါတယ်။
ဘဝရည်မှန်းချက်ပန်းတိုင်ဆိုတာကအင်မတန် ဖော်
ထုတ်ရခက်တဲ့ ပဟေဠိဖြစ်သလို၊ အင်မတန် ဖော်ဆောင်ရခက်တဲ့ အလုပ်ကြီးပါ။ ဒါပေမဲ့ အချိန်ရှိခိုက် ပြောင်းလဲမှုတိုင်းကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်မယ်ဆိုရင်တော့၊ ဘဝကောင်း မတည်ဆောက်နိုင်စရာ အကြောင်း မရှိပါဘူး။ ရောင့်ရဲလွယ်စိတ်နဲ့ ကျေနပ်လွယ်စိတ်ကို ဖျောက်ပစ်ပါ။ ပြုပြင်ပြောင်းလဲလွယ်သူသာ ဖြစ်ပါစေ။
ကိုယ်လျှောက်ရမယ့်လမ်းကနေ သွေဖယ်ပြီး တခြားလမ်း ပြောင်းလျှောက်တာလောက် အန္တရာယ်များတာ မရှိပါဘူး။ မှန်းဆလို့ မရနိုင်တဲ့ ခက်ခဲမှု ဆူးညှောင့်ခလုတ်တွေနဲ့မလွဲမသွေကြုံရတတ်ပါတယ်။များသောအားဖြင့် လမ်းသွေသွားသူတွေက ငွေကြေး (သို့) မက်လောက်စရာ တခုခုကြောင့် စိတ်ပြောင်းသွားကြတာပါ။ မက်လောက်စရာဆိုတိုင်း ကိုယ့်အတွက် လိုအပ်တာ ဖြစ်ချင်မှ ဖြစ်မှာကို သိပါ။ ငွေရလွယ်လို့ လမ်းကြောင်းပြောင်းတာက မမှားပေမယ့်၊ ရတဲ့ငွေနဲ့ ဘဝတခုလုံးသေသည်အထိပြောင်းလဲနိုင်မယ်ဆိုရင်တော့ လမ်းပြောင်းတာ မှန်ပေမယ့်၊ မစို့မဖို့ အခိုက်အတန့် တခုစာအတွက် လုံလောက်ရုံမျှကို မသာယာမိပါစေနဲ့။ ငွေရလို့ ပျော်နိုင်တောင်မှ၊ ကျေနပ်အားရနိုင်မှာ မဟုတ်ဘဲ၊ ရလေလိုလေ စိတ်နဲ့ တလွဲတွေကြီး လုပ်မိသွားပါလိမ့်မယ်။
လမ်းပြောင်းလျှောက်ဖန် များလာတဲ့အခါ လမ်းမှန်ပျောက်ပြီး လမ်းမှားတိုင်းကို လမ်းမှန်မှတ် လျှောက်ရင်းနဲ့ ပျက်စီးခြင်းကို ကြုံရတတ်ပါတယ်။ တကယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားရောက်သွားခဲ့ရင် သေရေးရှင်ရေးတမျှ ကြီးလေးတဲ့ အခြေအနေလို့ စိတ်မှာ တေးမှတ်ပြီး မှန်ကန်တဲ့ ရွေးချယ်မှု ပြန်လုပ်ပါ။ သေရေးရှင်ရေးလိုမျိုး တွန်းအားစိတ်ကို အသုံးချပြီးကိုယ့်အတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် လမ်းမှန်ကို တဖန် ပြန်လည် ရွေးချယ်ပါ။ ဒီနေရာမှာ ကြောက်တတ်ဖို့လိုပါတယ်။သေရေးရှင်ရေးတမျှ ကြီးလေးတဲ့ ကိစ္စအဖြစ် နှလုံးသွင်းထားမှတော့ တလွဲဖြစ်သွားစရာ အကြောင်း မရှိတော့ပါဘူး။
လမ်းမှား ရောက်သွားပြီး၊ လမ်းမှန်ကို ပြန်ရှာတဲ့ခါမှာလည်း အခက်အခဲတွေနဲ့ ကြုံရဦးမှာပါ။ နဂိုအတိုင်း ပြန်ဖြစ်ဖို့ မလွယ်ပါဘူး။ ကျွမ်းကျင်ပိုင်နိုင်မှုနည်းစဉ်နဲ့ ဆရာကျရေးနည်းလမ်းက အင်မတန် ခက်ခဲပြီး၊ ကြာညောင်းပါတယ်၊ စိတ်မရှည်လို့ မရပါဘူး။ လေးငါးနှစ် မက နှစ်ပေါင်းများစွာ စောင့်ဆိုင်ပြီး စိတ်ရှည် လက်ရှည် ကြိုးစားရပါမယ်၊ မျှော်ကိုးစရာ ဆုလာဘ်လည်း မရှိပါဘူး။ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရဲဦးမှ သာယာတဲ့ အခိုက်အတန့်တခုကို ရချင်မှ ရတာပါ။ ဒါကြောင့် နဂိုလမ်းပြန်လျှောက်ရင် မကြောက်ပါနဲ့၊ ဆက်လျှောက်နိုင်ဖို့ စိတ်အားတင်းထားပါ။ ကိုယ့်ဘဝအနာဂတ်အတွက် လုပ်နေတယ်လို့ပဲ တွေးပြီး၊ အခုထက် နောင်ရေးကို အရှည်တွေး မျှော်လင့်ပါ။
ငွေကြေးနဲ့ ကျော်ကြားမှုတွေဆိုတာက ပန်းတိုင်စစ်၊ ပန်းတိုင်မှန် ရှိသူတွေအတွက် မရှားပါဘူး။ အချိန်တန် ပန်းဝင်တာနဲ့ ဖန်တီးစရာ မလိုဘဲ ရနိုင်ပါလိမ့်မယ်။ ဘဝရည်မှန်းချက် ပန်းတိုင်အတွက် ရည်မှန်းပြီး ကိုယ့်စရိုက်နဲ့ ကိုယ့်မယ့် အလုပ်တွေကိုသာ စွဲစွဲမြဲမြဲလုပ်ပါ။ မုချဖော်ဆောင်နိုင်ပါလိမ့်မယ်။
#မောရိသျှ
⸻ပလ္လင်ပေါ်အလွယ်တက်နည်း- အနှစ်ချုပ်
Keep Reading