Author's Profile Photo

SarPhat Author

25/11/2024

"ရတနာသိုက်" ~~~~~~~~~~

2 mins read
Book Review
Novel
Entertainment
"ရတနာသိုက်"
~~~~~~~~~~'s photo

"ရတနာသိုက်"
~~~~~~~~~

   ခံစားချက်တွေနဲ့ ကျွန်တော်တို့လူသားတွေဟာ မိမိကိုနာကျင်စေတဲ့အခါ ၊ ကိုယ်ချစ်တဲ့သူတွေ တန်ဖိုးထားတဲ့အရာကို ထိခိုက်လာတဲ့အခါတွေမှာ လူသားပီသစွာနဲ့ အခြေအနေတစ်ခုမှာ ပြန်လည် လက်တုန့်ပြန်တတ်တဲ့ သဘောသဘာဝ ရှိတတ်ကြတယ်။


လက်စားချေမှုဆိုတာဟာ သာမန်ရိုးရှင်းလှတဲ့ တရားမျှတမှုမျိုးတင် မဟုတ်ဘဲ ego ၊ pride၊ diginity ဆိုတဲ့အရာတွေကြောင့် လူသားဆန်စွာ တိုက်ခိုက်ရတဲ့ ကိုယ်ကျင့်တရားတစ်မျိုးလည်း ဖြစ်နေပြန်တယ်။


ဒါကြောင့်မလို့ လက်စားချေခြင်းဟာ မွန်မြတ်တဲ့အရာတစ်ခု ဖြစ်နိုင်ပါ့မလား စစ်မှန်တဲ့ တရားမျှတမှုကိုရော အမှန်တကယ်ပေးစွမ်းနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာတစ်ခုလိုပါပဲ။


"သင်္ဘောသားတစ်ယောက်ဖြစ်တဲ့ ဒန်တီဟာ သူချစ်ရတဲ့ ချစ်သူ မာဆဒိ နဲ့ လက်ထပ်လုအံ့ဆဲဆဲအခြေအနေမှာ နပိုလီယံဂိုဏ်းသား ( လူဝီဘုရင်နန်းတက်ချိန်တွင် နပိုလီယံဂိုဏ်းသားများအား သူပုန်ဟုသတ်မှတ်ထားစဥ် ) ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတယ်။ သူ့အပေါ်မနာလိုတဲ့သူ၊ သူရမယ့် ရာထူးကိုလိုချင်နေတဲ့သူ၊ သူ့ရဲ့ရည်းစားကို လုယူချင်နေတဲ့သူ၊ မိမိကိုယ်ကျိုးအတွက် ချောက်တွန်းချင်တဲ့သူ... ဒီဝတ္ထုရဲ့ဗီလိန်တွေက ဒန်တီ့အပေါ်မှာ အချိုချို ယုတ်မာခဲ့ကြပြီး တစ်ကဏ္ဍစီ အကောက်ကြံခဲ့ကြတယ်


ဒန်တီတစ်ယောက် ကျွန်းပေါ်မှာ အကျဥ်းကျခံနေရာကနေ ၁၄ နှစ်ကြာတဲ့အခါမှာ ထောင်ဖောက်ပြေးပြီးတော့ လွတ်မြောက်လာခဲ့တယ် ၊ သူလွတ်တဲ့အချိန်မှာ အရာအားလုံးက ပြောင်းလဲသွားခဲ့သလို သူကိိုယ်တိုင်ကလည်း ရင့်ကျက်တည်ငြိမ်သူအဖြစ် ပြောင်းလဲလာခဲ့တယ်


မိမိကိုယ်ကိုယ် အဆုံးစီရင်လောက်အောင်ထိ စိတ်ဓာတ်ပျော့ညံ့ခဲ့တဲ့ ရိုးသားလွန်းတဲ့ ဒန်တီဟာ ထောင်ထဲမှာ သူ မတရားခံခဲ့ရတဲ့အကြောင်းကို သိရှိလာမိတဲ့အခါမှာ လက်စားချေဖို့ ရည်ရွယ်ချက်တစ်ခုထဲ 'ဇော' တစ်ခုထဲနဲ့ပဲ အသက်ရှင်နေထိုင်ခဲ့တယ် ၊  ဆရာသခင်ဖြစ်သူ ခရိယာန်ဘုန်းကြီး 'ဖာရီယာ' ရဲ့ကျေးဇူးနဲ့ ရတနာတွေ နဲ့ ပညာတွေကို အမွေရခဲ့တဲ့ အပြင် အဆုံးမှာ သူ့ရဲ့ရန်သူတွေကို အောင်မြင်စွာနဲ့ လက်စားချေနိုင်ခဲ့တယ်


ဒါပေမယ့်လည်း တရားသူကြီးဗီလီဖို့ကို လက်စားချေပြီးတဲ့အချိန်မှာတော့ သူ့အနေနဲ့ အသိတရားတစ်ခုကို ရသွားခဲ့တယ် အဲ့တာက သူလွန်သွားခဲ့ပြီဆိုတာပဲ


မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အမှားလုပ်မိတဲ့သူတွေအပေါ်  သူတို့အမှားတိုင်း ခံစားစေခဲ့ရင်း ကနေ "သူ့အမှားကိုယ့်အလွန်" သဘော အလွန်အကျွံဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်လည်း အမှားတစ်ခုကိုထပ်လုပ်မိခဲ့သလိုမျိုး ခံစားခဲ့ရတယ် နောင်တတရားထက် သင်ခန်းစာကို သူရရှိခဲ့တယ်"


လက်တွေ့အပြင်ဘက်ကမ္ဘာမှာ လူတွေသတ်မှတ်ထားတဲ့ 'တရားဥပဒေ' ဆိုတာကရော အမှန်တကယ် တရားမျှတမှု ရှိပါရဲ့လား တစ်ခါတစ်လေ ဥပဒေဘောင်အတွင်းကနေပဲ မတရားမှုတွေဆိုတာ ရှိနေတတ်တာပဲ မဟုတ်လား ၊ ကျွန်တော်တစ်ခါရေးဖူးတဲ့ 'လက်စားချေမှု နှင့် လူသားဆန်မှု' ဆောင်းပါးထဲကလိုမျိုး လက်စားချေမှုလိုမကောင်းတဲ့ ကွင်းဆက် သံသရာဆိုတာကို လုံးဝရပ်တန့်ပစ်ဖို့ မလွယ်ကူပါဘူး


'ကျွန်တော်တို့ဟာ အမှားတွေကို နည်းသည်ထက်နည်းလာအောင်လို့ပဲ ကြိုးစားလို့ရမယ်၊ လုံးဝ မမှားအောင်လို့တော့ လုပ်လို့မရနိုင်ဘူး' ၊ လူသားတွေဖြစ်တဲ့အတွက် တစ်နည်းမဟုတ်တစ်နည်း မှားခဲ့ကြရင်း၊ တစ်နည်းမဟုတ်တစ်နည်း လူသားဆန်လာခဲ့ကြရင်း ပိုပိုကောင်းမွန်တဲ့ လူတွေဖြစ်လာဖို့ကိုပဲ လိုအပ်တာပါ။

အမှန်တရားဆိုတာ တကယ်မရှိတဲ့ လောကကြီးမှာ 'ကိုယ်ယုံကြည်ရာ ရှင်သန်နေကြ' ပြီး လက်စားချေမှု ဆိုတာကလည်း လူတွေအတွက် လူသားဆန်စေတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေခြင်းမဟုတ်လား။


ဒီဝတ္ထုက နာမည်ကျော်စာရေးဆရာ 'ရှိတ်စဖိီးယား'နဲ့ ခေတ်ပြိုင် ကမ္ဘာကျော် ပြင်သစ်စာရေးဆရာ 'အလက်ဇန်းဒါးဒူးမား' ရဲ့ 'THE COUNT OF MONTE CHRISTO' ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက 'ရတနာသိုက်' ဆိုတဲ့အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ ဝတ္ထုပဲပဲဖြစ်ပါတယ်။


မူရင်း ဝတ္ထုက ကောင်းမွန်တဲ့အပြင်ကို ဆရာကြီးရဲ့ အရေးအသားနဲ့ စကားလုံးသုံးနှုံးပုံတွေက ထပ်လောင်းပြီးတော့ ဝတ္ထုကို အနှစ်သာရ ပိုပြီးပြည့်ဝစေတာကြောင့်မလို့ ဆရာကြီးရဲ့ အရေးအသားတွေကိုလည်း လေ့လာရင်း ဝတ္ထုရဲ့အရသာကိုပါ တစ်ပါတည်း ခံစားရမှာပဲဖြစ်ပါတယ်။

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမား