မောရိသျှ
နယ်ပယ်တခုမှာ ကျွမ်းကျင်ပိုင်နိုင်ပြီးအထာသိ ဆရာကျနိုင်ဖို့ဆိုရင် သက်ဆိုင်ရာအကြောင်းအရာနဲ့ ပတ်သက်သမျှကို ချစ်မြတ်နိုးတတ်ဖို့ လိုအပ်သလို၊ နယ်ပယ်နဲ့ကိုယ်နဲ့အကြားမှာအချိတ်အဆက်ရှိနေပြီး ရင်းနှီးကျွမ်းဝင်မှုရှိနေဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ စိတ်ပါဝင်စားမှု တွေကလည်း သက်ဆိုင်ရာ နယ်ပယ်အပေါ် သက်ရောက်မှု ရှိနေရမှာ ဖြစ်သလို၊ အဆိုပါ နယ်ပယ်ရဲ့ အထာနဲ့ ထပ်တူ ထင်ဟပ်မှု ရှိကို ရှိနေရပါမယ်။ရူပဗေဒမို့စိတ်ဝင်စားမှု ဖြစ်တာမဟုတ်ပါဘူး၊ နားလည်ရခက်ခဲတဲ့ သဘာဝ လောက စကြာ ဝဠာကြီးရဲ့ အလုပ်လုပ်ပုံကို သိချင်လို့ လေ့လာဖြစ်ကြတာပါ၊ ရုပ်ရှင်မို့၊ ဂီတမို့ မြတ်နိုးစိတ် ဖြစ်သွားကြတာ မဟုတ်ပါဘူး၊ အဲဒီလို အနုပညာတွေနဲ့ စိတ်ခံစားချက်တွေကို ဖော်ကျုးလို့ ရနိုင်လို့ ထပ်တူဖြစ်နိုင်ကြတာပါ။ ငယ်ရွယ်စဉ်မှာကတည်းက အဲဒီလိုမျိုး ထင် ဟပ်မှုရှိတဲ့ဆက်စပ်ရာဆက်စပ်ကြောင်းတွေ၊ ငြှိတွယ်မှုတွေလူတိုင်းမှာ ရှိကို ရှိပါတယ်၊ ဘာသာရေးဆိုင်ရာ ယုံကြည် သက်ဝင်စိတ်လိုမျိုး စိတ်အားရ ထက်သန်မှုများစွာနဲ့ ဝါသနာစိတ်ဝင်တာမျိုးတွေကို ဆိုလိုတာပါ။
ဘာကြောင့်ရယ် ပြောရခက်ပြီး၊ ကိုယ်တိုင်တောင် အ ဖြေထုတ်ဖို့ မလွယ်လောက်အောင်၊ အဲတာဆိုမှ အဲတာကိုပဲ လိုချင်မိသလို၊ အဲတာဆိုမှ အဲတာကိုပဲ လုပ်ချင်တာမျိုး၊ ရချင်တာမျိုး၊ ဖြစ်ချင်တာမျိုး စသဖြင့် စိတ်ရောကိုယ်ပါ နှစ်နှစ်ကာကာ တမ်းတမ်းစွဲ ဖြစ်ရပြီး၊ ကိုယ့်ရဲ့ ခံစားချက် အရှိန်တွေ အမြင့်ဆုံး ရောက်စေနိုင်ခဲ့တဲ့ အရာကို ပြောတာပါ။ အဲဒီလို ပြောရခက်တဲ့ ဆွဲဆောင်မှုကြီး၊ တမ်းတမ်းစွဲရတဲ့ ခံစားချက်ကြီး၊ တသသ ဖြစ်ရတဲ့ ဝါသနာကြီးမျိုး ရှိခဲ့ဖူးမယ်၊ ပြန်အောက်မေ့တိုင်း အမှတ်တရဖြစ်သလို၊ စိတ်ထဲတွေးလိုက်တိုင်း အရင်လို ခံစားချက်တွေ ဖြစ်လာမယ်ဆိုရင်၊ အဲဒီအကြောင်းအချက်က ကိုယ်မှအပ တခြားလူတွေရဲ့ လွှမ်းမိုးမှု လုံးဝ မရှိတဲ့ အစင်ကြယ်ဆုံးသော သူမတူထူးခြားတဲ့ အထုံပါရမီတရပ်ဖြစ်ပါတယ်။
ကိုယ့်ကြောင့်လည်း မဟုတ်၊ မိဘတွေကြောင့်လည်း မဟုတ်၊ သူများကြောင့်လည်း မဟုတ်ဘဲ၊ သူ့အလိုလို သိစိတ်ရော မသိစိတ်မှာပါ စွဲနေပြီး၊ ဘာပဲလုပ်လုပ် ဝါသနာနဲ့ ထပ်တူကျသလို၊ ကိုယ့်စရိုက်နဲ့ ထင်ဟပ်မှုရှိနေတယ်ဆိုရင် သေချာပါတယ်၊ အဲဒီအရာက ကိုယ်နဲ့ အကိုက်ညီဆုံး၊ အသင့်လျော်ဆုံး၊ အလိုက်ဖက်ဆုံးသောကိုယ်ရည်ကိုယ်သွေးကိုယ်ပိုင်ဖြစ်တည်မှုအစစ်ပါ။ နက်ရှိုင်းဆုံးသော နှလုံးသားတနေရာမှာ ပျောက်ကွယ်နေရာက ပြန်ပေါ်လာနိုင်အောင် ဖော်တတ်ဖို့ပဲ လိုအပ်ပါတယ်။
အသက်အရွယ် ကြီးပျင်းလာတာနဲ့အမျှ ဘဝ အတွေ့အကြုံတွေလည်း များပြားလာပြီး၊ ကိုယ့်ရဲ့ မူလဇာတိနဲ့ အလှမ်းဝေးသလို ဖြစ်သွားတတ်ပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ မူလပင်ကို ဖြစ်တည်မှု ဟူသမျှက ထိတွေ့ ဆက် ဆံမှုတွေ၊ လေ့လာ သင်ယူမှုတွေများစွာရဲ့ ဖုံး ကွယ်မှုတွေကြောင့် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝ အနာဂတ်နဲ့ အရှိန်အဝါရှိနိုင်ရေးကမူလဇာတိအရင်းအမြစ်နဲ့ ပြန်လည် ချိတ်ဆက်နိုင်မှုအပေါ် မူတည်ပါတယ်။ ကိုယ့်ဘဝအစောပိုင်းကာလမှာခံစားသိမြင်ခဲ့ရတဲ့မူလဇာတိဝသီစိတ်နဲ့ အထုံပါရမီတွေကို ပြန်တူးဆွတတ်ဖို့ လိုပါတယ်။ အဲဒီလို တူးဆွတဲ့နေရာမှာလည်း၊ သဲလွန်စ ကောက်တတ် ရပါမယ်၊ ဥပမာ-အလုပ်တခုကို ဘယ်လောက်ပဲ လုပ်လုပ် စိတ်ကျေနပ်မှု ရတာမျိုး၊ ပင်ပန်းတောင်မှ အားရမှုရှိပြီး စိတ်ခွန်အား ယုတ်လျှော့သွားသလို မခံစားရတာမျိုး၊ ဒါမှမဟုတ် သာမှန်လိုမဟုတ်ဘဲ စိတ်ဝင်စားမှု ပိုသွားတာမျိုး၊ စိတ်ခံစားချက်တိုင်းကို လှုံဆော်နိုင်စွမ်းရှိပြီး၊ လုပ်နေတဲ့ အလုပ်မှာ ဈာန်ဝင်စားနိုင်တာမျိုးတွေကကိုယ့်ရဲ့ မူလဇာစ်မြစ် စိတ်ရင်းနဲ့ ချိတ်ဆက်နိုင်မယ့် သဲလွန်စတွေပါ။ မူလဝသီစိတ်က ဘယ်မှ ရောက်မသွားပါဘူး။ ကိုယ့်ခန္ဓာကိုယ်အတွင်းစိတ် တနေရာမှာ ပျောက်နေတာပါ။ ရှာတတ်ဖို့နဲ့ တူးဆွတတ်ဖို့ပဲ လိုတာပါ။ အသက်အရွယ်ကြီးရင့်သွားလို့ မရတော့တာမျိုးလည်း မရှိပါဘူး။
ဘယ်အရွယ်ပဲ ရောက်သွားပါစေ၊ နောက်ကျတယ်လို့ မရှိပါဘူး။ အချိန်မရွေးပြန်လည် တူးဆွပြီး ချိတ်ဆက်မှု ရယူရင်း ဘဝအနာဂတ်ပျော်ရွှင်နိုင်ရေးအတွက် အချိန် ယူတည်ဆောက်လို့ ရပါတယ်။ မူလ ဝသီစိတ်နဲ့ လက်ရှိစိတ်တို့ အချိတ်အဆက်ရှိသွားတာနဲ့ တပြိုင်နက် ဘဝရည်မှန်းချက်ကို သူ့အလိုလို မြင်သိနိုင်ပါလိမ့်မယ်။
#မောရိသျှ
⸻ပလ္လင်ပေါ်အလွယ်တက်နည်း- အနှစ်ချုပ်
Keep Reading