Author's Profile Photo

Tawtawti

19/11/2024

First Date ( ရသစုံယဥ်စွန်းတန်းဝတ္တုတိုများ လုံးချင်းစာအုပ်တွင် ဖော်ပြခံရသော စာမူ)

8 mins read
Book Review
Art
Novel
First Date ( ရသစုံယဥ်စွန်းတန်းဝတ္တုတိုများ လုံးချင်းစာအုပ်တွင် ဖော်ပြခံရသော စာမူ)'s photo


"First Date"
.......................

(၁)

ကောင်မလေးနှင့်မဟာဗန္ဓုလပန်းခြံထဲတွင် ချိန်းထားသည်။ တကယ်ဆိုလျှင် facebook မှသည် မြေပြင်အခြေအနေသို့ ပထမဦးဆုံး တွေ့ဆုံကြမည့် first date မည်သည် ယောကျ်ားလေးဖြစ်သူက ကြိုရောက်နှင့် စောင့်နေသင့်၏။

သို့သော် သခင်မြပန်းခြံရှေ့ ကားဂိတ်မှ မထွက်ရှိသေးသည့် YBS လိုင်းကားပေါ်ကနေ 'လာနေပြီ..လာနေပြီ'ဟု အလျင်လိုနေသော သူမကို ဖုန်းနှင့် လှမ်းပြောနေရသည်။
ဟိုက မျှော်ရှာနေပေပြီ ။

ရောက်ပြန်လေသည့်အခါတွင်လည်း ပန်းခြံအလယ်မှ လွတ်လပ်ရေးကျောက်တိုင်ကြီးကို ဗဟိုပြုလျက် ကျီးမျက်လုံး ကြောင်မျက်ဝန်းနှင့် လျှောက်ပတ် ရှာဖွေကြည့်နေရသေး၏။

ထပ်မံ...ဖုန်းနှင့်အပြန်အလှန်ပြောကြရင်းမှ သူမက လှမ်းတွေ့သွား၏။ လက်လှမ်းပြ ခေါ်၍သာ တော်သေးသည်။

မျက်မှန်ကထူထူ၊ ဆံပင်ကရှည်ရှည်၊ ကပိုကရိုစတိုင်နှင့် ကိုယ်က ဓာတ်ပုံမျှပင် တခါမြင်ဖူးရုံနှင့် လူမမှားနိုင်သော ရုပ်ရည်လက္ခဏာရှိသည့်အတွက် မှတ်မိနေဟန်ရှိသည်။

တကယ်ဆိုလျှင်
ကိုယ်က အမျှော်ဆိုက်နေရင်းမှ သူ့အလာကိုတွေ့သည့်အခါ စိတ်လှုပ်ရှားဟန်လေးနှင့်...

ဟိတ်..ဒီမှာ...ဘာညာ သရကာတွေ လုပ်သင့်တာပေါ့ဗျား။

ကိုယ်ကတော့ သည်လိုမဟုတ်။
တွေ့တွေ့ချင်းပင် ယူလာသော လွယ်အိတ်ကို လက်ကမ်းပေးလိုက်ပြီး..

"ရော့..ယူထား..ခဏစောင့်"

"ဟင်..တခုခုသွားစားမယ်လေ...ဘယ်သွားမှာလဲ"

"တွိုင်းလက်"

ခုနက..တွေဖို့ဇောနှင့်ကြောင့်သာ ထိန်းထားရသည်။
ကားပေါ်အဆင်းကတည်းက နမိတ်ပြနေသည့် ထိပ်ဝက စိတ်မချရသော ကိစ္စက ကြိတ်ခဲထားမရတော့။ ရှေ့ဆက်လည်း ပိုသာဆိုးမည့်အနေအထားကြောင့် မျက်နှာပူသော်လည်း...မျက်နှာပြောင်နှင့်သာဆိုကာ
ပန်းခြံအတွင်းရှိ အခပေးသန့်စင်ခန်းဆီသို့ သုတ်ခြေနှင်ရပြန်သည် ။

ချိုသောအပြုံးတွေ စတင်လက်ဆောင်ပေး၊ ကြွယ်သော စကားတွေနဲ့ အင်ထရိုဝင် ၊ နောက်ကျနေလို့ ခွင့်လွှတ်ပါတွေ...ဘာဘာညာညာမဆိုအား..။

ဟိုခမျာ... လွယ်အိတ်ကြီးကိုင်လျက် ..စောင့်ရပြန်သည် ။

.............................................

(၂)

ဟော...ကိုယ် ဝိတ်လျှော့ပြီး ထွက်လာသည့်နောက် သူမနှင့် ပြန်တွေ့ချိန်တွင်မှမျက်နှာချိုသွေး ရယ်သွမ်းပြရင်း လွယ်အိတ်ကို ပြန်ယူလိုက်ရ၏။

"ဘယ်သွားပြီး ဘာစားမလဲ"

ကိုယ့်ကိုယ်ကိုယ် သူဌေးလိုလို ဒွေးလိုလို အိုက်တင်နှင့် အပိုင်မေးလိုက်၏။

"လက်ဖက်ရည်သောက်ချင်နေတာ.."

ကိုင်း..ကြည့်။
မိန်းမသား အတော်များများသည် ကိုယ်သိသလောက်တော့...မာလာရှမ်းကော၊ ဆီချက်၊ ကြေးအိုး အစရှိသော စားဖွယ်ရာများကိုသာ အလိုလို ထိပ်ထားတသက်ပန် ပိုမိုစိတ်အားထက်သန်လေ့ရှိကြ၏။

သူမကဖြင့် ယောကျ်ားလေး အများစုသာကြိုက်နှစ်သက်လေ့ရှိသော လက်ဖက်ရည်တဲ့။

လက်ဖက်ရည်မကြိုက်သူနှင့်ယှဥ်လျှင် ကြိုက်သူနည်းသော မိန်းမသားစာရင်းထဲမှာ သူမ ပါဝင်နေသည်။
လက်ဖက်ရည်သည်လည်း စွဲကျင့်ပါသော အရည်တမျိုးဖြစ်မှန်း ကိုယ်တွေ့အရ သိနှင့်နေသည်။ တောင့်တ၍သာ သူထုတ်ဖော်ခြင်းသည် လက်ဖက်ရည်ခရေဇီမှန်းကို ပြသလိုက်ခြင်းဖြစ်သည်။

ခရေဇီကာလာသည်ကား
မေးမြန်းကြည့်လိုက်ပြန်တော့
ကျစိမ့်အရောင်...။

အိုကေ...။

သို့သော်..လက်ဖက်ရည်ကို ကိုယ်ဖြတ်ထားသည်မှာ ကြာလှပါပြီ။ ပြန်သောက်လိုစိတ်လည်းမရှိပါ။ ကိုယ်စားချင်တာက ရှမ်းခေါက်ဆွဲ။

ကိုယ်စားနေကျ အရသာလျှာစွဲရှိသည့် ရှမ်းခေါက်ဆွဲဆိုင်သည် ရန်ကုန် ( ၃၇ ) လမ်းအထက်မှာရှိသည်။ လက်ဖက်ရည်မရပါ။
သူနှင့်ထိုင်မည့်လက်ဖက်ရည်ဆိုင်တွင်လည်း ရှမ်းခေါက်ဆွဲရှိမရှိက မသေချာလှ။
ထားတော့...။

ရန်ကုန်နေပူပူမှာ..သူထီးလေးဆောင်းတော့.. ကိုယ်သည် သူမနံဘေးမှာကပ်ပါလာသည်။
ကောင်မလေးတဦးနှင့် နှစ်ယောက်အတူ လမ်းတွဲလျှောက်ဖူးခြင်းသည်လည်း ကိုယ့်အဖို့ လောကတွင် ပထမဦးဆုံးအ​ကြိမ်ဖြစ်ပါသည်။ သူမကံကောင်းသည်လား...ကိုယ်ကကံကောင်းသည်လားတော့ မသိပါ။
တကယ်တော့ သာမာန်ဖြစ်စဥ်တခုအနေနဲ့ပါပဲ။ ပထမဆုံးဆိုသော ဝိသေသကြီးခံနေ၍သာ ဆန်းသလိုဖြစ်နေပါသည်။

ထီးကို သူမက ကိုင်ဆောင်လာသည်။ တကယ်ဆိုလျှင် သည်တခါလည်း ယောကျ်ားလေးဖြစ်သူ ကိုယ်က ထီးကလေးမိုးပေး၊ ကောင်မလေးက ထီးရိပ်မှာ မခို့တရို့လေး လျှောက်လှမ်းလာရမည် မဟုတ်လား..။

ကိုယ်တွေကတော့ ထိုသို့မဟုတ်ပေ။ လက်တွေ့သည် အသင်တို့ မြင်ဖူးနိုင်သည့်
ရုပ်ရှင်ပြကွက်လို ဒရမ်မာမဆန်ပါ။

ထီးဆောင်ရမည်ကို ရှုပ်သည်ထင်သော၊ ဆောင်ထားလျှင်လည်း တနည်းနည်းဖြင့် ပျောက်ရှတတ်သည့် ဓလေ့ရှိသော၊ ကိုယ့်ခမျာသည် ထီးဆိုလျှင် ဝယ်ကိုမဝယ်တော့ဘဲ ထီးမရှိနေ့ရက်များကို ဖြတ်သန်းဖူးသော မိုးရာသီပေါင်းကလည်း မနည်းလှတော့ပြီ။

မိုးတွင်းတောင်မှ ထီးပါလေ့မရှိတာ..အခုလို နေသာရက်များတွင်ကား ဆိုဖွယ်မရှိသည်မှာ မထူးဆန်းလှပါလေ။

သူမကတော့ မိန်းမသားပီပီ နေလောင်ဒဏ်လည်းစိုးရိမ်သည်ထင်သည်။
ဆောင်လာသောထီးကို ဖွင့်ဆောင်းလာသည်။ သူမပေးသော အရိပ်တွင် ကိုယ်က
ကပ်ပါလာခွင့်ရ၏။ သူမဆီမှ ရေမွှေးရနံ့သည် အိပ်မက်မဟုတ်မှန်းလည်း သက်သေခံနေလေသည်။

ဘယ့်နှယ်..ကိုယ့်မှာ ရှက်အမ်းအမ်းပင်နိုင်မိသေး၏။ သြော်..ထီးကို ကိုယ်က ကိုင်ပေးမယ်ဆိုတော့လည်း လက်မခံပြန်ပါ။

သူမ လက်ခံသည်က...

သွားစို့..သွားစို့...တို့နှစ်ယောက်...လက်ဖက်ရည်ဆိုင်...။

.............................................

(၃)

လက်ဖက်ရည်ဆိုင်သို့ လှမ်းလာသောခြေလှမ်းတို့သည် ဗိုလ်ချုပ်က မြန်မာပြည်လွတ်လပ်ရေးကိုအရယူရန် ဂျပန်ပြည်သို့ ထွက်ခွာခဲ့သလောက် တက်ကြွနေ၏။ ပန်းခင်းသောလမ်းကားမမည်။ 'ကိုယ့်ကို လမ်းမှာ ဘယ်ကားဝင်ကျုံးမလဲ'လည်း ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် ရှိုးရသေး၏။
ရန်ကုန်မြို့ ပေတရာလမ်းမပေါ်မှာ အူတူတူနဲ့မလည်မဝယ်ရယ်ကိုး။

တွေ့သမျှလူကို ပစ်တိုင်းထောင်လို မိန့်မိန့်ကြီးပြုံးပြချင်စိတ်ကိုလည်းကောင်း၊ အန်းကုန်းဘိုးတော်ရယ်နည်းနှင့် သွားဖြဲပြချင်စိတ်ကိုလည်းကောင်း ရွာသာကြီးမှ ကျန်းမာရေးဝန်ထမ်းများကို အားနာသောအားဖြင့် ထိန်းထားရ၏။
ကြည်နူးစရာအတွဲလေးဟု မြင်ခံရလျှင် နည်းသလား။
လတ်တလော ရသမျှလေးတွေစုထားသည့် ဝင်ငွေကလည်း တဝိုင်းစာလောက်ကိုရှင်းနိုင်သည့်အတွက် စိတ်ကလန်းနေတာကြောင့်လည်းပါနိုင်၏။

ငွေသည် အရာရာကို မဖန်ဆင်းနိုင်သော်လည်း ကိုယ်ပြုမူချင်ရာတို့၊ ကိုယ့်စေတနာကို ဖော်ဆောင်ရန်တို့အတွက်မူ အင်အားကြီးမားသော အထောက်အပံ့ဖြစ်ကြောင်းအရိုးရင့်လာသည့် အတွေ့အကြုံများအရ ကိုယ်ကောင်းကောင်းကြီးနားလည်နေပါပြီ။

သူမနှင့်ကိုယ်သည် အသားအရေ ခပ်လတ်လတ်ထဲကဖြစ်သောကြောင့် နှစ်ဦးယှဥ်လျက်လာခဲ့ကြသည်ကို ချိုင်းမွှေးနဲ့ဗျိုင်းမွှေး၊ ကျောက်သင်ပုန်းနဲ့မြေဖြူ၊ ငံပြာရည်နဲ့အချိုမှုန့်ဟု တွဲဖက် မမြင်နိုင်ပါ။
အသားအရောင်ခွဲခြား၍ကား ကိုယ်တို့ကို မရနိုင်။

ဘော်ဒီရှိန်းမင်းအဖြစ် လက်မနဲ့လက်ညှိုးတွဲလာတာဟုပြောရအောင်လည်း ကိုယ်တွေခန္ဓာကိုယ်နှင့်အရပ်က ဆိုဒ်တူဂိုက်တူ
ဖြစ်သောကြောင့် ညွှန်းဆိုမရနိုင်ပါ။

ထိုသို့လည်း ယဥ်ကျေးသော လူ့အဖွဲ့အစည်း၏ ဘာသိဘာသာနေမည့်ပုံကို မှန်းဆမိပါသည်။

လက်ဖက်ရည်ဆိုင်သို့ရောက်သည်တွင် ဝတ္တုတွေထဲကလို ဆိုင်ထောင့်ကျကျနေရာတွင် မထိုင်ရပါ။
ရရာ နံရံကပ်ဝိုင်းတခုတွင်သာ ထိုင်လိုက်ကြရ၏။
တော်သေးတာပေါ့။ စည်ကားနေသော ဆိုင်ကြီးအတွင်း အလယ်ဝိုင်းတွေမှာ နှစ်ကိုယ်တူ ထီးထီးကြီး မထိုင်ရပေလို့...။
မီနူးကို ကြည့်လိုက်တော့ ရှမ်းခေါက်ဆွဲလည်းမရပါ။

သူမအတွက် လက်ဖက်ရည်ကို မှာပေးလိုက်၏။ ကိုယ်မသောက်တော့ သူမက ဘာလို့လဲ ဟုမေးသည်။

"လက်ဖက်ရည် သောက်ရတာမကြိုက်လို့ပါ.."

ဟော..ပြောထွက်သွားသည့်စကား။
တကယ်ဆိုလျှင် သည်တခါမှာကော သူမကကျဆိမ့်သောက်တော့ ကိုယ်လည်းကျဆိမ့်ပဲ ပေါ့ဟု...သူ့အကြိုက်ကကိုယ့်အကြိုက်၊ အကြိုက်ချင်းတူတယ် ဆိုကာ မင်္ဂလာဝင်ယူလို့ရနိုင်သည်ပဲမဟုတ်လား။
သို့ပေသိ..ကိုယ်က ရောမချတတ်ပါ။

ကိုယ်မကြိုက်တာကို မကြိုက်ဟု လူတိုင်းက ဟန်မဆောင်စတမ်းပြောခွင့်ရှိရမည်။
ကိုယ်အတွက် အသုံးဝင်ပါကမူ နှစ်သက်ကြမည်သာ ဖြစ်၏။

ကောင်း၏၊ မကောင်း၏ဟူသည်ကို မိမိတကိုယ်ရည် အာသာနှင့်သာ တိုင်းတာကြခြင်းမည်သည်ကြောင့် လူတိုင်းစိတ်ချင်းမတူညီနိုင်ပေ။

တခုပဲရှိသည်။
မိမိပုဂ္ဂလိက ခံစားမှုသည် သူတပါးကို ထိခိုက်သော သက်ရောက်မှုမရှိဖို့ကားလိုအပ်၏။ မကြိုက်ခွင့်ရှိသည်၊ ချိုးဖဲ့ခွင့်မရှိပါ။ ဒါက လူ့အခွင့်အရေးရဲ့သဘောတရားပါပဲ။

ဟာ..ဆရာကြီးများက အပျော်ဖတ်ဟု သမုတ်ကျမည့် ကိုယ့်စာက...ရွှေဥာဏ်ရှင် သြဝါဒလိုလို တက်ကျမ်းလိုလိုများ ဖြစ်သွားချေသလားပဲ..အဟက်။

"ဘာလို့မကြိုက်တာလဲ"

"ကိုယ့်မကြိုက်ခြင်းကို အသိအမှတ်ပြု ပြန်မေးတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်..မင်းကြိုက်တာကို ကိုယ်က မတားမြစ်တာကကို ပျော်နေတာပဲ မြင်ချင်လို့လေ.."

ကိုယ့်တွင်..အမတန်ခင်မင်ရသော တွဲဖော်သူငယ်ချင်းတယောက်ရှိကြောင်း၊ သူသည် အမတန်မှ လက်ဖက်ရည်ကြိုက်ကြောင်း၊ ထင်မှတ်မထားဘဲ ရုတ်တရက် ဆုံးသွားသောအခါ သူနှင့်အမြဲသောက်ခဲ့သော လက်ဖက်ရည်ကိုသောက်မိလျှင် အမတန်မှ သတိရ၊ စိတ်ထိခိုက်တတ်သောကြောင့် လက်ဖက်ရည်ဖြတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း စသည်တို့ကို တဖွဲ့တနွဲ့ တခုတ်တရတော့ သူမကို မပြောဖြစ်ပါ။

ပြောလျှင်လည်း သူမ စိတ်မကောင်းဖြစ်သွားသည်ကလွဲပြီး ဘာများထူးမည်နည်း...။ အဲ..ထူးမှာတော့ ရှိကောင်းရှိပါမည်။ သည်လို ကိုယ်က သံယောဇဥ်ကြီးတတ်သူဖြစ်ကြောင်း ပြသရာကျသွားသဖြင့် ကိုယ့်အပေါ် သူမ သည် သံယောဇဥ်ပိုလာစရာ၊ စာနာစိတ်ကလေးပေါ်လာစရာလည်း ဖြစ်နိုင်ချေရှိပါမည်။

သို့သော် သူတဖက်သား၏ ဂရုဏာသက်သော မေတ္တာကိုရရန် အာပေါင်ရင်းမသန်လိုစိတ်က ကိုယ့်နှုတ်ခမ်းဖျားကို ထိန်းချုပ်ထားသည်။

ကိုယ့်စေတနာသည် ရှမ်းခေါက်ဆွဲပင်မစားဘဲ သူမ သောက်လိုသော လက်ဖက်ရည်အပေါ်မှာပင် ဦးစားပေးထားသည်ဟုလည်း စကားစဆက်၍ ကြွေအောင်မပြောပါ။ ကိုယ့်ဘာကိုယ် ထိုင်လို၍ လိုက်ထိုင်သည်ပဲ။ သူမက ရိုက်ပြီးခေါ်လာတာမှမဟုတ်တာ။ တယောက်တည်း သွားစားလည်းရသည်ပဲကိုလေ။

"ဒါဆို..ဘာစားမလဲ.."

"စားတော့မစားတော့ဘူး၊ ဒါပေမယ့်..သောက်တော့သောက်ချင်တယ်၊လက်ဖက်ရည်တော့ မဟုတ်ဘူး..စီးကရက် "

လူသည် ကိုယ်ကြိုက်တာကိုကော.. ပြောပိုင်ခွင့်က ရှိရမည်ပင် မဟုတ်ပါလား။
သို့သော် အကျိုးအကြောင်းသင့်လေးလည်း ပြောထားသင့်သည်ဖြစ်ရာ

"စီးကရက်က သောက်သုံးတာအပြင်
ဘေးကနေ အငွေ့ ရှုမိရင်လည်း ရောဂါရနိုင်ချေ သုံးပုံတပုံ ရှိတယ်လို့ ဆိုတယ်၊ ရေမွှေးရနံ့ကလည်း ဓာတုနည်းတွေနဲ့မွှေးအောင် ပြုလုပ်ထားတဲ့အတွက် လေထုကို ညစ်ညမ်းစေရတာပဲတဲ့၊ အဆုတ်မှာ ကွင်းပြင်လေလောက် လတ်လတ်ဆတ်ဆတ် အသက်ရှုခွင့်မရဘူး၊ အဲ့ဒီ့တော့ မင်းဆီက ရေမွှေးရနံ့ကို တလျှောက်လုံးရှူနေရတဲ့ကိုယ်က စီးကရက်လေးတလိပ်သောက်တော့ သောက်ခွင့်ရမယ်မလား"

facebook ထဲကဓာတ်ပုံထက် ရေမွှေးရနံ့လေးသင်းနေသော သူမသည် မခို့တရို့လေးရယ်လေသည်။

စီးကရက်သောက်ခြင်းကို မိန်းမသား
အများစုက သဘောမကျတတ်ပါ။ လူနည်းစုထဲမှာတော့ သူမ ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
အရက်မသောက်သော ဘုန်းကြီးများသည်ပင် အသဲကင်ဆာဖြစ်နိုင်သေးသည်ပဲ။
စီးကရက်သောက်တိုင်း အဆုတ်နှင့်အခြားအန္တရာယ်ဖြစ်မည်ဟုလည်း ကံသေကံမ ဆိုနိုင်ပါ့မလားကွယ်။

စီးကရက်မသောက်တတ်ပါဟု ပြောလျှင်
မနောခွေ့လိမ့်မည်မှန်သော်လည်း မလိမ်တတ်ခြင်းကိုသာ ပိုတန်ဖိုးထားပါမည်။

အင်း..
စကားဆိုတာ ပြောတတ်ရင် လေယာဥ်ပျံတောင် အလကားစီးလို့ရတယ်ကြားဖူးတာပဲ။
မည်သို့ပြောရသည့်နည်းလဲ။
တကယ်လားလို့တော့ လေ့လာရဦးပေမည်။

.............................................

(၄)

သူများ နှုတ်ဖျားမှာ လမ်းမဆုံးချင်သော်လည်း လေယာဥ်ပျံအလကားစီးနည်းသည် မည်သည့်စာအုပ်များထဲတွင် ပါဝင်မှန်း ကိုယ်မသိပါ။
မသေချာသော ပါးစပ်ရာဇဝင်သာသာမျှ​ဖြစ်ခြင်းကြောင့် သမိုင်းကဝိ အတိအကျဆရာ ဒေါက်တာသန်းထွန်းစာအုပ်များထဲတွင်လည်း ပါဝင်အံ့မထင်ပါ။

မသိ..မသိသလို 'အ' နေရပေဦးမည်။အကျိုးရှိရာ ကိစ္စဆိုလျှင် တစုံတခုအပေါ် လက်တွေ့အဖြေရှာရန် ဆွေးနွေးသည်ထက် အကျိုးမရှိရာဖြစ်ဖို့သာ ငါမှအမှန် အငြင်းသန်သော လူမျိုးတွေကြား ကိုယ်ပါဝင်မငြင်းရလျှင်လည်း အထွေထွေဂယက်ထမှုများက နိုင်ငံလုံးဆိုင်ရာပင် လုံလောက်လှပါပြီ။

'အ' သလိုနေတာပင်လျှင် ငြိမ်းချမ်းရေးကို တဖက်တလမ်းက ကူညီပေးရာ ကျနေပေလိမ့်ဦးမည်။

အလကားရ လေယာဥ်တက်စီးချင်သည့်ကိစ္စကို မသိသော်ငြား စီးကရက်ဖြူဖြူစင်စင်လေးသည် မိမိဘဝအလောင်ကျွှမ်းအသင့်ခံရန် မီးခြစ်နှင့်ကား ရေစက်ဆုံလိုက်ရ၏။
ဆေးလိပ်သောက်ခွင့်ရသည်ဆိုလည်း ပြီးနေမင့်ဟာကို။
ဘဝက တိုရတဲ့ကြားက အရစ်ကရှည်နေမိပြန်ပါပြီ။

နို့...ဘဝလည်းတိုပေလို့သာပဲ..ဖြစ်လိုက်ရတဲ့ လောဘ ဒေါသ မောဟတွေ..။
လူသည် မသေစတမ်းသာဆိုလျှင် တဦးနှင့်တဦး အပြိုင်အဆိုင်၊ အတိုက်အခိုက်၊ ရယူလိုမှု၊ မနာလိုဝန်တိုခြင်းတွေ ဘယ်လောက်များထားလိုက်ကြမတုန်းနော့်။

စီးကရက်မီးခိုးငွေ့များကတော့ ကိုယ်တို့ကြားမှာ နားလည်မှု သင်္ကေတအဖြစ် တခဏ ပျံ့လွင့်နေ၏။

မီးခြစ်အတွက်တော့
အလင်းပြပေးသလိုနဲ့
ဖြတ်ခနဲတောက်ပပေးသွားတာပါပဲ..
စီးကရက်အဖို့တော့
တဘဝလုံး ပြာဖြစ်သွားရဖို့သာပဲ

ဟိုက်..ဂရိတ်မာစတာ။
ကဗျာဆရာဆိုလျှင် သည်လိုဖွဲ့ဦးမည်လားမသိ။
သည်တွင်..ကိုယ်ဆယ့်ခြောက်နှစ်သားလောက်က ဖတ်ဖူးသည့်အဆိုတခုကို သတိရမိသည်။

အီတလီကဗျာဆရာထင်ပါသည်၊ နာမည်ရော ဖတ်ဖူးခဲ့သော စာအုပ်ကိုကော နှစ်ကြာချီတော့ မေ့လျော့ခဲ့ပါပြီ။
အေးလေ..ဘယ်သူကများ ကိုယ်ဖတ်ဖူးခဲ့သမျှ မှတ်မိနိုင်ပါ့မည်လဲ။

သူကပြောသည်။
ဝေဖန်ရေးသမားတွေကို ဂုဏ်ပြုပြီးတော့ ဘယ်သူကမှ ရုပ်တုတခု မထုလုပ်ခဲ့ဖူးပါဘူး တဲ့ ။
ဟုတ်သားပဲခင်ဗျ..။
ထို့ကြောင့် ဝေဖန်ဖို့မဆိုနှင့်၊ ယခုလို တွေးမိသည်ကို သိကြလျှင်မူလည်း ဂရုစိုက်ကြမည်မဟုတ်ဟု ယူဆရပါသည်။

လုပ်ဆောင်ဖန်တီးခဲ့သူများအတွက်သာ ဂုဏ်ပြုရုပ်ထုဆိုတာ ပြတိုက်ထဲမှာ ထိန်းသိမ်းထားရှိကြသည် မဟုတ်ပါလား။
ဝေဖန်ရေးသမားများမှာ ဂုဏ်ပြုမှုမျှမခံရဘဲ အမုန်းခံ၍သာ လုပ်နေရတာ ဟု ဂုဏ်ယူချင်သပဆိုရင်လည်း ဂုဏ်ယူပေါ့လေ။

မဟုတ်လျှင်လည်း ကိုယ့်ကိုသာ မမှားသော စီးကရက်သမား မသေသော သုဘရာဇာ မရှိဟုသာ မှတ်ပါလေ။

သို့နှင့်.. သူမနှင့်ကိုယ်ကြား လိုရင်းကိစ္စဆီ ဆက်ပါမည်။

.................................................

(၅)

သူမနှင့် ကိုယ်သည် လက်ရှိ မျက်နှာချင်းဆိုင် ပြီးစီးအောင် လုပ်ဆောင်ရမည့် အကြောင်းတရပ်ကြောင့် ချိန်းဆိုခဲ့ကြခြင်းဖြစ်၏။

ကိုယ်တို့နှစ်ဦးကို ဆုံတွေ့ဖြစ်ကြရန် facebook ပေါ်မှ တဆင့် အကြောင်းဖန်လာခဲ့သော ကိစ္စဟုလည်း ဆိုရပေမည်။

ကိုယ့်အတွက် ကောင်မလေးတယောက်နှင့် ပထမဆုံးအကြိမ် one by oneချိန်းပြီး တွေ့ဖူးခြင်းမည်အောင် ကံကြမ္မာကဆောင်နှင်းပေးခြင်းလည်းမည်ပါသည်။

အိမ်း...
နောက်ဆုံးတွင် ကိုယ်သည် လွယ်အိတ်ထဲမှ တစုံတခုကို ထုတ်ယူကာ သူမကို လက်မှတ်​ရေးထိုးပေးလိုက်၏။

မျက်နှာရွှင်ပျ ယဥ်စစနှင့် သူမကလည်း ဝမ်းမြောက်သွားဟန်ရှိ၏။

ခုတွေ့၊ ခုလက်မှတ်ထိုးကြလေသလားဟု
မဖြစ်နိုင်သော အစီအစဥ်တခုကိုတော့ ဇာတ်လမ်းလှည့်ကွက်အနေဖြင့်သုံးထားလေသလားဟု ကြိုတင် မစဥ်းစားကြည့်ပါနဲ့ခင်ဗျား။

ဖြစ်စဥ်ပြရေးနည်းအတိုင်းပါပဲ။
ဆိုရလျှင်...

ကိုယ်တို့ စာရေးသူ (၂၆)ဦးစုပေါင်း၍ 'ဟာသယူနိုက်တက်' အမည်ရှိ ဝတ္တုတိုများလုံးချင်း စာအုပ်ထုတ်ဝေဖြစ်ကြ၏။

ထိုစာအုပ်ကို ကိုယ်တိုင်ဖြန့်ချီရေးစနစ်ဖြင့် ရောင်းချသည့်အခါ ကိုယ့်facebook accountမှတဆင့် ပရိသတ်အများကို အားပေးနိုင်ဖို့ အသိပေးမိ၏။ ထိုအခါ ကိုယ်နှင့် facebook ပေါ်တွင် နှစ်ချီရင်းနှီးခဲ့သော စာဖတ်ဝါသနာပါသည့် သူမက စာအုပ်မှာယူလာသည်။

စာအုပ်ကို အဝေးမှ ပို့ဆောင်ပေးသည်ထက် ကိုယ်တို့ချင်း မြင်ဖူးသည်လည်းရှိအောင် အားလပ်ရက်တနေ့တွင် တွေ့ဆုံကြရန် မက်ဆင်ဂျာကနေ ချိန်းသည်။

ပြင်ပတွင် တခါမှ မဆက်သွယ်ဖူးကြသော်လည်း ကိုယ်တို့နှစ်ဦးစလုံး နေထိုင်ရာ မြို့နယ်တွေက ရန်ကုန်တိုင်းအတွင်းမှာသာ ရှိသည်။ ထို့ကြောင့် ဆုံတွေ့ကြဖို့ အခြေအနေပေးသည်။ လွဲမှာကို စိုးရိမ်စရာမလိုအောင်လည်း ရန်ကုန်မြို့လယ်ခေါင်ရှိ မဟာဗန္ဓုလပန်းခြံကို ဆုံမှတ်အဖြစ် ညှိနှိုင်းသတ်မှတ်ခဲ့ကြသည်။

ကိုယ်ရေးသားရာ ဝတ္တုပါဝင်သော စာအုပ်ကို ကောင်မလေးတယောက်ထံ ပထမဆုံးအကြိမ် သွားရောက်ပေးဖူးခြင်းဖြစ်သည်။ ထိုမှသာ သူမနှင့်လည်း မြေပြင်တွင် ပထမဆုံးအကြိမ် စတင်ဆုံဆည်းဖူးတော့သည်။ ဒါကို first date ဟု ဆိုလိုပါသည်။
​
လက်မှတ်ကလည်း စာအုပ်တွင် အမှတ်တရအနေဖြင့်သာ ရေးထိုးပေးခြင်းဖြစ်ချေသည်။

ကိစ္စပြီးတော့..ကိုယ်က သူမကို ကားဂိတ်ပြန်လိုက်ပို့သည်။
သူမရှေ့တွင်ဖိုးဝရုပ်လိုပြုံးပြီး လက်နှစ်ဖက်ကိုဆန့်တန်း၊ ခြေကိုကားယားရပ်လျက် 'မပြန်နဲ့..မသွားနဲ့' ဟုလည်း ကာဆီးထား၍မရနိုင်သဖြင့် တားမနေတော့ဘူးလေ။

ပန်းခြံမှာ ကောင်မလေးနှင့်ချိန်းသည်ဆိုတိုင်းလည်း ကိုယ့်ရည်းစားဟု မထင်မှတ်စေလိုပါ။
ကိုယ့်ထက်ငယ်လျှင် ကောင်မလေးဟု ကိုယ်က ပညတ်လိုက်တာပဲဖြစ်သည်။
ကိုယ့်ထက် အသက်အရွယ်ကြီးလျှင်တော့ အမျိုးသမီးပေါ့လေ။
အားလုံးကတော့ မိန်းမသားတွေပါပဲ။

နောင်တွင်လည်း ကောင်မလေးများနှင့် ချိန်းရဦးမည်လားမသိပါ။

ထို့ပြင်
ရှေ့ဆက်၍ အမျိုးသမီးပေါင်းများစွာနှင့်လည်း ချိန်းတွေ့ချင်ပါသေးသည်။

-တော်တော်တည်

27-12-2020
ညနေ ငါးနာရီတိတိ။

အပြီးသတ် edit - 21-2-2024
နံနက် 2:38။

အသံဖြင့်နားဆင်နိုင်ရန်အတွက်ပါ။

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ