မင်းခေတ်
လပြည့်နေ့ဖြစ်သဖြင့်လမင်းကထိန်ထိန်သာနေသည်။လေနုအေးလေးကလည်းတစ်ချက်တစ်ချက်တိုးဝှေ့သွားသဖြင့်အေးသယောင်ယောင်ရှိလှသည်။
လမ်းထိပ်တစ်ဖက်တွင်လည်းကလေးများ၏ဗြောက်အိုးဖောက်သံများနှင့်ဆူညံနေသည်။
ကလေးများ၏အချင်းချင်းအငြင်းပွား၍စနောက်
ဗြောက်ဖောက်သံများက ရပ်ကွက်ထိပ်လမ်းတွင်နေရာယူလျက်။
မျိုးမောင်တို့သားအမိသုံးဦးမှာတော့အိမ်ရှေ့
အုတ်ခုံတွင်သုံးယောက်သားစီစီရီရီလေးထိုင်၍
ကလေးများဗြောက်ဖောက်သည်ကိုငေးနေလေသည်။
ရာသီဥတုကမိုးအကုန်ဆောင်းအကူးဝင်လာပြီ
ဖြစ်၍လေနုအေးတို့တိုးအဝှေ့တွင်ချမ်းစိမ့်စိမ့်ဖြစ်လာသည်။
သို့သော်မျိုးမောင်၏ရင်ထဲက
အပူကိုထိုလေနုအေးတို့ကယှဉ်ပြိုင်ငြိမ်းသတ်နိုင်မည်မထင်။
ရာသီဥတုကချမ်းလာ၍
မျိုးမောင်ကသူ့အမေလက်ကိုဆွဲကိုင်လိုက်သည်။
အမေ …အိမ်ထဲဝင်ရအောင်လေ အပြင်ကအေးလာပြီဆိုတော့ သားတို့အိမ်ထဲဝင်ကြရအောင်လေ”
“အမေ …ဒီလောက်ဆိုကြည့်လို့ဝရောပေါ့”
မျိုးမောင်ကအမေဖြစ်သူကိုလက်ဆွဲခေါ်သော်လည်း အမေကသူ့ကိုမျက်လုံးပြူးပြူးဝိုင်းဝိုင်းကြီးများနှင့်သာပြန်ကြည့်နေကာ အိမ်ထဲမဝင်ချင်သည့်သဘောဖြင့်လက်ကိုဖြုတ်သည်။မျိုးမောင်ကအမေဖြစ်သူကိုစိတ်ပူလာ
ဟန်ဖြင့် အမေဖြစ်သူကို ညီလေးနှင့်အတူ ဆွဲခေါ်သည်။အမေကရုန်းကာလက်ကိုအတင်းလွှတ်ချသည်။နောက်ဆုံးမျိုးမောင်က အမေဖြစ်သူကိုစိတ်ပူလာသဖြင့် ကရုဏာဒေါသဖြင့် အော်လိုက်မိသည်။ထိုအခါအမေဖြစ်သူမှာ မျက်ရည်လည်ရွှဲမျက်ဝန်းကြီးများဖြင့် မေ့ကြည့်လာသဖြင့် မျိုးမောင်၏စိတ်ထဲတွင် ဘယ်လိုမှထိန်းမရတော့ပဲ အမေ့ပေါ်ကိုဖက်ကာငိုချမိလိုက်တော့သည်။ပါးစပ်ကလည်း
“အမေ့ကျန်းမာရေးအတွက်ပါ အမေရယ်"ဟုသာ ရေရွတ်ပြီး သားအမိသုံးယောက်ချုံးပွဲချ ငိုကြမိတော့သည်။
မျိုးမောင်က ၁၄နှစ်အရွယ် အဌမတန်းကျောင်းသားတစ်ဦးဖြစ်ပြီးဖခင်ဆုံးပါးသွားကတည်းက ကျောင်းခေတ္တနားကာ တစ်ဖက်တစ်လှမ်းကအပိုဝင်ငွေရစေရန် ပရိဘောဂဆိုင်တစ်ခုတွင် နေ့စားအလုပ်သမားလေးအဖြစ် လုပ်နေသည်မှာတစ်နှစ်ပင်ပြည့်တော့မည်။မိခင်မှာလည်း လင်ယောက်ျားဆုံးပါးပြီးကတည်းက ကလေးနှစ်ယောက်ကိုရုန်းကန်ကျွေးမွေးရသည်မှာပင်ပန်းလှသည်။
သွေးတိုးရောဂါနဲ့ဆီးချိုအခံလေးကလည်းရှိသေးတော့ ကလေးနှစ်ယောက်ကို ဝမ်းလှအောင်ကျွေးမွေးရသည်မှာလည်းမလွယ်။အငယ်ဆုံးလေးမှာလည်းနောက်နှစ်တွင် သူငယ်တန်းတက်ရမည်ဖြစ်သဖြင့် ခါတိုင်းထက်ပင် ကြပ်တည်းလာရ၍ အကြီးဖြစ်သူမျိုးမောင်အားကျောင်းခေတ္တနားခိုင်းကာအသိဆွေမျိုး၏ပရိဘောဂလုပ်ငန်း
တွင်နေ့စားခနှင့်အလုပ်ကလေးလုပ်ခိုင်းရတော့သည်။မိခင်တစ်ဦးအနေနှင့် ကိုယ့်သားသမီးလေးငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်ကြမ်းလုပ်နေရသည်ကိုလည်းမကြည့်ရက်။သည်တော့ရသမျှပိုက်ဆံလေးကိုခြစ်ကုပ်စားသောက်ရင်းနေလာရင်းပင် အပိုဝင်ငွေလေးအဖြစ် နေ့ဘက်တွင် ကြက်ဥ၊ဘဲဥများရောင်း၍ ဆံပင်ကျွတ်လေးကလည်းရှင်းလိုက်သေးသည်။
ဘဝ၏ဆင်းရဲဒုက္ခများကိုပဲ ခါးစည်းခံရ၍လား။
လောကဓံ၏ခပ်ပြင်းပြင်းရိုက်ချက်များကြောင့်ပင်လားမသိ။
မကြာခင်ပင် မိခင်ဖြစ်သူထံတွင် ကျောက်ကပ်ရောဂါဝေဒနာပါထပ်မံတိုးလာပြီး ရောဂါကတဖြည်းဖြည်းပင်ဆိုလာသည်။ဆီးထဲတွင်သွေးပါသည်ကစသည်။ပိုက်ဆံမရှိသည့်အပြင်ကျန်းမာရေးဗဟုသုတသည်လည်းနည်းလေတော့ ရောဂါအခြေအနေကဆိုးလာပြီး ကျောက်ကပ်ပျက်စီးသည့်အကျိုးဆက်အနေဖြင့် ကျောက်ကပ်ဆီးပိုး ဦးနှောက်ထဲသို့ဝင်ရောက်ကာ တစ်နေ့တခြား မူမမှန်စွာ ဖြစ်လာသည်။ကလေးတစ်ယောက်ကဲ့သို့ သူငယ်ပြန်နေသည့်ပုံစံထိပါဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍မျိုးမောင်လည်းမိခင်ဖြစ်သူကိုပြုစုရန် ပရိဘောဂလုပ်ငန်းမှထွက်လိုက်ပြီး တစ်ဖက်ကဈေးရောင်း၍မိခင်ကိုပြုစုရတော့သည်။
မျိုးမောင်တို့မိသားစုကိုသနားကြသောအသိမိတ်ဆွေများကလည်း လူနာသတင်းလာမေးရင်း တတ်နိုင်သမျှလေးတွေကိုဆေးဖိုးသဘောနှင့် ပေးသွားတတ်ကြသေးသည်။မျိုးမောင်မှာလည်းကလေးတစ်ယောက်အရွယ်
နှင့်မမျှလောကဓံ၏ရိုက်ခတ်မှုဒဏ်ကြောင့်
အကိုကြီးအဖရာ ရာထူးတိုးကာ ရုန်းကန်ရတော့သည်။
သီတင်းကျွတ်လပြည့်ညတိုင်းတွင် သားမိသုံးဦးက ဘုရားသို့အလည်သွားသည်မှာ နှစ်စဉ်မပြတ်ခဲ့ပေ။ယခုနှစ်တွင်တော့ ကံကြမ္မာကမျက်နှာသာမပေးသဖြင့် မသွားခဲ့ရပေ။သို့သော် မိခင်၏အသိစိတ်မှာ ဘုရားသွားကြမည်ဟုစိတ်စွဲနေ၍ မျိုးမောင်ကိုဘုရားသွားဖို့ပူဆာနေသည်။
မျိုးမောင်ကတော့ အမေစိတ်ချမ်းသာစေရန်အတွက်တော့ စကားကိုမတင်မကျပြောထားရသည်။
“အမေ ဆေးသောက်ရင်လိုက်ပို့မယ်”ဟုပြောလျှင်ပင် ကလေးတစ်ယောက်ကဲ့သို့ပျော်နေတတ်သည်။
မှောင်ရီစပျိုးလာသောအခါ မျိုးမောင်က ဘုရားမီးပူဇော်သည်။အိမ်ရှေ့တွင်ညီလေးနဲ့ ဆီမီးထွန်းသည်။မိခင်ဖြစ်သူက ဘုရားသို့လိုက်မပို့သဖြင့် မျိုးမောင်ကို စိတ်ကောက်နေသည်။မျိုးမောင်က စိတ်ကောက်နေသော အမေအား ချော့သည့်အနေဖြင့်
“အမေ သီတင်းကျွတ်လပြည့်ညမှာ အမေ့ကို ကန်တော့ပြီးရင် သီတင်းကျွတ်ရဲ့အလှစစ်စစ်ကိုပြဖို့သွားကြမယ်နော်”ဟုပြောမှသာ ပြုံးပြုံးကြီးလုပ်နေတော့သည်။
သို့သော် မိခင်၏ပုံစံကား ခါတိုင်းနေ့များဖြင့်မတူပဲ နွမ်းဖက်ကာ အားပျက်နေသည့်နှယ်။မျိုးမောင်တစ်ယောက်မိခင်ဖြစ်သူကိုကန်တော့နေရင်းပင် မျက်ရည်များဝဲလာသည်။သူ့ရင်ထဲတွင် မီးတောက်နေသည်ကို ဘယ်လိုအေးချမ်းမှုမျိုးက ငြိမ်းနိုင်မည်နည်း။လပြည့်ညတွင် ပျော်ရွှင်နေရမည့်အစား ဗလောင်ဆူနေရသည်။ကလေးတစ်ယောက်အပေါ်တွင်ရက်စက်နိုင်လေသူ ကံကြမ္မာပင်။
မိခင်ဖြစ်သူအား ကန်တော့ပြီး၍ မျိုးမောင်က သီတင်းကျွတ်အလှစစ်စစ်ကိုပြမည်ဟုဆိုကာ အိမ်ရှေ့အုတ်ခုံလေးတွင်အငယ်ဆုံးညီလေး၊
မိခင်နဲ့အတူထိုင်ကြလေသည်။အမေဖြစ်သူမှာလည်းဘုရားလိုက်ပို့ဖို့ပင်မပူဆာတော့ပေ။
ရပ်ကွက်ထဲရှိကလေးများက စုပေါင်းကာ ဗြောက်အိုးဖောက်သူကဖောက်၊မီးသရဲဆော့သည်ကတစ်ဖွဲ့၊မီးပုံးပျံလွှတ်သည်ကတစ်စုနှင့်စည်လှသည်။
အမေကအိမ်ထဲမဝင်၍မျိုးမောင်ကအော်လိုက်မိကာ အမေဖြစ်သူနှင့် ဖက်ငိုရင်းကပင်အမေက သတိလစ်သွားသည်။မျိုးမောင်နှင့်အတူအငယ်လေးကပါ
"အမေ... အမေ"ဟုတကြော်ကြော်ခေါ်ကြ၊ငိုကြသဖြင့်ဘေးမှ အိမ်နီးချင်းများကပါ လာကူရင်းမိခင်ဖြစ်သူကိုဆေးရုံသို့အမှီပို့ရတော့သည်။
ဆေးရုံသို့ မျိုးမောင်တို့ရောက်ချိန်တွင် ည ၁၀နာရီပင်ကျော်ပြီပင်ဖြစ်သည်။အငယ်ဆုံးလေးအား အိမ်ခေါင်းရင်းရှိ ကြီးတော်မြဆီအပ်ခဲ့ရသည်။
မျိုးမောင်လည်းဆေးရုံကုတင်ပေါ်၌လဲလျောင်း၍အိပ်ပျော်နေသော မိခင်ကိုကြည့်ပြီး မျက်ရည်များကစီးကျကာ ငိုင်နေတော့သည်။
ယခုညပင်ကျော်လွန်နိုင်မည်မဟုတ်သည်ကိုဆရာဝန်ကပြောလိုက်၍ မျက်ရည်များကတလှိမ့်လှိမ့်ကျဆင်းလာနေသည်။ခေါင်းထဲတွင်လည်း ဆရာဝန်ပြောသော စကားများနှင်အတူ ရက်စက်လှသော လောကဓံတရားကိုနာကျည်းစွာ ရေရွတ်နေမိသည်။
သီတင်းကျွတ်လပြည့်ည၏လသည်ထိန်ထိန်သာနေသော်လည်းထိုညသည်မျိုးမောင်အတွက်တော့
လမိုက်ညဖြစ်ခဲ့ရသည်။
အကျည်းတန်လှသော လပြည့်ညပင်။
စာဖတ်သူများအားဂါရဝပြုလျက်
မင်းခေတ်
Keep Reading