ဇွဲ
ကုမုဒြာတို့ ပွင့်ချိန်ခါ၊ချမ်းအေးမှုတို့ စတင်ရာ၊မိုးလေးလဆုံး တန်ဆောင်မုန်းသို့ ရောက်ခဲ့ပြီ။တန်ဆောင်မုန်းလကို '' ရာသီသာဆုံး တန်ဆောင်မုန်း '' ၊ '' ခဝဲပွင့်တုန်း တန်ဆောင်မုန်း '' ၊ '' အထူးခြားဆုံး တန်ဆောင်မုန်း '' ၊ '' သာယာလှပ တန်ဆောင်မုန်းလ '' ၊ '' မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် '' ဆိုပြီး စာဆိုတို့က အမျိုးမျိုးဖွဲ့ဆို တင်စားခဲ့ကြပါတယ်။တန်ဆောင်မုန်းလသည် သာသနာ့ကုမုဒြာတို့ ပွင့်လန်းဝေဖြာချိန်လည်းဖြစ်ပါတယ်။
ဆယ့်နှစ်လရာသီလများထဲတွင် တန်ဆောင်မုန်းလသည် အထူးမြတ်ဆုံးလဖြစ်သလို၊တန်ဆောင်မုန်းလပြည့်နေ့ဟာ သာသနာ့သမိုင်းတွင် အလွန်ထူးမြတ်လှတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဥ်အခါက အဇာတသတ်မင်းကြီးကိုအကြောင်းပြုကာ သာမညဖလသုတ္တံဒေသနာတော် (ရဟန်းပြုခြင်း၏အကျိုး)ကို တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောကြားတော်မူခဲ့ပါတယ်။လရောင်အောက်တွင် ကုမုဒြာကြာပန်းတို့ ပွင့်လန်းကြသလို မြတ်စွာဘုရားရှင်၏ ဓမ္မအလင်းရောင်ကြောင့် အဇာတသတ်မင်းကြီးနှလုံးသားတွင် ဓမ္မကုမုဒြာကြာပန်းများပွင့်လန်းလာခဲ့ပါတယ်။ထိုဓမ္မကုမုဒြာကြာပန်းတို့ အရှိန်အဟုန်ကြောင့် သာသနာတော်ကို နေလို၊လလို ထွန်းလင်းတောက်ပကာ နှစ်ပေါင်းထောင်ချီရှည်ကြာစေရန် ဖော်ဆောင်ပေးခဲ့သော ပထမသင်္ခါယနာတင်ပွဲကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ဒါကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟုလည်း ခေါ်ဆိုကြပါတယ်။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိဟာ မြင့်မြတ်လှတဲ့ကထိန်သင်္ကန်းကပ်လှူချိန်ဖြစ်ပါတယ်။'' ဆွမ်းမှာ ပိဏ်၊ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန် '' ဆိုတဲ့အတိုင်း သင်္ကန်းအလှူတွေထဲမှာ ကထိန်သင်္ကန်းအလှူဟာ အမြတ်ဆုံးဖြစ်ပါတယ်။မိမိသီတင်းသုံးရာ ကျောင်းဆောင်တွင် ဝါတွင်းသုံးလပတ်လုံးသီတင်းသုံးနေထိုင်ကာ တစ်ဝါဆိုခဲ့ပြီးသော ရဟန်းတော်များသည် ကထိန်သင်္ကန်းကပ်လှူခြင်းကို ခံယူနိုင်ခွင့်ရှိကြပါတယ်။ကထိန်ဆိုတာ '' ခိုင်ခံ့ခြင်း '' လို့ အဓိပ္ပါယ်ရပါတယ်။ကထိန်သင်္ကန်း၊ကထိန်အာနိသင်ရတဲ့ရဟန်းတော်ဟာ အကျိုးခိုင်သလို၊ကထိန်သင်္ကန်းကပ်လှူကြသော ဒါယကာ၊ဒါယိကာမများမှာလည်း အကျိုးပေးခိုင်ခံ့ကြပါတယ်။ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များသည် ကထိန်အာနိသင်ငါးမျိုးရရှိနိုင်သကဲ့သို့ သင်္ကန်းကပ်လှူသူ ဒါယကာ၊ဒါယိကာမများမှာလည်း ကထိန်လှူဒါန်းရခြင်းအကျိုးငါးဖြာရရှိစေနိုင်ပါတယ်။
ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရရှိအပ်သည့် ကထိန်အာနိသင်ငါးမျိုးမှာ -
၁။ ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း။
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း။
၃။ ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။
၄။ မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး၊ လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း။
၅။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း။
ကထိန်သင်္ကန်းကပ်လှူသူ ဒါယကာ၊ဒါယိကာမများ ရရှိနိုင်သော အကျိုးငါးဖြာမှာ -
၁။ သွားလေရာရာ အရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာ သွားရခြင်း။
၂။ မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
၃။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊အဆိပ်မသင့်နိုင်ခြင်း။
၄။ မိမိပိုင်ပစ္စည်များကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
၅။ ပစ္စည်းများရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက် အပုံလိုက် ရခြင်း။
ကထိန်ပွဲတော်မှ ခွဲဖြာထွက်လာသော ပွဲငယ်တစ်ခုရှိပါသေးတယ်။ထိုပွဲမှာ မသိုးသင်္ကန်းရက်လှူပွဲဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာနိုင်ငံအနှံအပြားရှိ စေတီ၊ပုထိုးများတွင် မသိုးသင်္ကန်းရက်ပြိုင်ပွဲများကျင်းပပြီး မြတ်စွာဘုရားရှင်အား မသိုးသင်္ကန်းများဆပ်ကပ်ပူဇော်ကြပါတယ်။မသိုးသင်္ကန်းဆိုသည်မှာ လှူဒါန်းဆပ်ကပ်မည့်သင်္ကန်းများကို အရုဏ်မတက်မီအတွင်း အပြီးရက်လုပ်လှူဒါန်းရသောကြောင့် မသိုးသင်္ကန်းဟုခေါ်ဆိုရခြင်းဖြစ်ပါတယ်။
ပံ့သကူပစ်ပွဲမှာလည်း တန်ဆောင်မုန်းလ၏ ထူးခြားသောပွဲတော်တစ်ခုပေတည်း။ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊လူအများကွယ်ရာမှာတွင်ဖြစ်စေ၊ညမှောင်ချိန်တွင်ဖြစ်စေ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲမျိုးဖြစ်၏။ယခုအခါတွင် သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများကိုသာမက ကလေး၊လူငယ်များပျော်ရွှင်စိတ်လှုပ်ရှားစေရန်အလို့ငှာ ပိုက်ဆံ၊အဝတ်အစား၊ဆန်၊ဆီ၊မုန့် စသည့် ပစ္စည်းမျိုးစုံကိုလည်း ထည့်သွင်းစွန့်ပစ်လှူဒါန်းကြပါတယ်။တန်ဆောင်မုန်းလပြည့်ည၏ သန်းခေါင်ယံအချိန်မှ အရုဏ်တက်ချိန်ထိကာလသည် ပံ့သကူရှာရသော ရင်ခုန်ဖွယ်အချိန်အခါဖြစ်ပေ၏။
တန်ဆောင်မုန်းလပြည့်နေ့ညကို ဆေးပေါင်းခတဲ့ညလို့ လူအများက သတ်မှတ်ထားကြပါတယ်။တန်ဆောင်မုန်းလပြည့်နေ့ညမှာ ဆေးပင်အပေါင်းတို့ကို စောင့်သောနတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်ထံ လာရောက်ခစားကြသောကြောင့် မယ်ဇလီပင်က ဆေးပေါင်းခတယ်လို့ ဆိုကြပါတယ်။တန်ဆောင်မုန်းလပြည့်နေ့ညမှာ မယ်ဇလီဖူးသုပ်စားရင် ဆေးဖက်ဝင်၍ (၉၆)ပါးသော ရောဂါအပေါင်းမှကင်းဝေးကာ ဘုန်းကြီး၍ အသက်ရှည်နိုင်ကြောင်း ဆေးကျမ်းအချို့တွင် ဖော်ပြထားပါတယ်။ဒါကြောင့်တန်ဆောင်မုန်းလပြည့်နေ့ညမှာ အိမ်တိုင်းတွင် မယ်ဇလီဖူးသုပ်ကာ အိမ်သားများစားသုံးကြသလို၊လာရောက်သူ အသိမိတ်ဆွေအပေါင်းကိုလည်း တည်ခင်းဧည့်ခံကြပါတယ်။
ကျွန်တော်တို့အရပ်ရှိ ကလေးငယ်များသည် တန်ဆောင်မုန်းလပြည့်နေ့ညကို '' အော်ခါည '' ဟုသာ မှတ်သားထားတတ်ကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း ကလေးဘဝက ထိုကဲ့သို့သာ မှတ်ယူခေါ်ဆိုခဲ့ပါတယ်။အကြောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ရပ်ရွာထဲရှိ အိမ်များဆီသွားရောက်ကာ '' ကျန်းမာပါစေ၊ချမ်းသာပါစေ၊ထီထိုးတိုင်းလည်း ပေါက်ကြပါစေ၊ချဲထိုးတိုင်းလည်း ပေါက်ကြပါစေ၊ဆန်အိုး ဆီအိုး ပြည့်စုံပါစေ '' ဟူ၍ သံပြိုင်ဆုတောင်းမေတ္တာပို့ကာ မုန့်ဖိုးတောင်းကြသောကြောင့်ဖြစ်သည်။တချို့ငွေကြေးတတ်နိုင်သောအိမ်များက ငါးဆယ်၊တစ်ရာမှ ငါးရာ၊တစ်ထောင်ထိပေးတတ်ကြပြီး အများအားဖြင့် ချိုချဥ်၊ဝေဖာမုန့်၊ဆန် စသည့်ဖြင့် စားစရာများပေးကြပါတယ်။သို့ရာတွင် ကျွန်တော်တို့ကလေးငယ်များချမှတ်ထားသော စည်းကမ်းတစ်ခုရှိပေ၏။ထိုစည်းကမ်းမှာ ရပ်ရွာရှိအသက်အကြီးဆုံးဘိုးဘွားအိမ်ကို ဦးစွာသွားရောက် မုန့်ဖိုးတောင်းယူပြီးမှ တခြားအိမ်များသို့ သွားရောက်ရခြင်းဖြစ်ပါတယ်။အော်ခါညရောက်တိုင်း ကျွန်တော်တို့လွယ်အိတ်များတွင် ကျောင်းစာအုပ်တွေအစား ချိုချဥ်များက နေရာယူထားတတ်ကြပါတယ်။ကျောင်းပိတ်ရက်လွန်၍ ကျောင်းပြန်ဖွင့်ချိန်ရောက်လျှင် ကျောင်းဝန်းအနှံ့ ချိုချဥ်အခွံတို့ မင်းမူစိုးမိုးလေပြီ။ကျောင်းသားအပေါင်းတို့ဆီမှလည်း ခေါင်းဟန့်သံ တဟွတ်ဟွတ်ဖြင့် စီညံဝေဆာနေလေတော့၏။အော်ခါညတွင် ကလေးငယ်များသာမဟုတ် လူကြီးများကလည်း အိုးစည်၊ဒိုးပတ်များတီးကာ တစ်အိမ်ဝင်၊တစ်အိမ်ထွက် လိုက်လံကပြကာ ပျော်ပွဲစားမုန့်ဖိုးတောင်းတတ်ကြပါတယ်။လူကြီးများကိုတော့ ချိုချဥ်နှင့်မရ၊မုန့်ဖိုးဆိုလျှင်လည်း ငါးရာ၊တစ်ထောင်ပေးရပြီး ဆန်၊ကြက်၊အရက်၊ဘီယာ၊အချိုရည်မှအစ ကြိုက်နှစ်သက်ရာ ပေးနိုင်ပေသည်။အိုးစည်၊ဒိုးပတ်ဝိုင်းအဖွဲ့သားများသည်ရွာရှိအိမ်ကုန် ဝင်ကြပြီး အိမ်စုံလျှင် ရလာသော စားစရာများကို ချက်ပြုတ်စားသောက်ကြပြီး ပိုက်ဆံကိုတော့ လိုအပ်သောနေရာများတွင် ပြန်လည်လှူဒါန်းကြပါတယ်။ကျွန်တော်တို့အရပ်ဟုဆိုသော်လည်း ကျွန်တော်အနီးအနားရှိရွာငါးရွာတွင် ကျွန်တော်တို့ရွာတစ်ရွာတည်းသာ ထိုဓလေ့ကို စွဲစွဲမြဲမြဲကိုင်ဆွဲကျင်းပကြခြင်းဖြစ်သည်။ပတ်ဝန်းကျင်ရွာရှိ လူကြီးအချို့သည် အော်ခါည၏ မုန့်ဖိုးတောင်းသော ဓလေ့ကိုပျော်ရွှင်စရာဟု မမှတ်ယူပဲ မသင့်တော်သော လုပ်ရပ်ဟုဆိုကာ တားဆီးပိတ်ပင်ထားသည်လည်းရှိသည်။
တန်ဆောင်မုန်းလပြည့်နေ့ညသည် '' သူခိုးကြီးည '' လည်းဖြစ်၏။တန်ဆောင်မုန်းလပြည့်နေ့ညသည် ကိုလူပျိုကာလသားများအတွက် နှလုံးသားစည်းချက်တို့ မြန်ဆန်လှုပ်ရှားချိန်ဖြစ်ပါတယ်။ကိုလူပျိုများသည် တန်ဆောင်တိုင်ညအခါမှာ ပိုင်ဆိုင်ရာ ကိုယ့်ရဲ့နှလုံးသားတိုင်းပြည်ငယ်ဘုရင်မများကို သိမ်းပိုက်ခိုးယူကြသလို၊တန်ဆောင်မုန်းလရဲ့ အသာဆုံးညမှာ သစ္စာတရားလက်ကိုင်ထားလို့ ကိုယ်မြတ်နိုးရာ မိန်းမပျိုများကိုလည်း အချစ်ပုလ္လင်ထက်စံမြန်းစေရေး ချစ်ခွင့်ပန်ကြားတတ်ကြပေသည်။ချစ်ခြင်းမေတ္တာတို့ ပေါင်းစည်းဖွံ့ဖြိုးချိန်ဖြစ်ပေတည်း။
ခိုးယူစရာ နှလုံးသားဘုရင်မ,မရှိသူ လူပျိုကာလသားများကတော့ ရွာထဲရှိ ဘူးသီးနှင့်ကြက်များကို ခိုးယူကာ ဘူးသီးကာလသားဟင်းနှင့် နှစ်ပါးသွားကြပါတယ်။ဘူးသီးနှင့်ကြက် ခိုးယူစရာမရှိသော အိမ်များကို ပစ္စည်းများနေရာရွေ့ထားကာ စနောက်ကျီစယ်တတ်ကြပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့သည် ဓမ္မကုမုဒြာတို့ ပွင့်လန်းကာ ကုသိုလ်တရားပွားများစေသကဲ့သို့၊တန်ဆောင်မုန်းလပြည့်နေ့ညချမ်းဟာလည်း အခါတော်ကောင်းတဲ့ နက္ခတာရာတို့ ကွန့်မြူးရာ၊ချစ်ခြင်းမေတ္တာတို့ ပေါင်းဆုံးရာ အချိန်အခါဖြစ်ပေသည်။ဤကဲ့သို့ ကောင်းမြတ်ခြင်းများနှင့် ပြည့်စုံသော အခါယမတွင်
တန် ဖိုးရှိတဲ့အရာတွေကို
ဆောင် ယူသိမ်းပိုက်၍
မုန်း တီးသူများကင်းကာ
လ ရောင်ကဲ့သို့အေးချမ်းခြင်းများ
ပြည့် စုံသော
နေ့ များပိုင်ဆိုင်နိုင်ပါကြစေ.......။
စာရေးသူ - ဇွဲ
14/11/2024 (Thu)
ပြိုင်ပွဲဝင်ဆောင်းပါး
Keep Reading