Author's Profile Photo

တစ်စက်(ရန်ကုန်)

12/11/2024

ဒေါသကိုစီမံခန့်ခွဲခြင်း အပိုင်း(၃)

5 mins read
Personal Development
Psychology

#AngerManagement
ဒေါသကိုစီမံခန့်ခွဲခြင်း
အပိုင်း(၃)
....
ဒေါသမှာ
Harmful Anger အန္တရာယ်ရှိစေသောဒေါသ နဲ့
Helpful Anger အထောက်အကူဖြစ်စေသော ဒေါသ ဆိုပြီး နှစ်မျိုးရှိပါတယ်။
ကိုယ့်ရဲ့ဒေါသကို ကိုင်တွယ်ထိန်းချုပ်နိုင်ပြီး အသုံးချနိုင်မယ်ဆိုရင် အထောက်အကူဖြစ်စေမယ့် ဒေါသမျိုး ဖြစ်လာမှာပေါ့။
သဘောက နာကြည်းသွားမယ်။ နာကြည်းတယ်ဆိုတာ တကယ်တော့ ဒေါသပဲလေ။ ကိုယ့်ကို ဆွေမျိုးအသိုင်းအဝိုင်းက နှိမ့်ချဆက်ဆံတယ်။ ပတ်ဝန်းကျင်က နှိမ့်ချဆက်ဆံခံရတယ်။ အထင်သေးကြတယ်။ အဲဒါကို နာကြည်းတယ်။ အဲဒီ နာကြည်းချက်ကြောင့် မနားမနေ ကြိုးစားပြလိုက်တယ်။ အလုပ်လုပ်တယ်၊ ကြိုးစားတယ်ဆိုရင် အခက်အခဲတွေ တွေ့ရတော့မယ်။ အဲဒီအခက်အခဲတွေကို ခုနက ဒေါသတွေနဲ့ ကျော်လွှားပစ်လိုက်တယ်။ ဒီအခက်အခဲတွေကို ငါကျော်နိုင်မှ ဒင်းတို့ အထင်သေးတာကို မခံရမှာ။ ဒီလိုနှလုံးသွင်းရင်း ကြိုးစားလိုက်တော့ အောင်မြင်သွားတယ်။ တစ်ချို့ဆို နိုင်ငံခြားထိ သွားအလုပ်လုပ်တဲ့သူတွေရှိပါတယ်။ အဲဒီလို နာကြည်းမှုတွေနဲ့ပေါ့။ အခက်အခဲတွေ တွေ့လာပြီ။ တစ်ချို့က စိတ်ဓါတ်ကျ ပြီး ပြန်လာခဲ့ရတယ်။ တစ်ချို့က အတိတ်က နာကြည်းမှုတွေကို ပြန်တွေးတယ်။ ဒေါသက ပြန်ထွက်လာတယ်။ အဲဒီဒေါသ နဲ့ ဆက်နေမယ်။ ဘာဖြစ်ဖြစ်ကွာ။ ငါ့ရဲ့ပန်းတိုင်ကို မရောက်ဘဲနဲ့တော့ မပြန်တော့ဘူး။ အဲဒီလိုပြန်တွေးပြီး ကြိုးစားကြတယ်။ အဲဒါက ဒေါသကို ကောင်းတဲ့ဘက်ကနေ အထောက်အကူရစေအောင် ပြန်အသုံးချလိုက်တာ။ ဒါမျိုးပေါ့။ ဒါကို Helpful Anger လို့ ခေါ်ပါတယ်။
ဒါဆိုရင် ဒေါသကို ကိုင်တွယ်တဲ့အခါမှာ Harmful ဖြစ်စေတာမျိုးတစ်ခုတည်းမဟုတ်ဘဲ Helpful လည်း ဖြစ်စေတယ်ဆိုတာ သိထားဖို့လိုပါတယ်နော်။ လူတစ်ယောက်က ကိုယ့်ကို အထင်သေးစွာ ဆက်ဆံလာပြီဆိုပါစို့။ မိဘကဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်းကဖြစ်စေ၊ ပတ်ဝန်းကျင်ကဖြစ်စေ ကိုယ့်ကို အဲလို ဆက်ဆံလာတယ်ပေါ့ ။ ဒါကို ဒင်းတို့ကို ဘယ်လိုတုန့်ပြန် လိုက်မယ်။ ဘယ်လိုပြောပစ်လိုက်မယ်။ ထိုးကြိတ်လိုက်မယ်။ ရိုက်ခွဲလိုက်မယ်။ စသည်ဖြင့် တုန့်ပြန်လိုက်ရင် Harmful ဖြစ်သွားပြီ။
အဲလို မဖြစ်စေဘဲ သူတို့ကို ဘာမှမတုန့်ပြန်ဘဲ ကိုယ့်ကိုယ်ကို အားထုတ်ကြိုးပမ်းမှုနဲ့ တုန့်ပြန်လိုက်တယ်ဆိုရင် Helpful ဖြစ်စေတာပေါ့။ မိမိအနေနဲ့တော့ ဒေါသဖြစ်သွားတယ်။ ဒါကို သိတယ်နော်။ ဒေါသဖြစ်တာကို ဖြစ်တယ်လို့ပဲ သတ်မှတ်လိုက်။ ဒါပေမယ့် နေရာပြောင်းပြီး အဲဒီဒေါသနဲ့ ဒီအရာကို ငါကျော်လွှားပစ်မယ်ဆိုတဲ့ စိတ်မွေးရမှာ။
တစ်ချို့လူငယ်တွေ မိဘနဲ့ပြဿနာဖြစ်ကြတယ်။ ကိုယ်ဖြစ်ချင်တာကို မိဘက တားဆီးတယ်။ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်မပေးဘူး။ ကိုယ်မကြိုက်တာတွေကို အတင်းလုပ်ခိုင်းတယ်။ ဒါဆို ဒေါသဖြစ်လာပြီလေ။ အဲဒီအခါ ဒေါသကို ဘယ်လို ပုံစံနဲ့ တုန့်ပြန်လဲ။ Harmful ဖြစ်စေတဲ့ အရက်သောက်ခြင်း၊ ဆေးချခြင်း စတာတွေနဲ့ ဖြေရှင်းကြတယ်။
မိဘကို ဒေါသဖြစ်လို့ ဆေးချတယ်။
မိဘကို ဒေါသဖြစ်လို့ အရက်သောက်တယ်။
မိဘကို ဒေါသဖြစ်လို့ ခိုးရာလိုက်ပြေးတယ်။
တစ်ချို့များဆို အရက်သောက်ပြီး မိဘကို ပြန်အော်ဆဲတဲ့သူတွေတောင် လောကမှာ ရှိပါသေးရဲ့။
တစ်ချို့ လူတွေအောင်မြင်လာကြတာ အဲဒီလို ကိစ္စရပ်တွေကြောင့် ဖြစ်လာတဲ့ဒေါသ တွေကို Helpful ဖြစ်စေခဲ့လို့ အောင်မြင် လာကြတာ။
ပုထုဇဉ်လူသားမှန်သမျှ ဒေါသ ဖြစ်စရာရှိရင် ဖြစ်ကို ဖြစ်ကြတယ်။ ဖြစ်လောက်အောင် ပြောလိုက်ရင် ဒေါသက ဖြစ်ကို ဖြစ်လာရတယ်။ ဒေါသ မဖြစ်ပါဘူးလို့ပြောလာရင် သူဟာ သူတော်စင်ဖြစ်ရင်ဖြစ် ဒါမှမဟုတ် အရူးပဲ။
ဒေါသကို မဖြစ်လာအောင် တကယ်တမ်းထိန်းနိုင်တာ တရားကျင့်ကြံအားထုတ်လို့ ဖြစ်လာတဲ့ အရိယာသူတော်စင်တွေပဲ ဖြစ်နိုင်မှာလေ။ အဲဒါမှမဟုတ်ရင် ဒီလူ ရူးနေလို့ပဲ။
အဲဒီတော့ ဒေါသဖြစ်လာခဲ့ရင် အဲဒီဒေါသကို Helpful ဖြစ်စေအောင်လုပ်။ Harmful ဘက်ကို မဖြစ်စေနဲ့။ ဒေါသကို Energy အဖြစ်ပြောင်းလဲပြီး Helpful ဘက်ပြောင်းပေး။ ဒီလို လုပ်ကြရမှာပါ။
ဒေါသဖြစ်လာရင် Adrenaline ဟိုမုန်းဓါတ်တွေ ထွက်လာတယ်နော်။ အဲဒီ ဟိုမုန်းဓါတ်က ခွန်အားဖြစ်စေတာလေ။ လူတွေဟာ အဲဒီခွန်အားကို ဘယ်လိုအသုံးချလဲဆိုတော့ သူများကို ထိုးကြိတ်ပစ်လိုက်တာလေ။ ပစ္စည်းတွေ ရိုက်ခွဲ ပစ်လိုက်တာလေ။ တကယ်တမ်း အဲဒီခွန်အားကို ကောင်းတဲ့ဘက်ရောက်အောင် အသုံးချရမှာပါ။
လူ့လောက အသိုင်းအဝိုင်းကြားထဲမှာ ဒေါသဆိုတာ နေရာတိုင်း၊ အချိန်တိုင်းလိုလို ဖြစ်နေကြတာပဲလေ။ လူတွေဟာ အဲဒီ ဒေါသကို ကောင်းအောင်လုပ်လို့ရတယ်ဆိုတာ မတွေးဘဲ ဒေါသဖြစ်ရင် မကောင်းဘူးဆိုတဲ့အတွေးလောက်နဲ့ပဲ ရပ်နေတော့ ဒေါသဟာ မကောင်းဘူးပဲလို့ အများစု လက်ခံလာကြတာပေါ့။
ဒေါသဖြစ်လာခဲ့ရင် အဲဒီဒေါသကိုမလျှော့ဘဲ ဒေါသကြောင့်ဖြစ်လာတဲ့အားနဲ့ အခက်အခဲ၊ ဒုက္ခတွေကို ကျော်ဖြတ်ပြီး ကောင်းတဲ့ဘ၀ကို ပိုင်ဆိုင်ရအောင် ကြိုးစားကြရမှာ။
တစ်ခါလဲကျသွားလား။ ပြန်ထလိုက်ပါ။ ဘာနဲ့ပြန်ထမလဲ။ အဲဒီဒေါသ အကူအညီနဲ့ ပြန်ထ။
ဖြစ်လာတဲ့အခက်အခဲတွေကို ဒေါသနဲ့ တိုက်ထုတ်။ အဲလို လုပ်ကြရမှာ။ ဒါဆို ဒေါသဟာ Helpful Anger ဖြစ်စေတာပေါ့။
ဒေါသဆိုတာ အသုံးချတတ်မယ်ဆိုရင် သိပ်ကောင်းတဲ့ ကိရိယာတစ်ခုဖြစ်စေပြီး
အသုံးမချတတ်ရင်တော့ ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီးမယ်။ ပတ်ဝန်းကျင်ကိုလည်းထိခိုက်စေမယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို လူဆိုးကြီးအဖြစ်နဲ့ သတ်မှတ်တာကိုလည်း ခံရမယ်။
Anger is like the Fire.
ဒေါသဆိုတာ မီးနဲ့ အလားသဏ္ဍန်တူတယ်တဲ့။
မီးဆိုတာ ကောင်းတဲ့ဘက်မှာလည်း အသုံးချလို့ရတယ်လေ။ မီးရှိလို့ လူတွေ ချက်ပြုတ်စားသောက်လို့ရတာ။ မီးကို မကိုင်တွယ်တတ်ရင် မီးရဲ့ ဒုက္ခပေးမှု၊ မီးလောင်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ များစွာဖြစ်လာစေတယ်။
ဒီလိုပါပဲ။ ဒေါသဆိုတာ မီးနဲ့ အတူတူပါပဲ။ ဒေါသကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။
-----
ဒေါသဖြစ်တဲ့ Style (3)မျိုး
ဒေါသမှာလည်း style တွေရှိတယ်နော်။
ပထမတစ်မျိုးက ဒေါသဖြစ်တဲ့အခါမှာ အဲဒီဒေါသကို နေရာပြောင်းလိုက်တာမျိုး။
မိမိဒေါသဖြစ်တာက တစ်ယောက်။ အဲဒီ တစ်ယောက်ကို ပြန်လုပ်ချင်သလို မလုပ်နိုင်တဲ့အခါမှာ လုပ်လို့ရတဲ့ အခြားတစ်ယောက်ဆီကို ရွှေ့ပြောင်းပြီး ဒေါသကို ဖော်ထုတ်လိုက်တာ။
ဥပမာ ဌာနတစ်ခုမှာ ဝန်ထမ်းတစ်ယောက်က အထက်လူကြီးကို မကျေမနပ်ဖြစ်ပြီး ဒေါသဖြစ်တယ် ဆိုပါစို့။ အဲဒီအထက်လူကြီးကို ဘာမှ ပြန်မတုန့်ပြန်နိုင်တဲ့အခါ သူက အိမ်ရောက်တော့ အိမ်က သူနိုင်တဲ့ မိသားစုဝင်တစ်ဦးဦး ကို သူ့ရဲ့ဇနီးကို ဆိုပါတော့။ ဒေါသဖြစ်ပြလိုက်တယ်။ အဲဒီအခါ အဲဒီမိန်းမက သူ့ယောင်္ကျားကို ပြန်မပြောရဲတော့ သူမရဲ့ ဖြစ်လာတဲ့ဒေါသတွေကို သူ့ရဲ့ သားသမီးဆီကို ထပ်ပို့လိုက်တယ်။ တစ်ခါ သားသမီးကလည်း မအေကို ပြန်မပြောရဲပြန်တော့ သူ့ရဲ့ အမေအပေါ် ဖြစ်သွားတဲ့ဒေါသကို သူဆော့တဲ့ အရုပ်ဆီကို ပို့လိုက်တယ်။ အဲဒီအရုပ်ကို လွှင့်ပစ်လိုက်တာမျိုး၊ ဖျက်ဆီး ပစ်လိုက်တာမျိုးပေါ့။ မြန်မာစကားတစ်ခုရှိပါတယ်။ အမေကငါ့ကိုနိုင်တော့ ငါက အိမ်က ကြက်မကြီးကိုနိုင်တာပေါ့။
ဒီဒေါသရဲ့ အကျိုးရလဒ်ကတော့ ပြဿနာတစ်ခုကနေအခြေခံစလာတဲ့ ဒေါသဟာ အပြစ်မရှိတဲ့သူတွေဆီကို ဆက်ပြီး ကူးစက်သွားတာမျိုး၊ အပြစ်မရှိသူတွေကို နာကျင်အောင် လုပ်မိစေတာမျိုးပေါ့။ အိမ်မှာ မိဘတွေက သားသမီး ရုံးကပြန်အလာကို မျှော်နေတယ်။ သားသမီးလုပ်သူက ရုံးမှာ လူကြီး ဆူလိုက်လို့ ဒေါသဖြစ်ပြီး ပြန်လာတယ်။ အိမ်ရောက်တော့ အမေလုပ်သူက သားရေ၊ သမီးရေ ထမင်းစားတော့၊ ရေချိူးတော့။ ဒီလို ပြောလာတယ်။ အဲဒီမှာ ခုနက ရုံးမှာ ထုတ်ပြခွင့် မရခဲ့တဲ့ ဒေါသကို အမေဆီကို ထုတ်ပြပါလေရော။ အမေကလဲ ဘာဖြစ်နေတာလဲ ရေချိုးမှာပေါ့။ ထမင်းစားမှာပေါ့။ ဒီမှာ နားပါရစေဦး။ အတင်းပဲ ။ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဖွင့်ထုတ်ပါလေရော။ အေးတဲ့ မိဘဆိုရင် ငြိမ်သွားပေမယ့် ဒေါသထွက်လွယ်တဲ့ မိဘဆိုရင် သားအမိတွေ စကားများကြရပြီ။ လူတော်တော်များများဟာ အဲဒီနည်းကို အသုံးများကြတာ တွေ့ရပါတယ်။
---
ဒုတိယတစ်မျိုးက ထိပ်တိုက်ရင်ဆိုင်တာ။ ဒေါသကို ဖွင့်ထုတ်ပြတာ။ ဒီလူဆိုရင် ဒီလူကို တည့်ပြန်ထုတ်ပြတာ။ ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာတွေ ဖြစ်လာတာမျိုး။ လူလူချင်းဆက်ဆံတဲ့အခါမှာ ဒေါသနဲ့ ပြောဆို ဆက်ဆံတော့ တစ်ဦးနဲ့ တစ်ဦး ပြေလည်တာ မျိုး မရှိကြတော့ဘူး။ ကြာတော့ ပိုပိုပြီး ဝေးဝေးသွားကြတယ်။ အဲဒီအတွက် အကျိုးရလဒ်က အထီးကျန်လာမယ်ပေါ့။ ပြဿနာတွေကလည်း ပြေလည်သွားတာမျိုး မရှိဘူး။ ကိုယ်ကလည်း အထီးကျန် လာမယ်။ ဒါလည်း လူတွေ လုပ်တတ်ကြတယ်နော်။ လုပ်ငန်းခွင်မှာ တွေ့ကြရတယ်။
----
တတိယတစ်မျိုးကတော့ ဖြစ်လာတဲ့ ဒေါသကို မြေမြှုပ်လိုက်တာပေါ့။ ကျိတ်မှိတ်ပြီး မျိုသိပ်လိုက်တာမျိုး။ ဒေါသကို မျိုသိပ် ပြီး ကြိုးစားဖြေသိမ့်လိုက်တာမျိုး။ အဲဒီအခါမှာ အကျိုးရလဒ်က ခေါင်းကိုက်တယ်။ ဗိုက်အောင့်လာတတ်တယ်၊ စိတ်ဓါတ်ကျ လာတာမျိုး ဖြစ်လာတတ်တယ်။ တစ်ချို့ ကြုံဖူးကြမယ်။ ဒေါသ အရမ်းထွက်နေပြီ။ အဲဒါကို အတင်းကြိတ်မှိတ်မျိုသိပ်ပြီး ထိန်းချုပ်လိုက်ရတာ။ အဲဒီအခါ ဗိုက်က ထိုးအောင့်တတ်လာတာမျိုး ကြုံဖူးကြမယ်။ တစ်ချို့က ခေါင်းက ထိုးကိုက်လာတတ်တယ်။ ကိုယ့်ကိုယ်ကို နာကျင်စေတတ်တာမျိုးပေါ့။ ဒေါသကို မျိုသိပ်တတ်သူဟာ လုပ်ငန်းခွင်မှာ အာရုံ စူးစိုက်လို့ မရတော့ဘူး။ မပျော်တော့ဘူး။ အထီးကျန်လာတော့မယ်။ ဒါမျိုးက တစ်ချိန်ချိန်မှာ ပေါက်ကွဲထွက်လာတတ် တယ်။
------------
ကဲ အဲဒီဒေါသကို ဘယ်လို စီမံခန့်ခွဲကြမလဲ။
ဒေါသကို စီမံခန့်ခွဲတယ်ဆိုတာ
အဲဒီဒေါသကို မျိုသိပ်လိုက်တာမဟုတ်ဘူး။
ဒေါသကို ရှင်းထုတ်ပစ်လိုက်တာ မဟုတ်ဘူး။
ဒေါသကို ကိုယ့်ဆီမှာ မရှိအောင် ဖယ်ခွာလိုက်တာမျိုး မဟုတ်ဘူး။
ဒေါသတွေကို Cancel လုပ်လိုက်တာ မဟုတ်ဘူး။
တကယ်တော့ Anger Management ဆိုတာ ဒေါသကို သုံးပြီး
ကိုယ့်ဘ၀ကို မြင့်မားအောင်
ကိုယ့်ဘ၀ကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်လိုက်နိုင်တာကို ခေါ်တာ ဖြစ်ပါတယ်။
Anger ဆိုတာ အလွန်ပြင်းထန်တဲ့ စွမ်းအားတစ်ရပ်ပဲ ဖြစ်ပါတယ်။
Negative ရှုထောင့်ကကြည့်ရင် အရမ်းကြောက်စရာကောင်းပေမယ့်
Positive ရှုထောင့်ကကြည့်ရင်တော့ အင်မတန်မှ အကျိုးရှိစေတဲ့ ခွန်အားတစ်ရပ်ပါပဲ။
ဒေါသကြောင့် ကိုယ့်ရဲ့ (Adrenaline ဓါတ်ကြောင့်)စွမ်းအားတွေ မြင့်မားလာစေတယ်။
ဒေါသကြောင့် ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုမိုမြင်သာအောင် ထိတွေ့ ဆက်ဆံလာနိုင်စေတယ်။
ဒေါသကြောင့် ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းလာနိုင်စေတယ်။
ဒေါသကြောင့် ပြောသင့်တာတွေကို ပြောရဲဆိုရဲ ဖြစ်လာစေနိုင်တယ်။
ဒါတွေက Positive ရှုထောင့်က ကြည့်ရင် ဖြစ်လာစေတဲ့အရာတွေ။
….
ဒေါသကို Negative ရှုထောင့်က ကြည့်မယ်ဆိုရင်တော့
ကိုယ့်ရဲ့ တွေးခေါ်မှုတွေကို ရှင်းရှင်းလင်းလင်း မဖြစ်စေဘဲ အနှောက်အယှက်တွေ ဖြစ်လာစေတယ်။
အကြမ်းဖက်ချင်စိတ်တွေကို ဖြစ်ပေါ်စေတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံလို့မရတော့ဘဲ အထီးကျန်ဆန်လာစေတယ်။
ပြဿနာတွေကို ဖြေရှင်းနိုင်တာမျိုး မရှိဘဲ ပြဿနာပြီးရင်း ပြဿနာတွေပဲ ဖြစ်စေတယ်။
---
အပိုင်း(၄)ဇာတ်သိမ်းပိုင်းကို ဆက်လက်ရေးသားပါမယ်။
#တစ်စက်(ရန်ကုန်)
Crd; (Dr Myo Min Oo’s Personal Psychological Skill)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း