Author's Profile Photo

မောရိသျှ

12/11/2024

အစွန်းမလွတ်တဲ့ကျင့်ကြံမှုများ

3 mins read
Book Review
အစွန်းမလွတ်တဲ့ကျင့်ကြံမှုများ's photo

ဗုဒ္ဓ ဆုံးပါးခဲ့တဲ့ နောက်ပိုင်းကနေ စလို့ ဗုဒ္ဓရဲ့ အယူအဆတွေဟာ သံသယထားရှိမှု ရှုထောင့်ကနေ၊ တဖြည်းဖြည်းချင်း အဆောက်အဦးဝါဒ ဆန်လာခဲ့ရာကနေ၊ ဘာသာဝါဒတရား တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့တယ်။ [ဘာသာဝါဒ ဆိုတာက အကြွင်းမဲ့ သီးခြားအုပ်စု တစ်ရပ်ရဲ့ (ဘုန်းတော်ကြီးများ) ဗဟိုထိန်းချုပ်မှု အောက်မှာ တည်ရှိနေရတဲ့ ယုံကြည်သက်ဝင်မှု စနစ်တစ်ခု ဖြစ်တယ်] ဘာသာဝါဒရယ်လို့ ဖြစ်သွားတာနဲ့၊ ဘယ် အတွေးအခေါ်မဆို၊ ဩဇာရှိပြီး၊ အားကောင်းသည်ဖြစ်စေ၊ အရှိန်အဝါကျပြီး၊ အားနည်းတဲ့ အယူအဆပဲ ဖြစ်နေပါစေ၊ အချိန်နဲ့ နေရာဒေသအလိုက် “အယူအဆ” ဆိုင်ရာ စိန်ခေါ်မှု၊ “အတွေးအခေါ်” ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ကြုံရစမြဲပါ။ 

ဘယ်ဝါဒ၊ အယူအဆကမှ တစ်ထေရာတည်း အမြဲတစေ မရပ်တည် ၊ မတည်ရှိနိုင်ပါဘူး။ အိန္ဒိယဇာတိ ဗုဒ္ဓ ဓမ္မဟာ - အကြွင်းမဲ့ သီးခြားအုပ်စု အသီးသီးရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတဲ့နောက်ပိုင်းမှာ နဂိုမူလ လက်ခံမှုအသွင်ကနေ၊ရုပ်ထုကိုးကွယ်မှု အခြေခံတဲ့ အိန္ဒိယတန္တရဝါဒရောနှောသွားတဲ့တပသီ(တောထွက်ရသေ့) ဝါဒအဖြစ် ပြောင်း လဲသွားခဲ့ရသလို၊ ဆိန(ချိန) စိန့်တိုင်းပြည်ကို ရောက်သွားတော့ - သမထ အားပြု ဈာန်ဝါဒီတွေကြောင့် ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရဟာ ပါရမီတရားအပေါ် အခြေခံသွားပြီး၊ သစ္စာတရားထက် ဗြဟ္မဝိဟာရ တရားတွေ အားကောင်းသွားခဲ့တယ်၊ အဲဒီနောက် အထက်ကို ဆန်တက်သွားပြီး၊ အေးခဲတဲ့ တိဘတ်ကုန်းပြင်မြင့်မှာ သူမတူ ထူးခြားတဲ့ ကျင့်ကြံအားထုတ်မှု ပုံစံတွေနဲ့ ဗုဒ္ဓ ဓမ္မဟာ၊ အိန္ဒုမြစ်ဝှမ်း ယုံကြည်မှု အခြေခံတဲ့ ယောဂကျင့်စဉ်တွေအကြား ပေါင်းစပ်သွားပြီး၊ သီးခြား ဂိုဏ်းဂဏ၊ သက်ဝင်ယုံကြည်မှု အသစ်ကို ပေါက်ဖွားခွင့် ပေးခဲ့ရပါသေးတယ်။ 

အရှေ့တောင်ဘက်ကို ရောက်သွားတော့ ဝိပဿနာကို အခြေပြု၊ ရှေးရိုးစွဲ တောမှီဝါဒ က အားကောင်းသွားတယ်။ မြန်မာ (ဗမာ) ပြည်နဲ့အတူ ထိုင်းမှာဆိုရင် ဝိနည်းစည်းကမ်းကြီးသလို၊ သမားရိုးကျ ရှေးရိုးစွဲတဲ့ အထင်ကြီး၊ အမြင်ကြီး ကိုးကွယ်မှု အလေ့အထ အမြစ်တွယ်ခွင့် ရသွားတယ်။ ထူးဆန်းတဲ့ အချက်က ရှေးရိုးစွဲလွန်းတဲ့ ဒေသတွေမှာ ဗုဒ္ဓရဲ့ ဓမ္မတရား အခြေခံအားကောင်းရမယ့်အစား၊ တစ်ဖက်စွန်းရောက်လွန်းတဲ့ အယူဝါဒတွေက အမြစ်တွယ်လွန်းနေတတ်တာပါ။ ဘာသာတရား တစ်ခု အဖြစ် ပြောင်းလဲသွားတဲ့ အယူဝါဒဟာ ဗဟို ထိန်းချုပ်မှု အားကောင်းလေလေ၊ သမားရိုးကျ ရှေးရိုးဆန်မှု အမြစ်တွယ်လေလေဖြစ်ပြီး၊ ထိုးဖောက်လာတဲ့ အသိအမြင် ပွင့်လင်းမှု ဟူသမျှကို ပိတ်ပင်မိလျက်သား ဖြစ်သွားရာက၊ တိုးတက်တဲ့ အသိအမြင် ထားရှိခွင့်၊ တွေးခေါ်ခွင့် မရတော့ဘဲ၊ ခေတ်ဟောင်းမှာ ခေတ်နောက်ကျကျန်ရစ်သွားတတ်ကြပါတယ်။ အဲဒီအခါ သမားရိုးကျ လက်ခံထားကြတဲ့ အယူဝါဒအဟောင်းကိုပဲ လက်စွဲကျင့်သုံးနေမိရင်၊ ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့အတူ အလျင်မှီ မလိုက်နိုင်မှုကြောင့်၊ ဖီလာဖြစ်နေတဲ့ အယူအဆရဲ့ လောင်းရိပ်အောက်မှာ တိုးတက်ခွင့် မရဘဲ၊ အမြင်ကျဉ်းမြောင်းမှု ဒဏ်ကို ရင်ဆိုင်ကြရတတ်ပါတယ်။ 
အရှေ့တိုင်း ဗုဒ္ဓဝါဒ လောင်းရိပ်ဟာ ရှေးရိုးဆန်မှုရဲ့ ဒဏ်ကို အကြီးအကျယ် ခံစားလာရတဲ့အတွက်၊ လွတ်လပ်မှု ရှိပြီး၊ ပြောင်းလဲမှုကို ခွင့်ပြုတဲ့ ဓမ္မဟာ အနောက်တိုင်းဘက် ဦးလှည့်လာပါတယ်။ အနောက်တိုင်းမှာ လည်း အရှေ့တိုင်းနည်းတူ ဗုဒ္ဓဓမ္မကို “ကိုးကွယ်မှု” တစ်ရပ်အဖြစ် ယခင်ရှေ့ဦးပိုင်းက ယူဆလက်ခံမိခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အနောက်တိုင်း ရဲ့ အတွေးအခေါ် အမြင်ယူဆမှု သဘာဝကို အခြေခံပြီး၊ ဗုဒ္ဓရဲ့ ဓမ္မ အနှစ်သာရ ပေါ်လွင်လာတာကြောင့်၊ ဗုဒ္ဓရဲ့ ဓမ္မဟာ ဘာသာရေး ဆန်မှုထက်၊ ဓမ္မတရား အဆုံးအမ ဆန်လာပါတော့တယ်။ 

ဒါပေမဲ့ ခရစ်ယာန် ဘာသာတရားရဲ့ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်း သဘာဝ အားကောင်းမှုဟာ ဗုဒ္ဓ ဓမ္မ လက်ခံလိုသူတွေရဲ့ အမြင်ကို ရိုက်ခတ်လာတဲ့အတွက်၊ ဗုဒ္ဓဓမ္မဟာ အနောက်တိုင်းမှာ အသွင်နှစ်မျိုး ကွဲသွားခဲ့ရပါတယ်။ တစ်ဘက်က ဘာသာရေး အသွင်နဲ့ အပေါ်ယံ လက်ခံပြီး၊ ဓမ္မအနှစ်သာရကို ထုံးတမ်း အချို့နဲ့ ဆက်လက် ကျင့်သုံးမှုရှိသလို၊ နောက်တစ်ဘက်က ဘာသာရေး အသွင် လက်ခံမှုကို လုံးဝ ဆန့်ကျင် လိုက်ပြီး၊ ဓမ္မရဲ့ အနှစ်သာရ အစစ်ဖြစ်တဲ့ လွန်မြောက်မှုကို ဦးစားပေးတဲ့ ကျင့်ကြံနေထိုင်မှုကို ရှေးရှုသူတွေ အဖြစ် ကွဲသွားပါတယ်။ အုပ်စု နှစ်ခုလုံး သူတို့ကိုယ်သူတို့ သက်ဝင်မှု ကိုယ်ဆီ ရှိကြပြီးသားပါလို့၊ ဘာသာရေး အသိုင်းအဝိုင်းမှာ ပြောကြဆိုကြပေမယ့်၊ ဘုရားမဲ့ (ထာဝရဘုရား မရှိခြင်း) ဘာသာ တစ်ခု အနေနဲ့ ဘုရားရှိ (ထာဝရဘုရားကိုးကွယ်မှု) ဘာသာတွေ အကြားမှာ မျက်နှာမငယ်ရအောင် ဓလေ့ထုံးတမ်း အချို့ ကို ဆက်လက် ကျင့်သုံးတတ်ကြပါတယ်။ ဒါကလည်း တိဘတ် မှာ လက်ခံကျင့်သုံးတဲ့ ဘာသာရေး ထုံးတမ်း အချို့ကို အတုယူ ဆက်လက်ကျင့်သုံးခြင်းမျိုး သက်သက်သာ ဖြစ်ပါတယ်။ ဥပမာ - ညနေခင်း တိုင်း ရုပ်ထု ရှေ့မှာ သိုက်သိုက်ဝန်းဝန်း စုဝေးပြီး ပရိတ်ပဋ္ဌာန်း၊ ဆုတောင်းဂါထာ သံပြိုင် ရွတ်ဆိုကြတာမျိုးပါ။ 

တကယ်တော့ ဗုဒ္ဓရဲ့ဓမ္မဟာ သံသယထားရှိမှုကို ဦးစားပေးတဲ့ အယူအဆမျိုးဖြစ်ပါတယ်။ ဘာသာရေး ကိုးကွယ်းမှု သဘာဝက အဲဒီ အယူအဆကို ချေဖျက်လိုက်ပြီး၊ အတားအဆီးဖြစ်သွားပါတယ်။ ဓမ္မအရ ဘုရား ဆိုတာ မရှိသလို၊ ကယ်တင်ရှင်ဆိုတာ မရှိပါဘူး၊ ဒါပေမဲ့ ကိုးကွယ်မှု အလေ့အထ အယူဝါဒမှာတော့ ဘုရား ရဲ့ ကဏ္ဍဟာ အရေးကြီးသလို၊ ကယ်တင်ရှင်ရဲ့ နေရာက မသေးနုပ်တဲ့အပြင်၊ အင်မတန် အခရာကျ သွားပါတယ်။ ဘဝသံသရာက လွန်မြောက်မှုဟာ ဓမ္မအရ အရေးကြီးဆုံးဖြစ်ပေမယ့်၊ ကိုးကွယ်မှု အလေ့အထမှာ နောက်ဘဝ တဖန် ဖြစ်မှု နဲ့ ပါရမီဖြည့်ဆည်းပြီး၊ ကယ်တင်ရှင် ဖြစ်မှုက အရေးကြီးဆုံး ဖြစ်သွားပါ တယ်။ 

ဓမ္မအရ လက်ရှိဘဝက အရေးကြီးဆုံး ဖြစ်ပြီး၊ လွန်မြောက်မှုကို မရရအောင် ကြိုးစားအားထုတ်ဖို့ တိုက်တွန်း ထားပေမယ့်၊ ကိုးကွယ်မှုက နောက်ဘဝများမှာ ဆင်းရဲမှု သက်သာသွားအောင် အားထုတ်နိုင်ခွင့်ကို လက်ရှိဘဝမှာ ရနိုင်သေးတာကြောင့်၊ လွန်မြောက်သွားရေးထက်၊ ကုသိုလ်ရရေးကို ဦးစားပေးသွားပြန်တယ်။ တစ်ချို့ ကိုးကွယ်မှု အစဉ်အလာတွေမှာကျပြန်တော့၊ လွန်မြောက်မှု အရေးကိစ္စကသာ အခရာမို့ အသက်ပေး သင့်ရင် ပေးပြီး နိဗ္ဗာန် ရောက်ရေး အတွက် အပြင်းအထန် ကျင့်ကြံအားထုတ်ရေးကို ရှေ့ရှုသွားကြပြန်တာက အစွန်းရောက်ရာကျသွားပါတယ်။

#မောရိသျှ
⸻ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - အဝိဇ္ဇာအမှောင်မှ လွန်မြောက်ကျင့်ကြံခြင်း

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်