မောရိသျှ
ကိုယ့်အထာကို သိပြီး၊ ကိုယ့်လိုအပ်ချက်ကို တကယ်နားလည်ပေးနိုင်တဲ့ ဆရာကောင်း သမားကောင်း ရဖို့ မလွယ်ပါဘူး။ ကိုယ့်ရဲ့ အထာကိုလည်း မသိ၊ ကိုယ်အကျင့် ဝသီနဲ့ မကိုက်တဲ့သူတွေကိုမှ ဆရာသွားတင်မ ိလို့ကတော့၊ ငါးပါးမက မှောက်ပြီး ဒုက္ခရောက်သွားနိုင်တယ်။ ဆရာတင်တယ်ဆိုတာက ကိုယ့်မှာ မရှိသေးတဲ့ အရည်အချင်းတွေကို ဆရာတွေဆီကနေ တဆင့် ကူးယူဖို့ ဖြစ်တာကြောင့်၊ ကိုယ်နဲ့ ကိုက်ညီမှု မရှိတဲ့ ဆရာဆီကနေ ကိုယ်နဲ့ သင့်မြတ်မှု မရှိတဲ့ အရည်အချင်း အရည်အသွေးတွေ ကူးယူမိသွားတတ်တယ်။ လိုတာတခြား ရတာတမျိုး၊ တေ့လွဲလွဲပြီး၊ ဖြစ်သင့်ရှိသင့်တဲ့ အရည်အချင်းတွေ တိုးမြင့်နိုင်ရမယ့်အစား၊ မဖြစ်သင့် မရှိသင့်တဲ့ အကျင့်ဆိုးတွေကြောင့်၊ အညံ့စား ကိုယ်ရည်ကိုယ်သွေးနဲ့ အသားကျသွားတာမျိုး ဖြစ်တတ်တယ်။ တကယ်လို့ တပည့်ခံလိုက်တဲ့ ဆရာက အင်မတန် ကြီးစိုးလိုစိတ်များပြီး၊ လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ အာဏာရူး၊ ဩဇာရူးမျိုး ဖြစ်နေခဲ့ရင်၊ သူ့လောင်းရိပ်အောက်ကနေ ထွက်ခွာခွင့် မရဘဲ၊ အလုပ်သင်တပည့်အဖြစ်ကနေ ခိုင်းဖော်ခိုင်းဖက် ကျွန်ဖြစ်သွားတတ်တယ်။ ကိုယ့်ထက် သိသူတတ်သူဖြစ်နေလို့၊ အကျင့်ကောင်း၊ အသွင်ကောင်း၊ ရုပ်ချော သဘောကောင်းလို့၊စသဖြင့်အရေးမပါတဲ့ အကြောင်းအချက်တွေကို အရင်းခံပြီး အပေါ်ယံ အပြင်ပန်း “လက်သင့်ခံနိုင်ရုံ” အကြောင်းအချက်တွေကြောင့် “ဆရာတင်မိ”ကာမှ၊ မမြင်နိုင်တဲ့ နောက်ကွယ်က အကျင့်ဆိုး၊ စရိုက်ဆိုး၊ လက်ဝါးကြီးအုပ်မှု၊ ခြယ်လှယ်မှု၊ ချုပ်ကိုင်မှုတွေနဲ့ ထိပ်တိုက်တိုးမိတတ်တယ်။ ကံအကြောင်း တိုက်ဆိုင်လို့ တွေ့ရမြင်ရတိုင်း ဆရာတင်ဖို့ မကြိုးစားပါနဲ့၊ ကိုယ့်အတွက် တကယ် အကျိုးရှိနိုင် မရှိနိုင်၊ အကျိုးဖြစ်နိုင် မဖြစ်နိုင် သေချာ သုံးသပ်စီစစ်လေ့လာပြီးမှသာ ဆရာတင်ပါ။
ဆရာရွေးတဲ့နေရာမှာ အခြေခံထားရမယ့် အချက်နှစ်ချက်ရှိတယ်၊ အဲတာတွေက ကိုယ့်ရဲ့ အကျင့်စရိုက်နဲ့ ဘဝရည်မှန်းချက် ပန်းတိုင်တွေပဲ ဖြစ်တယ်။ ဒါမှမဟုတ် ကိုယ့်ဘဝအနာဂတ်အတွက် မျှော်လင့်ထားတဲ့ အချက်တွေနဲ့လည်း ယှဉ်ကြည့်တတ်ရမယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ ဆရာက ကိုယ့် အကျင့်စရိုက်ကို ကောင်းသထက် ကောင်းအောင်၊ မြင့်သထက် မြင့်အောင် တိုးမြင့် ပြောင်းလဲနိုင်တဲ့သူ ဖြစ်နေရမယ်၊ ကိုယ့် ဝသီ၊ ဝါသနာ၊ စိတ်ဝင်စားမှုတွေနဲ့ ထပ်တူညီကျပြီး၊ နားလည်သဘောပေါက်တဲ့ ပါးနပ်သူဖြစ်ရမယ်။
ကိုယ့်ကိုယ်ကို တွေးထားတဲ့ ဘဝ အနာဂတ်က သမားရိုးကျ ဘဝမျိုး မဟုတ်ဘဲ၊ စွန့်စားမှုတွေ၊ တွန်းလှန်ပုန်ကန်မှုတွေ၊ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေ၊ စသဖြင့် ထိုးဖောက်အမြင်တွေ များနေခဲ့ရင်၊ ကိုယ်ရွေးချယ်မယ့် ဆရာဖြစ်သူကလည်း ကိုယ့်နည်းတူ ထပ်တူညီကျ မဖြစ်နိုင်ရင်တောင်၊ ပွင့်လင်းမှု၊ နားလည်မှု၊ သဘောထားကြီးမှု၊ အမြင်ကျယ်မှုတွေ ရှိနေရမယ်။ ဆရာကြောင့် တပည့်ဖြစ်သူက အရှက်ရတာမျိုး၊ ဖုံးကွယ်ထားမှ အဆင်ပြေတာမျိုး၊ ရေငုံနုတ်ပိတ် နာခံနိုင်ရင် ပြီးရောဆိုတာမျိုး၊ ပြီးပြီးရော မဖြစ်သင့်ဘူး။ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ လုံခြုံမှု၊ သက်တောင့်သက်သာရှိမှု၊ ဘေးကင်းမှု၊ စိတ်ချရမှုတွေ ရှိနေရမယ်။ ကိုယ့်ရဲ အကျင့်၊ စရိုက်၊ ဝသီတွေက ဆရာ့အတွက် ထူးဆန်းနေတာမျိုး၊ အပါးမကပ်တာမျိုး၊ ထင်ဟပ်မှုမရှိဘဲ စိတ်ပျက်စရာ ဖြစ်နေတာမျိုး၊ ငြိုငြင်လွယ်စေတာမျိုး၊ ရွံ့မုန်းစေနိုင်တာမျိုး၊ ပြောမထွက် ဆိုရခက် မသိချင်ယောင်ဆောင်နေရတာမျိုး မဖြစ်ရဘူး။ သိလိုသမျှ၊ တတ်လိုသမျှ အကြောင်း အချက်၊ အသိ အတတ်တွေကို ဖုံးကွယ်မှုမရှိဘဲ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးပြီး၊ လွတ်လပ်စွာ စမ်းသပ်လုပ်ပိုင်ခွင့် ပေးထားနိုင်သူမျိုး ဖြစ်ရမယ်။
ဘယ်လို အကြောင်းနဲ့မှ ဆရာဖြစ်သူရဲ့ အမြင်ကို ဆန့်ကျင်ပြီး လုပ်မှ “ကောင်း” တာကို လုပ်နိုင်တယ်ဆိုတာမျိုး မဖြစ်ရဘူး။ ဆရာရော တပည့်ပါ နှစ်ကိုယ်တစိတ် ဖြစ်နေရမယ်။ အတိအကျ ထပ်တူကျနေစရာ မလိုပေမယ့်၊ ဘယ်လို အကြောင်းနဲ့မဆို နှစ်ဦးနှစ်ဖက် ပြေလည်စရာ အကြောင်း၊ လက်သင့်ခံနိုင်စရာ အကြောင်း အခြေခံ ရပ်တည်မှုတွေ တူညီနေရမယ်။ ခံယူချက်၊ မျှော်မှန်းချက်၊ မျှော်လင့်ချက်တွေ မတူခဲ့ရင်တောင်၊ ယေဘုယျအားဖြင့် အချိတ်အဆက်၊ အစပ်အဟပ်တည့်နေရမယ်။ စိတ်ခံစားချက်အရရော၊ ရုပ်ပိုင်းအရပါ ကသိကအောက်ဖြစ်စရာ အကြောင်း မရှိရဘူး။ တပည့်ဖြစ်သူကလည်း ဆရာ့အပေါ် အတင်း တွယ်တာ၊ တွယ်ကပ်၊ ငြှိနေတာမျိုး မဖြစ်ရဘူး၊ အဲဒီလိုပဲ ဆရာဖြစ်သူကလည်း တပည့်အပေါ် မှီခို၊ အားထား၊ အားကိုးနေရတာမျိုး မဖြစ်ရဘူး။ သီးခြား ရပ်တည်ကြပေမယ့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ထားရမယ်။
ဆရာနဲ့တပည့် တကယ်ပဲ အကင်းပါးကြရင်၊ သံယောဇဉ်တွေ ရှိလာကြမှာပါ။ ရင်းနှီးကျွမ်းဝင်မှု ခိုင်မြဲလာတာနဲ့အမျှ ဆရာဖြစ်သူက တပည့်အတွက် “မိဘ” လိုမျိုး စံပြပုဂ္ဂိုလ်၊ အားထားရာ ပုဂ္ဂိုလ်ဖြစ်သွားနိုင်သလို၊ တပည့်ဖြစ်သူကလည်း ဆရာ့အတွက် “သားရင်းသမီးရင်း” လိုမျိုး အားကိုး အားထားလို့ ရနိုင်တဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ ဆက်ဆံရေးတခု တိုးတက်သွားတာ ကောင်းပါတယ်၊ သို့သော်၊ မိဘနဲ့ သားသမီးဆက်ဆံရေးအထိ ပြောင်းလဲသွားခဲ့ရင်၊ အထူးမှတ်ထားရမှာက၊ မိဘရင်းတွေဆီကနေ မေတ္တာ အပြည့်အဝ မရလို့ ဆရာဖြစ်သူရဲ့ မေတ္တာကို မိဘမေတ္တာအဖြစ် ပြောင်းလဲခံယူတာမျိုး၊ သားရင်း သမီးရင်းတွေရဲ့ နားလည်သိတတ်မှု အပြည့်အဝ မရလို့ တပည့်ဖြစ်သူရဲ့ မေတ္တာကို သားရင်းသမီးရင်းအလား ရိုသေလေးစားမှုအဖြစ် ပြောင်းလဲခံယူတာမျိုး မဖြစ်ပါစေနဲ့။ ဆရာနဲ့တပည့်ဆိုတာ ဆရာတပည့် အဆင့်လောက်ပဲ ကောင်းပါတယ်။ အဲဒီထက် ပိုသွားရင် ကောင်းတာတွေ ပိုဖြစ်လာရမယ့်အစား၊ မမျှော်လင့်ထားတဲ့ အကြောင်းများစွာကြောင့် ဆိုးတာတွေပဲ ပိုဖြစ်သွားတတ်ပါတယ်။ ဒါတောင်မှ ဆရာတပည့်အကြား မေတ္တာကို “မိဘ နဲ့ သားသမီး” အဖြစ်သာ ဥပမာပြု ပြောထားတာပါ။ ဒီထက်မက ရှပ်ထွေးတဲ့ အစားထိုးမေတ္တာတွေ ဖြစ်သွားနိုင်ပါတယ်။ အထူး သတိထားပါ။ နည်းခံဆရာဆိုတာက သာမှန် အသင်အပြဆရာတွေနဲ့ မတူပါဘူး။ ထိတွေ့ဆက်ဆံမှုအရ နီးစပ်မှုများပါတယ်။ စိတ်ခံစားချက်ဆိုင်ရာ ပတ်သက် ဆက်နွယ်မှုတွေလည်း ပိုများပါတယ်။ အခန့်မသင့်ရင် မငြှိတွယ်သင့်ဘဲ၊ အငြှိမှားလို့ အဖြည်ရခက်နိုင်တာကို မမေ့ပါနဲ့။
ကိုယ့်အတွက် ကောင်းကျိုးလိုလားပြီး၊ ကိုယ့်ရဲ့ လိုအပ်ချက် (အခြေခံ လုပ်ငန်းဆိုင်ရာ အရည်အချင်း၊ အခြေခံ ကိုယ်ရည်ကိုယ်သွေး) တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဆရာမျိုးကိုသာ “နည်းခံဆရာ” အဖြစ် ရွေးချယ်ပါ။ စိတ်ခံစားချက်အရ သဘောမျှတလို့၊ ရုပ်ချော သဘောကောင်းလို့၊ အပြောကောင်း အဆိုကောင်းပြီး အသင်အပြကောင်းလို့၊ စသဖြင့် အရည်မရအဖတ်မရ အကြောင်းအချက်တွေကြောင့် ဆရာတင် ရိုသေကျိုးနွံတာမျိုး လုံးဝ မဖြစ်ပါစေနဲ့။ မကောင်းတဲ့ မီးကို အရှိန်ပိုကောင်းအောင် မီးစာထိုးသလို ဖြစ်သွားနိုင်ပါတယ်။
“ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာ့ဆရာ” အဆင့် ရောက်ဖို့ ဆိုရင် အခက်အခဲ၊ ပြဿနာ၊ ပဋိပက္ခ၊ စိန်ခေါ်မှုတွေရဲ့ သက်ရောက်မှုတွေအပေါ် “ခံနိုင်ရည်” များစွာ ရှိဖို့ လိုအပ်သလို၊ “အရှိကို အရှိတိုင်း” အမှန်တရားကို လက်သင့်ခံနိုင်စွမ်း များစွာ ရှိဖို့ လိုအပ်ပါတယ်။
လက်သင် တပည့်အနေနဲ့၊ လက်သင့်ခံနိုင်တဲ့ အတိုင်းအတာထက် လွန်ပြီး စိန်ခေါ်မှုတွေ များလာခဲ့ရင်၊ တော်ရုံ ရင်ဆိုင်နိုင်ဖို့ မလွယ်ပါဘူး။ ဒါမှမဟုတ် ကိုယ့်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေအပေါ်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် ထိပါးထိုးနှက်လာတာမျိုးတွေနဲ့ ကြုံလာရရင် ထိပ်တိုက် ရင်ဆိုင်ဖို့ မလွယ်တော့ပါဘူး။ ရုန်းကန်ရှင်သန်ဖို့ အင်မတန် ခက်ခဲတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ ပြဿနာ၊ ပဋိပက္ခ၊ စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ရုန်းကန်ရှင်သန်ရေး ဘဝအတွေ့အကြုံယူရတဲ့ အလေ့အထကို ဒီနေ့ခေတ်မှာ သိပ်ပြီး အားမပေးကြတော့ပါဘူး။ လူအချင်းချင်း တဖက်သားရဲ့ အားနည်းချက်၊ လိုအပ်ချက်၊ မှားယွင်းချက် စသဖြင့် “အရှိကို အရှိတိုင်း” ပြောတာတွေ၊ လုပ်ရည်ကိုင်ရည် လွဲချော်မှုတွေကို ပြောဖို့ လိုအပ်နေခဲ့ရင်တောင် “အားနာမှု” “သိတတ်မှု” ဆိုပြီး အကာစိတ်နဲ့ မပြောတော့ဘဲ ဖုံးကွယ်ရတာကို ကျင့်သားရနေကြပါတယ်။
“Self-help” အမည်ခံ စာအုပ်တွေမှာလည်း အရှိတရား အမှန်စကားတွေထက်၊ လူများစု ကြားချင်တဲ့ မြောက်ပင့်စကား၊ အချိုသိပ်စကာားတွေလောက် တွင်တွင်သုံးပြီး လှည့်ဖျားထားကြတာကြောင့်၊ လူအများစုရဲ့ စိတ်မှာ မရှိသင့်တဲ့ သတ္တိတု၊ စိတ်ခံစားချက်အတုနဲ့ မျှော်လင့်ချက်အတုတွေ များလာပြီး၊ မကောင်းပြောလာတယ်လို့ ထင်မြင်သမျှကို အကန်စိတ်နဲ့ ဆန့်ကျင့်တတ်ကြပါတယ်။ အမှန်တရားကို လက်ခံနိုင်စွမ်း မရှိကြတော့ဘဲ၊ မကောင်းပြောရင် ရွံ့မုန်းကြဉ်ဖယ်တတ်ကြပါတယ်။ အရဲစိတ် သတ္တိတုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲသွားကြပြီး၊ ကိုယ်အပါအဝင် ပတ်ဝန်းကျင်တခုလုံးကိုပါ အတွေးအခေါ်တုတွေနဲ့ အဆိပ်ခတ်မိလျက်သား ဖြစ်သွားတတ်ပါတယ်။ အဲဒီလို အသိအမြင် အလွဲအမှားတွေကြောင့် ရှိသင့်ရှိထိုက်တဲ့ ကိုယ်ပိုင် စည်း၊ ကိုယ်ပိုင် စံအပြင်၊ ကိုယ်ပိုင်ဖြစ်မှုတွေပါ ပျောက်ဆုံးသွားပါတယ်။
“အမှန်တရား” ကို လက်ခံနိုင်စွမ်းမရှိသရွေ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ အဆင့်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ရပ်တည်ပုံ မှားယွင်းနေသရွေ့ ဘာကို ဘယ်လိုပဲ လုပ်လုပ် အထမြောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။
နည်းပြလမ်းညွှန်ပေးနိုင်တဲ့ “ဆရာ့ဆရာ” အစစ်တွေကတော့၊ အဲဒီလို အနေအထားရောက်နိုင်အောင် နာကျင်မှုများစွာကို ရင်နင့်စွာ ခံစားခဲ့ရပြီး၊ ပေးဆပ်မှုများစွာကြောင့် ဖြစ်နိုင်ကြတာပါ။ တသက်လုံး လုပ်ခဲ့သမျှ အလုပ်တွေအပေါ် လူပေါင်းမြောက်များစွာရဲ့ ဝေဖန်မှု၊ လေကန်မှု၊ ရှုတ်ချမှုတွေ အားလုံးကို ရင်နင့်နေလောက်အောင် အပြောခံခဲ့ကြရပြီး၊ စွမ်းဆောင်ရည်တိုင်းကို မဖြစ်မြောက်နိုင်ဘူးလို့ တမင် နှိမ်ချပြောဆိုတာမျိုးတွေကိုလည်း ခံစားခဲ့ကြရတာပါ။ ဒါကြောင့် “ဆရာ့ဆရာ” တွေဟာ မကောင်းပြောသမျှကို မြိုချထားပြီး၊ ဖန်တီးနိုင်မှု နဲ့ ကိုယ်စွမ်းကိုယ်စ မပျောက်မပျက်အောင် စိတ်ခံစားချက်ဟူသမျှ ချုပ်တည်းခဲ့လို့သာ သူ့ထက်သာတဲ့ နေရာမှာ မော်ကြွားနိုင်ကြတာ ဖြစ်ပါတယ်။ ဆရာ့ဆရာတွေ အနေနဲ့ အပြစ်၊ အမှား၊ အလွဲ များစွာ လုပ်ခဲ့ဖူးကြလို့၊ အပြစ်၊ အမှား၊ အလွဲ တွေကို အလွယ် သိနိုင် မြင်နိုင် ကြပါတယ်။ ဒါကြောင့် အပြစ်၊ အမှား၊ အလွဲတွေကို နည်းမှန်လမ်းမှန် ပြုပြင်နိုင်တဲ့ ဖြတ်လမ်းတွေလည်း သိထားကြပြီး၊ လိုအပ်ချက်၊ အားနည်းချက် စသဖြင့် တပည့်ဖြစ်သူကို မွမ်းမံဖို့ရာ အပြည့်အဝ နားလည်ထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတင်ဖို့ ဆရာရွေးရင် ချစ်တတ်ပေမယ့် ကြမ်းတယ်၊ ကြမ်းသလောက် မျှတတယ်၊ မျှတသလို သင်ပေးတယ်၊ သင်ပေးသလို ခွင့်ပြုတယ်ဆိုတဲ့ ဆရာမျိုးကို ဦးစားပေး ရွေးချယ်ပါ။ ကိုယ့်အမှားကို တစမကျန် ထောက်ပြပြီး၊ ကိုယ့်လိုအပ်ချက်နဲ့ အားနည်းချက်တွေကို တခုမကျန် ပြောပြနိုင်တဲ့ ဆရာတွေဆီမှာ ရိုကျိုးခယပါ။ စိတ်ဒဏ်ရာများစွာ ရထားပေမယ့်၊ ဦးမညွှတ် ဒူးမထောက်ဘဲ ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့တဲ့ ဆရာကောင်းတွေ ဆီမှာ နည်းခံပါ။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ နားမခံသာလည်း သည်းခံပါ။ စိတ်မရှည်နိုင်လည်း သည်းခံပါ။
အရိုင်းဆန်တဲ့ ရွှေစရွှေနသေးသေးလေးတွေကို စုဆောင်းပြီး၊ နာနာ ထု၊ နာနာ ပုတ်လို့သာ ထူးချွန်ပြောင်မြောက်ပြီး တန်ဖိုးကြီးတဲ့ အရာဖြစ်နိုင်တာပါ။ အရှိကို အရှိအတိုင်း၊ အမှန်တရားကို ဖုံးကွယ်ထားခြင်းမရှိ ပြောင်ပြောင်တင်းတင်း ဝေဖန်ပြစ်တင်ပြီး၊ ဆုံးမပြောဆိုထားတဲ့အတိုင်း နည်းမှန်လမ်းမှန်ကို ချပြတဲ့ ပုဂ္ဂိုလ်တွေကသာ ကိုယ့်အကျိုးကို လိုလားတဲ့ ဆရာစစ် ဆရာမှန်တွေ ဖြစ်ပါတယ်။
#မောရိသျှ
⸻ပလ္လင်ပေါ်အလွယ်တက်နည်း- အနှစ်ချုပ်
Keep Reading