Author's Profile Photo

Youth’s Book Reflections

5/11/2024

ကြာတော့သည်လည်း မောင့်စကား-ဂျူး✍️

2 mins read
Book Review
General Knowledge
ကြာတော့သည်လည်း မောင့်စကား-ဂျူး✍️'s photo

ကျနော်ဒီစာအုပ်ကို ဘာလို့ဖတ်ဖြစ်သွားတာလဲဆိုရင် ဆေးလောကနောက်ခံဝတ္ထုဆိုလို့ စူးစမ်းချင်တာကြောင့်ပါ။ ဒီတော့ ရုပ်ရှင်လည်းထွက်ထားပြီးသားစာအုပ်ကို အမြင်လေးတင်ပြပါရစေဗျာ။

ဒီစာအုပ်မှာ အပိုင်း(၄)ပိုင်းပါတယ်။ ကလေးအရွယ်၊အမေမဆုံးပါးခင်အရွယ်၊နန္ဒနဲ့ပြန်တွေ့တဲ့အရွယ်၊စာရေးဆရာဆရာဝန်အရွယ် လို့ လွယ်လွယ်သတ်မှတ်လိုက်ပါမယ်။အဲ့ထဲမှာ တက္ကသိုလ်ကျောင်းသူအရွယ်ကို အထိမိရဆုံးပဲဗျ။ဘာကြောင့်လဲဆိုရင်တော့ တင်တင်ဇော်ရဲ့အမေက သူ့သမီးကို ဆရာဝန်သိပ်ဖြစ်စေချင်ခဲ့တာ။ ခြိုးခြံချွေတာပြီး ငယ်စဉ်ကတည်းက ကျောင်းကို မရမကအတန်းဆုံးသည်အထိထားပြီး သားသမီးပညာရေးကို အလေးပေးခဲ့တဲ့မိခင်။

“ဝေဒနာသည် တစ်ဦးအနေဖြင့် ကင်ဆာ နောက်ဆုံးအဆင့်ကျမှ သိသည်ဆိုခြင်းမှာ အံ့ဩစရာ မရှိသော်လည်း ထိုဝေဒနာသည်မှာ ဆရာဝန် တစ်ယောက်၏ အမေ ဖြစ်နေလျှင်တော့ အံ့ဩစရာ မကောင်းဘူးလား။”

~ကြာတော့သည်လည်းမောင့်စကား pg.176

ဝါသနာပါရာကိုလုပ်။ဝါသနာပါရာကိုမလုပ်ရရင် လုပ်တဲ့အလုပ်ကို ဝါသနာပါအောင်လုပ်ဆိုပြီးခံယူထားတဲ့ တင်တင်ဇော် ဆေးကျောင်းသူဘဝမှာလည်း စာသေချာကြိုးစားခဲ့တယ်။သွေးမြင်ရင် shockရတတ်တဲ့ သူ့အတွက် ဆရာဝန်ဘွဲ့က စိန်ခေါ်မှုကြီးပဲ။ဆရာသမားကောင်းများရဲ့ အနီးကပ်စေတနာပါပါသင်ကြားပြသမှုအောက်မှာ အရိုင်းတုံးလေးက အဖိုးတန်ရတနာအဖြစ် အများရှေ့ကိုထွက်ပေါ်လာတယ်။

သူ့အတွက်ကတော့ အမေ့ဆန္ဒဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။သို့ပေမယ့်ကံတရားသည် တင်တင်ဇော်ကို မျက်နှာသာမပေးခဲ့ပါ။ အမေက အဆုတ်ကင်ဆာဖြစ်နေတယ်။လူနေမှုစရိုက်ပတ်ဝန်းကျင်ကဖြစ်လာတာလို့ဆိုရမယ့် ကင်ဆာရောဂါက တင်တင်ဇော့်အမေ အဆုတ်မှာ အတော်လေးကိုပျံ့နေပြီ။ သူမအနေနဲ့လည်း နောင်တအမှားတွေများလွန်းခဲ့တယ်။ နောက်ဆုံး မကွေးဆေးစစ်ချက်ရလဒ်အဖြေကို သွားယူပြီးပြန်လာတဲ့လမ်းမှာတော့ သူသိသွားခဲ့တယ်။သူချစ်ရတဲ့မိခင် သူကောင်းဖို့အတွက်ဆို အနစ်နာခံပြီး ဖြည့်ဆည်းပေးခဲ့ ပံ့ပိုးပေးခဲ့တဲ့အမေ၊ နင်ဆရာဝန်ဖြစ်မှကုမယ်လို့ပြောပြီး သမီးဆရာဝန်ဖြစ်လာတာကို ပီတိအပြုံးနဲ့ ပျော်မဆုံးတဲ့အမေက ဒီကမ္ဘာမြေအပေါ်မှာ ရှင်သန်ဖို့ အချိန်ဘယ်လောက်မှမရတော့ဘူး။

လက်ဦးဆရာလည်းဟုတ်သလို ဘဝအစိတ်အပိုင်းများစွာ၊စိတ်ခံစားချက်များစွာကို စီမံပြုပြင်ပေးပြီးလုံခြုံနွေးထွေးမှုတွေပေးနေတဲ့ ‘အမေ’ဆိုတဲ့ အိမ်ကလေးက တတိတိနဲ့ လဲပြိုပျက်စီးနေတာကို ဘယ်လူသားကများ ခံစားဖြေသိမ့်နိုင်မှာပါလဲ။တွယ်ငြိရာသာဆုံးရှုံးမှာဆိုတာကို သိသိကြီး ပိုးဖလံမျိုးမီးကိုတိုးဆိုသလို ဇွတ်တိုးကြတဲ့ မနုဿလူသားအပေါင်းတို့မှာ သံယောဇဉ်တွေနဲ့ရစ်ပတ်လာပြီးနောက်မှာတော့…

“ထိုညကလာသမျှ လူနာကို “နေကောင်းသွားမှာပါ၊ မှန်မှန်ထိုးနော်”။ “အမယ်လေး. ဒီလောက်ရောဂါလေးများရေးကြီးခွင်ကျယ်လုပ်လို့၊ ပျောက်ရမှာပေါ့”။ “စိတ်ချပါ အဒေါ့်မှာ ဘာရောဂါမှ မရှိပါဘူး”။ “ဦးလေး မနက်ဖြန် ညနေအထိ အဖတ်မရသေးဘူးနော်”...စသည်ဖြင့် လောကဝတ္တရားအတိုင်း ပြုံးရယ်စွာ နှစ်သိမ့်လျက်ရှိသော ဆရာဝန်မကလေးအား၊ သူတို့အားထားစွာဆေးကုသမှု ခံယူနေချိန်တွင် ဆရာဝန်မကလေး၏ အမေသည် သူတို့ထက်ကြီးကျယ်လှသော သေလုမြောပါး ကင်ဆာရောဂါ ဝေဒနာခံစားရင်း သမီး ဆရာဝန်မကလေး၏ အပြန်ကို အားတင်းစောင့်နေရှာတဲ့အဖြစ်ရှိလေသည်။ ထိုအဖြစ်ကို ပြန်စဉ်းစားတိုင်း အမေ့အတွက် အချိန်မပေး ဘဲ ဘာမှမဟုတ်သည့် အပယိက ရောဂါအသေးအမွှားကလေး များအတွက် အားပေးစကားပြောနေရသည့် ကိုယ့်အဖြစ်ကို ကိုယ်စိတ်ပျက် စက်ဆုပ်ရွံရှာလှသည်။”

~ကြာတော့သည်လည်းမောင့်စကား၊ဂျူး

လူအများကို service ပေးရတဲ့ လုပ်ငန်းလုပ်ကိုင်သူတိုင်း ကြုံတွေ့ရတဲ့ ပြဿနာမျိုး။personalနဲ့professional ခွဲထားရတဲ့အခြေအနေမျိုး။လူ့အသက်တွေကယ်တင်ရတဲ့ ဝေဒနာတွေသက်သာစေရမယ့် ဆရာဝန်အလုပ်မှာ အမှားမရှိအောင် အထူးဂရုစိုက်ကြရတယ်။ တစ်ဖက်မှာ စေတနာထားတဲ့ဆရာဝန် တစ်ဖက်မှာတော့ မိသားစုကို ဂရုမစိုက်နိုင်တဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ အားကိုးရာ မဖြစ်ပေးနိုင်တဲ့ သောကက လွန်ဆွဲနေပါလိမ့်မယ်။

ဒီဝတ္ထုက မိဘနဲ့သားသမီးကြား မေတ္တာကိုအဓိကထားဖွဲ့နွဲ့တဲ့ဝတ္ထုမျိုးမဟုတ်ပါဘူး။လူငယ်တွေရဲ့ အချစ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုကြပုံ မတူတဲ့ရှုထောင့်၊အမြင်၊ခံယူချက်အမျိုးမျိုးကို ဖတ်ရမယ့် ဝတ္ထုဖြစ်သော်ငြား တင်တင်ဇော်နဲ့သူ့အမေရဲ့ကဏ္ဍလေးကို ရသမြောက်စွာခံစားလိုက်ရတာမလို့ အထူးဇောင်းပေးရေးသားလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။

#Youths_book_reflections
#ဂျူး
#ကြာတော့သည်လည်းမောင့်စကား
#bookreview

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ