တစ်စက်(ရန်ကုန်)
#AngerManagement
ဒေါသကိုစီမံခန့်ခွဲခြင်း
အပိုင်း(၂)
နောက်ထပ် ရှုထောင့်တစ်ခု…
ဒေါသ ဆိုတာ ကောင်းတဲ့ဘက်မှာလည်း ဖြစ်စေပါတယ်တဲ့..။ ဒေါသ ကို ကောင်းတယ်ဆိုတော့ ထူးဆန်းသလိုပဲနော်။
ဘယ်လိုကောင်းတာလဲ။
လူတွေဟာ တစ်ခါတစ်ရံမှာ အနှိမ်ခံစကားလုံးတွေနဲ့ စော်ကားခံရတယ်။ အဲဒီအခါမျိုးမှာ ဒေါသတွေ ထွက်ပြီး အဲဒီဒေါသကို ပြောတဲ့လူအပေါ် ဘာမှ မတုန့်ပြန်ဘဲနဲ့ သူ့ရဲ့ အားအင်တွေအဖြစ် ပြောင်းလဲပြီး ငါ့ကို ဒီလို ပြောလာတာ အဲလို မပြောနိုင်အောင် ငါ ကြိုးစားပြမယ် ဆိုပြီး တုန့်ပြန်တော့ ကောင်းတဲ့ဘက်ကို ဖြစ်စေခဲ့တာမျိုးပေါ့။
မခံချင်စိတ်နဲ့ ကြိုးစားလိုက်တာ အောင်မြင်သွားတယ်ပေါ့။
အဲဒီမခံချင်စိတ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်ရင် ဒေါသ ပါပဲနော်။
ဒါကြောင့် ဒေါသ ဆိုတာ အမြဲတမ်းဆိုးရွားနေတာမျိုး မဟုတ်ဘဲ ကောင်းတဲ့ဘက်ကို ဆွဲယူလို့လည်း ရတယ်ဆိုတဲ့ ရှုထောင့် တစ်ခုရတယ်နော်။
ဒေါသဆိုတာ ကိုင်တွယ်တတ်ရင် ကောင်းအောင် လုပ်နိုင်တယ်ပေါ့။
ဒေါသကို မကိုင်တွယ်တတ်ရင်တော့ ပျက်စီးခြင်း လမ်းကြောင်းပေါ်ကို ရောက်သွားမှာပါပဲ။
ဒေါသကြောင့် အလုပ်ထဲမှာ ပြဿနာဖြစ်မယ်။
ဒေါသကြောင့် ပေါင်းသင်းဆက်ဆံရေးတွေမှာ ပြဿနာဖြစ်မယ်။
ဒေါသကြောင့် ဘ၀ရဲ့ အစိတ်အပိုင်း အသီးသီးမှာ ပြဿနာဖြစ်မယ်။
ဒေါသ ဆိုတာ ပျောက်သွားအောင် ဖျောက်လို့ မရဘူး။ ဒေါသ မကြီးလာဖို့ကိုသာ အလေးထားရမှာ။
မတူပါဘူးနော်။ ဒေါသ ဆိုတာ ရှိကိုရှိတယ်။ ဒေါသ မရှိအောင် လုပ်လို့မရဘူး။ ဒေါသ မကြီးဖို့ကို လုပ်ရမှာ။ ဒေါသ မကြီး အောင်လုပ်ဖို့ လေ့လာရမှာ။
လူတစ်ယောက်ကို ဒေါသ ထွက်လာအောင် လုပ်ကြည့်လိုက်။ ဒေါသက ရှိနေတဲ့အတွက် ထွက်ကို ထွက်လာတယ်။ ဒါပေမယ့် အဲဒီဒေါသက ဘယ်လိုပုံစံနဲ့ ထွက်လာသလဲဆိုတာက အဓိကပဲ။
တစ်ချို့က စကားလုံး အေးအေးလေးနဲ့ တုန့်ပြန်ပြောဆိုပြီး အေးဆေးစွာ ထွက်လာတယ်။
တစ်ချို့က စကားလုံးကြမ်းကြမ်းတွေနဲ့ တုန့်ပြန်ပြောဆိုပြီး ခပ်ကြမ်းကြမ်းထွက်လာတယ်။
တစ်ချို့က လက်တွေပါ ပါလာပြီး ထိုးကြိတ်တာတွေနဲ့ တုန့်ပြန်ထွက်လာကြတယ်။
ဒါကြောင့် လူတိုင်းဟာ ဒေါသရှိကြတယ်။ ဒါပေမယ့် အဲဒီ ဒေါသကို တွန်းအားအဖြစ် အသုံးချပြီး ကောင်းတဲ့ဘက်ကို ဖြစ်စေ မယ်။ ဘ၀ကို ဆိုးဝါးတဲ့အခြေအနေမရောက်အောင် ဒေါသကို သတိတရားနဲ့ ထိန်းချုပ်မယ်။ အဲဒီလို လုပ်နိုင်ရမယ်နော်။
=======
ဒေါသကို ဖြစ်စေတဲ့အကြောင်းရင်းက ဘာတွေလဲ…..
အဓိက (၂)ချက်ရှိပါတယ်။ Internal နဲ့ External ပေါ့။
ဘာတွေကဖြစ်စေသလဲဆိုရင်
Person လူတွေပါမယ်။
Event အဖြစ်အပျက်တွေပါမယ်။
Condition အခြေအနေတွေ ပါမယ်။
External အနေနဲ့ အပြင်က လာတဲ့ ကိစ္စတွေ၊ အကြောင်းအရာတွေကြောင့် မိမိကိုယ်ကို လှုံ့ဆော်မှုဖြစ်လာစေပြီး ဖြစ်ပေါ်လာတဲ့ဒေါသတွေပေါ့။ ဥပမာ မိမိမှာ ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေ၊ နာကြည်းမှုတွေရှိခဲ့ဖူးမယ်။ အဲဒီ အချက်တွေနဲ့ တိုက်ဆိုင်တဲ့အနေအထားတစ်ခုကို လူတစ်ဦးဦးက ပြောလာတဲ့အခါ မိမိကိုလာပြီး လှုံ့ဆော်လိုက်သလိုမျိုး ဖြစ်သွားစေပြီး ဒေါသထွက်လာတာမျိုး။ Internal အခံရှိတဲ့အခါမှာ External ကလာတဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်လာတာမျိုး ကို ဆိုလိုတာ။
လူတိုင်းရဲ့ ရင်ထဲမှာ သိမ်းဆည်းထားတဲ့ အတိတ်က စိတ်ဒဏ်ရာ ဆိုတာ တစ်ခုခုတော့ ရှိတတ်ကြတယ်။ စိတ်ပညာ ရှုထောင့်က ကြည့်ရင် ဒီလို အတိတ်က စိတ်ဒဏ်ရာတွေဟာ စနစ်တကျ ကုသဖြေရှင်းခဲ့ကြရတာ မဟုတ်ပါဘူး။ အဲလိုအနေ အထားနဲ့ လူကြီးတွေ ဖြစ်လာကြတယ်။ ကြာလာတော့ အဲဒီစိတ်ဒဏ်ရာတွေဟာ သိစိတ်ထဲကနေတဆင့် မသိစိတ်ထဲကို ရွေ့လျား ရောက်သွားစေတယ်။ သိစိတ်မှာ မရှိတော့လို့ ပျောက်သွားပြီလို့ မထင်လိုက်ပါနဲ့။ ဘယ်တော့မှ မပျောက်သွား တတ်ပါဘူးနော်။ သိစိတ်ဆိုတာ အကြောင်းအရာတစ်ခုကို အကြာကြီးထိန်းသိမ်းမှတ်ထားနိုင်စွမ်းမရှိပါဘူး။ မပျောက်သွား ဘဲနဲ့ မသိစိတ်အလွှာထဲကို ရောက်သွားတာ။
ကွန်ပျူတာပရိုဂရမ်လိုပေါ့။ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့နေရာတစ်ခုမှာ ဖိုင်တွေပြည့်နေပြီဆိုရင် ထပ်သိမ်းလို့မရတော့ ဘူး။ အဲဒါကို ထပ်သိမ်းချင်ရင် အရင် ဖိုင်အဟောင်းတွေကို နေရာရွှေ့ပေးရတယ်လေ။ Internal Memory ပြည့်နေရင် SD Card ထဲ Transfer ရွှေ့ပေးလိုက်ရတာမျိုးပေါ့။
အဲဒီသဘောပဲ။ သိစိတ်ဆိုတဲ့အလွှာဟာ ၁၀% လောက်ပဲ အလုပ်လုပ်နိုင်တဲ့အတွက် သိစိတ်ထဲကို ရောက်သွားတဲ့ အဖြစ်အပျက်တွေဟာ ပြည့်သွားပြီဆိုရင် အသစ် New Information တွေ ထပ်ဝင်လာနိုင်အောင် အဟောင်းတွေကို မသိစိတ် အလွှာထဲကို အလိုလို ရွှေ့ပေးသွားတာ။ အဲဒီတော့ ငယ်ငယ်က ခံစားကြုံတွေ့ရတဲ့ နာကြည်းမှုတွေ၊ နာကျင်စရာ အတွေ့အကြုံတွေ စတဲ့ အဆိုးလောကဓံတွေဟာ Negative တွေ အဖြစ် မသိစိတ်အလွှာထဲမှာ ရှိနေပြီးသားတွေ။ ဒီလို ရှိနေပြီးသားတွေနဲ့ တိုက်ဆိုင်စွာပဲ လှုံ့ဆော်သလိုမျိုး တစ်စုံတစ်ဦးက ပြောလာခဲ့ရင်၊ သို့မဟုတ် တစ်စုံတစ်ရာနဲ့ ကြုံလိုက်ရရင် ဒေါသဆိုတာ အလိုလို ထွက်လာပါလေရော။
ဒါကြောင့် စိတ်ကို တကယ်နားလည်တဲ့သူတွေဟာ စိတ်ထဲကို Negative တွေ အဝင် မခံကြပါဘူး။ လူ့ရဲ့စိတ်သဘော သဘာ၀ဟာ ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် ဝင်လာပြီးရင် ပြန်ထွက်တဲ့သဘောမရှိဘူး။
---
ကဲ ဒေါသ ဖြစ်လာပြီ ဆိုပါစို့ ..။ ခန္ဓာကိုယ်က ဘယ်လိုတွေ တုန့်ပြန်လာသလဲပေါ့။
ပထမတစ်ခုက Adrenaline ဟိုမုန်းဓာတ်တွေဟာ သွေးထဲကို ရောက်လာစေတယ်။
သွေးစီးဆင်းမှုတွေ မြန်လာစေတယ်။
နောက် နှလုံးခုန်တာတွေ မြန်လာတယ်။
နောက် Blood Pressure မြင့်တက်လာမယ်။
ကြွက်သားတွေဟာ တောင့်တင်းလာမယ်။ လက်အနေအထားတွေက အလိုလို ဆုပ်ရက်သားတွေ ဖြစ်သွားတတ်တယ်။ အသားတွေ တုန်တက်လာမယ်။ သွေးစီးဆင်းမှုတွေ မြန်လာတော့ မျက်နှာကလည်း ရဲတက်လာတာပေါ့။
ဒေါသစိတ် Level နည်းနည်းမြင့်လာပြီဆိုရင် လက်ထဲရှိတာတွေ ကိုင်ခွဲတာမျိုးလုပ်တတ်တယ်။ မျက်စိရှေ့မြင်တွေ့ရတဲ့ သက်မဲ့တွေကို ကန်ကျောက်ပစ်လိုက်တာမျိုး ။ ဒါမျိုးတွေဟာ အန္တရာယ်ပြုချင်လို့ ဖြစ်လာတဲ့ အစပျိုးမှုပါပဲ။
ဖန်ခွက်ခွဲမယ်။ ခုံတွေ ကန်မယ်။ သဘောက လူဟာ သူ့ရဲ့ဒေါသကို အခြားလူဆီ မရောက်သွားအောင် ကြားခံအဖြစ် သက်မဲ့ တွေဆီကို ပို့လိုက်တာမျိုး။
အကယ်၍ အဲဒီအခါမျိုးမှာ အဲဒီလူဟာ အရက်သေစာ သောက်စားထားတဲ့အခြေအနေမျိုးဆိုရင်တော့ ထိုးကြိတ်တာတွေ၊ ခုတ်ထစ်သတ်ဖြတ်တာမျိုး တွေအထိ ဖြစ်လာနိုင်ပြီလေ။
ဒေါသ Level မြင့်လာလေလေ နှလုံးခုန်ပိုမြန်လာလေ၊ သွေးဖိအား ပိုမြင့်တက်လာလေပဲ။ ဒေါသ Level သိပ်မြင့်လာရင် သူက မဖောက်ထွက်လို့ မရတော့တဲ့အခြေအနေတစ်ခု အဖြစ်ကိုရောက်လာစေတယ်။ အဲဒီအခါမျိုးမှာ ကိုယ်ထိလက်ရောက် တွေ ဖြစ်လာတာပေါ့။
တစ်ချို့ နှလုံးရောဂါအခံရှိသူတွေ ဒေါသ Level သိပ်မြင့်တက်လွန်းပြီး ဖောက်ထွက်တာမျိုး မလုပ်ဖြစ်တဲ့အခါမှာ ရုတ်တရက် လဲကျသတိလစ်တာမျိုး၊ တချို့ အသက်ပါ ပါသွားတာမျိုး ဖြစ်တတ်တယ်။
ဒေါသဟာ အကိုင်အတွယ် မတတ်ရင် လူကို အရမ်းဒုက္ခပေးတဲ့ Danger တစ်ခုပါပဲနော်။
---
ဒေါသကို မကိုင်တွယ်တတ်ရင် ဘာတွေဖြစ်လာမလဲ…။
ကျန်းမာရေးပြဿနာတွေ ဖြစ်လာမယ်။ အထူးသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါကတော့ သေချာသလောက်ပါပဲ။
ကုမ္ပဏီကို အုပ်ချုပ်ရတဲ့ လူကြီးတွေ ပြောတတ်ကြတယ်။ အရင်က သွေးတိုးမရှိဘူး။ ဒီရောက်မှပဲ ခေါင်းစားပြီး သွေးတောင် တိုးလာတော့တယ်… စသည်ဖြင့် ပြောတတ်ကြတယ်။ အဲဒါဟာ ရာနှုန်းပြည့် မမှန်ပါဘူး။ ကုမ္ပဏီဆိုတာ လူတွေကို အုပ်ချုပ် ရတာလေ။
တကယ်က ခေါင်းစားပြီး သွေးတိုးတာ မဟုတ်ဘူး။
စိတ်ဖိစီးမှုတွေများလို့ သွေးတိုးရှိလာတာမဟုတ်ဘူး။
အမှန်က ဒေါသကြောင့် သွေးတိုးတာ။ ဝန်ထမ်းတွေကို ကိုင်တွယ်ရတဲ့အခါမှာ နေ့စဉ် ဒေါသတွေ ဖြစ်နေရတာ။ အလုပ်များ လို့ စိတ်ဖိစီးတာထက် ဒေါသ ဖြစ်နေတာက ပိုမှန်ပါတယ်။ ဒေါသ Level အနိမ့်ဆုံးက စိတ်ပျက်မှုလေ။ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ပုံ အဆင်မပြေတဲ့အပေါ်မှာ စိတ်ပျက်မှုတစ်ခုဖြစ်လိုက်တာနဲ့ အဲဒါ ဒေါသဖြစ်တာပဲလေ။ တစ်ချို့ရက်တွေ Level နိမ့်ပေမယ့် တစ်ချို့ရက်တွေ Level မြင့်တာမျိုး ရှိတာပေါ့။
ကုမ္ပဏီလုပ်ငန်း လုပ်တဲ့အခါမှာ လက်အောက်ဝန်ထမ်းကို ဒေါသ ဖြစ်။ အထက်လူကြီးကို ဒေါသဖြစ်။ သူဌေးကို ဒေါသဖြစ်။ Customer တွေကို ဒေါသဖြစ်။ Supplier တွေကို ဒေါသဖြစ်။ အဲဒီလို ဒေါသတွေ များမြောင်စွာနဲ့ သွေးတိုးရှိလာတာ။
နောက်တစ်ချက်က Tension လို့ခေါ်တဲ့တင်းမာမှုတွေ ရှိလာတယ်။ ကြွက်သားတွေ တင်းမာလာတာမျိုး။ ဒီတော့ အမြဲတမ်း လိုလို အကြောတက်တာမျိုး ဖြစ်လာစေတယ်။ အကြောအခြင်၊ အဆစ်အမြစ်နဲ့ပတ်သက်တဲ့ ရောဂါမျိုးတွေလည်း ဖြစ်လာ တတ်တယ်။
နောက်တစ်ချက်က Accident ဖြစ်နိုင်ချေ သိပ်များလာတယ်။ သွားရင်းလာရင်းနဲ့သော်လည်းကောင်း၊ အိမ်ထဲမှာ လုပ်ရင်း ကိုင်ရင်းနဲ့သော်လည်းကောင်း Accident ဖြစ်နိုင်ချေ အရမ်းများလာတာကို တွေ့ရနိုင်တယ်။
နောက်တစ်ချက်က ပေါင်းသင်းဆက်ဆံရေး ပြဿနာပိုကြီးလာတတ်တယ်။ Interpersonal ပြဿနာတွေ ကြီးထွားလာတာ မျိုးပေါ့။
နောက်တစ်ခုက ရာဇဝတ်မှုခင်းကြီးတွေထိတောင် ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် ထိန်းချုပ်မထားတဲ့ ဒေါသသည် ကြီးစွာသော အန္တရာယ်ကို ဖြစ်စေနိုင်သည်တဲ့။
----
အပိုင်း(၃)ကို ဆက်လက်ရေးသားပါမယ်။
#တစ်စက်(ရန်ကုန်)
Keep Reading