တစ်စက်(ရန်ကုန်)
#AngerManagement
ဒေါသကိုစီမံခန့်ခွဲခြင်း
အပိုင်း(၁)
ဒေါသဆိုတာ ကျနော်တို့ လူတိုင်းမှာ ရှိကြပါတယ်။ ဒေါသမရှိပါဘူးလို့ ပြောရင် ဒါဟာ လိမ်ပြောတာပဲ ဖြစ်မှာပါ။ ဒေါသဖြစ်တယ်ဆိုရင် မျက်နှာကြီးက နီရဲလာမယ်။ မျက်လုံးက ပြူးလာမယ်။ အံတွေကြိတ်လာမယ်။
ဒေါသကြီးလာရင် အော်ကြီးဟစ်ကျယ်တွေ ဖြစ်လာမယ်။ ထိုးကြနှက်ကြမယ်။ ဒါတွေဟာ ဒေါသဖြစ်တယ်ပေါ့။
တကယ်တော့ ဒေါသဆိုတဲ့ Angry ဆိုတာ ယေဘုယျစကားလုံးသာ ဖြစ်ပြီး သူ့ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် အဆင့်ပေါင်း များစွာရှိပါတယ်။
ဒေါသမှာ အနိမ့်ဆုံး Level က Disappointment (စိတ်ပျက်ခြင်း)ပဲ။ ဒါကြောင့် ဒေါသဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် အော်ကြီးဟစ်ကျယ်တွေဖြစ်ကြမှ ဒေါသ လို့ သတ်မှတ်တာမျိုးမဟုတ်ဘဲ အခြေအနေတစ်ခုကို၊ လူတစ်ယောက်ကို စိတ်ပျက် တယ်ဆိုတာကလည်း ဒေါသ ပဲ။ ဒေါသ သေးသေးလေးပေါ့။ မိမိကိုယ်ကိုတော့ ဒုက္ခပေးတာမျိုး၊ ထိခိုက်စေတာမျိုး မရှိသေးဘူးပေါ့။
ဒေါသ Level တွေကို အုပ်စု (၃)စု ခွဲလိုက်မယ်ဆိုရင်…
စိတ်ထဲက ဖြစ်တဲ့ Level…
နှုတ်က ထုတ်ပြောတဲ့ Level…
ကိုယ်ထိလက်ရောက် ဖြစ်လာစေတဲ့ Level… ဆိုပြီး ခွဲလို့ရတယ်။
စိတ်ထဲကဖြစ်တဲ့ Level ကတော့ အနိမ့်ဆုံးပေါ့…။
ဒေါသဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို လူဆိုးတစ်ယောက် ဖြစ်သွားစေတာမျိုးတော့ မဟုတ်ပါဘူး..။
ဒေါသ ဖြစ်လို့သာ လူဆိုးဖြစ်ရကြေးဆိုရင် အားလုံးဟာ လူဆိုးကြီးပါပဲ။
လူတိုင်းဟာ တစ်ခါတစ်ရံမှာ ဒေါသ ဖြစ်တတ်ကြတယ်။ ဒါက မဆန်းပါဘူး။ အရေးကြီးတာက အဲဒီ ဒေါသကို ဘယ်လိုမျိုး ကိုင်တွယ်ပြီးတော့ ဘယ်လိုပုံစံနဲ့ ဖော်ပြသလဲဆိုတာက အရေးကြီးတာပါ။ အဲဒီအပိုင်းကို လေ့လာခြင်းဟာ ဒေါသနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတယ်… Anger Management ပေါ့…။
----
တကယ်တော့ ဒေါသဖြစ်လို့ လူဆိုးဖြစ်ရတာမဟုတ်ပါဘူး။ ဒေါသဖြစ်တာကို ဖော်ပြတဲ့ပုံစံ မမှန်လို့ လူဆိုးဖြစ်ရတာပါ။ ဒေါသဆိုတာ ဖြစ်စရာကြုံလာရင် ဖြစ်မှာပါပဲ။ ဒေါသဖြစ်လာတာကို မဖြစ်ပါနဲ့လို့ပြောလို့ မရပါဘူး။ ကျနော်တို့က ကိုယ်တိုင် ဒေါသ မဖြစ်ခင်မှာတော့ သူများ ဒေါသဖြစ်တာကိုတွေ့ရင် ဒေါသမဖြစ်နဲ့လေ။ ဒေါသမထွက်ရဘူးလေ လို့ ပြောတတ်ကြတယ်။ ကိုယ်တိုင်လည်း ဖြစ်လာရော သူများက အဲလိုမျိုး လာပြောတာကို လက်မခံကြတော့ဘူး။
ငါ့ကို ဒါမျိုး လာမလုပ်နဲ့။ ငါဆိုတာ ဒါမျိုးကို လက်မခံဘူး။ ငါ့ကို ဘာမှတ်နေလဲ စသည်ဖြင့် အသံတွေ ထွက်လာရော….။
ကျနော်တို့ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေမှာဖြစ်စေ ဒေါသဆိုတာ ဖြစ်တတ်ကြတယ်နော်။ အဲဒီ ဒေါသဖြစ်တာကို ဘယ်လို ပုံစံနဲ့ ထုတ်ဖော်မလဲဆိုတာ လမ်းညွှန်ပေးနိုင်ရင် ကောင်းတာပေါ့။
ဒေါသဆိုတာ လူ့ရဲ့ Emotion တွေထဲက အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ အဲဒီ Emotion ကို ကျနော်တို့ ဘယ်လိုမှ ရှောင်လို့ မရပါဘူးနော်…။ အများအားဖြင့် ဒေါသ ဆိုတာ ဘယ်ချိန်မှာ ဖြစ်တတ်သလဲဆိုတော့ ကိုယ့်ရဲ့ Emotional Hurt ဖြစ်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
ကိုယ့်ရဲ့ စိတ်ခံစားမှုအခြေအနေကို နာကျင်စေတဲ့လူပုဂ္ဂိုလ်၊ နာကျင်စေသော အကြောင်းအရာ/အဖြစ်အပျက်မှန်သမျှနဲ့ ထိတွေ့ရတဲ့အခါမျိုးမှာ ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကို ဒေါသ လို့ခေါ်ရမယ်နော်။
ရုတ်တရက် မီးပျက်သွားတယ်။ စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ အဲဒါ ဒေါသ အသေးလေးပေါ့။
လူတစ်ယောက်က ကိုယ့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ ဒါဆိုရင်လည်း ဒေါသ ဖြစ်စေတယ်။
ကိုယ်က စကားကောင်းကောင်းမွန်မွန်ပြောနေတယ်။ သူက ကိုယ့်ကို မပြောချင်သလိုလို ပြောချင်သလိုလို ပြန်လုပ်ပြတယ်။ အဲဒီမှာ ကိုယ်က ဒေါသ ထွက်လာတတ်တယ်။
ကိုယ်က နှုတ်ဆက်တယ်။ ကိုယ့်ကို ပြန်မနှုတ်ဆက်ဘူး။ ဒါဆို ဒေါသ ဖြစ်လာမယ်ပေါ့။ ဆက်ဆံသင့်တဲ့အတိုင်း မဆက်ဆံခံ ရတဲ့ အခါမျိုးမှာ ဖြစ်တဲ့ ဒေါသ။
နောက်တစ်ခုက ကိုယ်ရောက်ချင်တဲ့နေရာ၊ ပန်းတိုင် တစ်ခုအပေါ်မှာ မရောက်၊ မရစေရအောင် အတားအဆီးလုပ်တာမျိုး ခံရတဲ့အခါမှာဖြစ်တဲ့ စိတ်အခြေအနေ၊ ဒါလည်း ဒေါသ ပဲပေါ့။ ဒီလို ဒေါသမျိုးဟာ အများအားဖြင့် မိဘနဲ့ သားသမီး တွေကြားမှာ ဖြစ်လေ့ရှိကြပါတယ်။ သားသမီးတွေက သူတို့ ဆန္ဒရှိတဲ့အရာတစ်ခုခုကို လုပ်ချင်ကြတယ်။ မိဘက ပေးမလုပ်ဘူး။ အဲဒီအခါမျိုးမှာ သားသမီးမှာ ဒေါသဖြစ်လာတတ်တယ်။ သားသမီးက ခရီးတစ်ခုသွားချင်တယ်။ မိဘက တားတယ်။ သားသမီးက သင်တန်းတစ်ခုတက်ချင်တယ်။ မိဘက တားတယ်။ အဲဒီအခါမျိုးမှာ သားသမီးက သူတို့ရဲ့ ပန်းတိုင် တစ်ခုကို အတားအဆီးလုပ်ခံရမျိုး ဖြစ်စေတဲ့အတွက် သူတို့ရဲ့ Emotion ကို Hurt ဖြစ်စေတဲ့အတွက် ဖြစ်လာတဲ့ စိတ်ခံစားချက်။ အဲဒါ ဒေါသ ပါပဲ။
နောက်တစ်ခါ အဲဒါကို ပြောင်းပြန်လှန်ကြည့်ပါ။ မိဘက လုပ်စေချင်တဲ့အရာကို သားသမီးက လိုက်မလုပ်တဲ့အခါမျိုးမှာ မိဘ ရဲ့ ပန်းတိုင်ကို သားသမီးက တားဆီးလိုက်သလိုဖြစ်စေတဲ့အတွက် မိဘရဲ့ Emotion ကို Hurt ဖြစ်စေတယ်။ အဲဒီအခါမှာ မိဘ ဆီမှာလည်း ဒေါသ ဆိုတဲ့ စိတ်ခံစားချက် ဖြစ်လာတတ်တယ်။
တစ်ချို့မိဘတွေဆို ပိုဆိုးတယ်။ သူငယ်ငယ်တုန်းက သူသိပ်ဖြစ်ချင်ခဲ့တဲ့ ဘ၀အခြေအနေတစ်ခုကို အကြောင်း အမျိုးမျိုးကြောင့် မဖြစ်ခဲ့တဲ့အခါမှာ သားသမီးကို ဖြစ်လာစေအောင် တိုက်တွန်းတာမျိုး၊ အတင်းလုပ်ခိုင်းတာမျိုး ရှိတတ်ကြတယ်။ အဲဒီအခါမှ သားသမီးလုပ်သူကလည်း အဲဒါကို ဝါသနာမပါတဲ့အတွက် လိုက်မလုပ်ဘဲ သူဝါသနာပါရာကို လုပ်တဲ့အခါမှာ မိဘမှာ ဆတ်ဆတ်ထိနာပြီး သားသမီးအပေါ် ဒေါသ ကြီးကြီးထွက်တာမျိုး ရှိတတ်ကြပါတယ်။ တစ်ချို့ဆိုရင် အမွေပြတ်စွန့်လွှတ်သည်တို့ ဘာတို့ တောင်လုပ်ကြပါရဲ့။
မိမိအလိုမပြည့်စေတဲ့အရာမှန်သမျှအပေါ် ဖြစ်စေတဲ့ စိတ်ခံစားချက်က ဒေါသပဲနော်။
အဲဒီအလိုမပြည့်စေသူက ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ ကိုယ့်မိသားစုဝင်ပဲ ဖြစ်ပါစေ။ အဲဒီ ကိုယ့်မိသားစုဝင်အပေါ်မှာလည်း ဒေါသ ဖြစ်မှာပဲ။ ဒေါသ Level ကွာတာပဲ ရှိမယ်။
ဒါကြောင့်လည်း ကျနော်တို့ လူ့ပတ်ဝန်းကျင်မှာ မိသားစုဝင်အချင်းချင်း၊ မိဘနဲ့သားသမီး၊ ညီအစ်ကို မောင်နှမ အချင်းချင်းတွေ ဒေါသတွေနဲ့ ဆက်ဆံနေကြတယ်။ တစ်ချို့ဆို ညီအစ်ကိုချင်း ဓါးနဲ့ခုတ်ကြတဲ့သတင်းတွေ ကြားမှာပေါ့။
တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ကြတဲ့ ဒေါသ Level တော့ မတူကြဘူးပေါ့။
ဥပမာ မီးပျက်တယ်ဆိုပါစို့။ လူတစ်ယောက်က စိတ်ထဲကနေ ဟာ သွားပါပြီ။ ဒီလောက်ပဲ ။ အသံထွက်မလာဘူး။ စိတ်ပျက်တဲ့ ဒေါသ အသေးစားလေး ဖြစ်သွားတယ်။
တစ်ယောက်ကကျတော့ နှုတ်က ထုတ်ပြောတယ်။ ဟာ အရေးမပါတာကွာ။ -ျက်သရေတုံးတာ။ ဒီမီးကလည်း။ စသည်ဖြင့်။ အဆဲစကားလုံးတွေနဲ့ ဒေါသ Level နည်းနည်းမြင့်လာတယ်။
တစ်ယောက်ကကျတော့ နှုတ်ကလည်း အထက်ကလိုမျိုး ပြောဆိုတဲ့အပြင် သူလက်ထဲရှိတဲ့ ကိုင်ထားတဲ့ အရာတစ်ခုခုကို စောင့်ပြီး ပစ်ချလိုက်တယ်။ ကိုယ်ထိလက်ရောက် ဖြစ်လာတဲ့ Level အမြင့်ဒေါသပေါ့။
မီးပျက်တဲ့ အခြေအနေလေး တစ်ခုအပေါ်မှာတောင် လူတွေရဲ့ တုန့်ပြန်မှု Emotion အခြေအနေက မတူကြဘူးနော်။ ဒီလို မတူကြခြင်းကလည်း လူတွေရဲ့ ဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင်၊ သင်ယူလေ့လာမှု၊ ဘာသာတရားလိုက်စားမှု စတဲ့အရာတွေ နဲ့ လည်းဆိုင်တာပေါ့။
----
အပိုင်း(၂)ကို ဆက်ရန်။
#တစ်စက်(ရန်ကုန်)
Keep Reading