pyanshae
အနုပညာဆိုတာဘယ်လိုမျိုးလဲ?
အနုပညာဆိုတာဟာ အင်မတန်မှအဖိုးထိုက်တဲ့အရာဖြစ်ပြီး လူတိုင်းတုပနိုင်ဖို့ခက်ခဲတဲ့ အစွမ်းထက်တဲ့အရာတစ်ခု တစ်ချိန်ကဖြစ်ခဲ့ဖူးပါတယ်။
အနုပညာဆိုတာ ရုပ်ရှင်ပညာတစ်ခုတည်းကိုဆိုလိုခြင်းမဟုတ်။
သဘင်ပညာ၊ ဂီတပညာ၊ အကပညာ၊ ပြဇာတ်ပညာ စတဲ့အနုပညာပေါင်းများစွာနဲ့ဖွဲ့စည်းထားတယ်။ အဲဒီအနုပညာလက်ရာပေါင်းများစွာကိုပိုင်ဆိုင်ထားသူ နာမည်ကြီးအနုပညာရှင် ကြည်ကြည်ဌေးအကြောင်းကို ရထားပေါ်မှာအမှတ်မထင်ဆုံတွေ့ရင်း ဂျာနယ်ကျော်မမလေးက မေးမြန်းရေးသားထားခြင်းဖြစ်ပါတယ်။
?ကြည်ကြည်ဌေး
ကြည်ကြည်ဌေးဆိုတာဟာဘယ်သူလဲ?
၅နှစ်သမီးအရွယ်ကတည်းက ဇာတ်သဘင်လောကထဲကို ဝင်ခဲ့ပြီး ပညာပါရမီရော၊စိတ်ဝင်စားမှုဝါသနာပါ ပါသည့်အတွက် ကလိုက်တဲ့ဇာတ်တိုင်းမှာနာမည်တစ်လုံးအမြဲကျန်နေအောင် ပရိတ်သတ်အကြားထင်ရှားခဲ့သောသူဖြစ်ပါတယ်။
အောင်မြကျင်၊ အောင်ချင်းမ၊ စူဠသုဘဒ္ဒါမင်းသမီးလေး၊ မာလာရီ၊ ရွှေကြည်၊ ကြည်ကြည်ဌေး...
ဒီစာအုပ်ရဲ့အဓိက ဇာတ်ကောင်ဟာ မင်းသမီးကြီး ကြည်ကြည်ဌေးပဲဖြစ်ပါတယ်။ အမှန်တမ်းဝန်ခံရပါလျှင် ကျနော်သည် ကြည်ကြည်ဌေးကိုမသိ၊ မြင်ပင်မမြင်ဖူး၊ သူ့ဇာတ်ကားဆိုလျှင်လဲ တစ်ကားမှမကြည့်ဖူးပါ။ ဒါအရိုးသားဆုံးဝန်ခံလိုက်တာပါ။
ဒါပေမဲ့ ဒီစာအုပ်ကိုဖတ်အပြီးမှာတော့ ကျနော်နဲ့ မင်းသမီးကြီး ကြည်ကြည်ဌေး အပြင်မှာတွေ့ဆုံဖူးသကဲ့သို့ ခံစားရပါတယ်။ သူ့ရဲ့အနုပညာတွေကိုတစ်ခါမှ မခံစားဖူးသည့်တိုင်အောင် ကျနော့်မျက်လုံးထဲမှာတော့ သူ၏ဆိုဟန်၊ပြောဟန်နဲ့လှုပ်ရှားမှုဟန်ပန်များကို စာအုပ်ထဲမှာရေးထားသည့်အတိုင်း အတိုင်းသာမြင်ရပါတယ်။
ဇာတ်သဘင်ပညာဆိုတာ ဝါသနာအထုံမပါလျှင် မလွယ်ကူနိုင်သလို ပညာပါရမီမပါလျှင်လဲ တတ်မြောက်ဖို့ခက်ခဲနိုင်တဲ့ပညာ တစ်ခုအဖြစ် ကျနော်နားလည်ထားပါတယ်။
ထိုပညာရပ်ကိုတောင် တစ်ချို့သော အချိန်တွေမှာ ဇာတ်ဆရာနဲ့မညှိလိုက်ရဘဲ လက်တန်းကပြရတဲ့အခါတွေ၊ သီချင်းကို ကန့်လန့်ကာကြားက တိုက်ပေးတာကိုလိုက်ဆိုရင်း သီချင်းရွတ်ပေးတဲ့သူအသံမကြားရလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပွဲကိုဆက်ထိန်းရတာတွေ၊ ပြဇာတ်ကတဲ့အခါ မင်းသားအထွက်နောက်ကျလို့ ဇာတ်ကို အရှိန်မသေစေဖို့ အငိုတလှည့်အဆွေးတလှည့်နဲ့ ဆွဲဆောင်နိုင်တာတွေ၊
အဆို၊အငို၊အက၊အလှ၊အလွမ်း၊အဆွေးမှာ အင်မတန်မှ ပိုင်လွန်းပြီး ပဋာစာရီမှောက်ခုံ ပြဇာတ်ကတဲ့အခါမှာလဲ သူ လုပ်ဆောင်ခဲ့တဲ့အတိုင်း တဖန်ပြန်ပြီး ငိုပြော၊ဆိုပြော၊လွမ်းပြောဖြင့် ဇာတ်ကြောင်းပြန်နေပုံမှာလဲ ပဋာစာရီကို လက်တွေ့မြင်ရသလိုလို့ စာအုပ်ထဲမှာရေးသားထားပါသေးတယ်။
ကျနော်ဒီဝတ္ထုဖတ်အပြီးမှာတော့ မင်းသမီးကြီးကြည်ကြည်ဌေးရိုက်ကူးခဲ့တဲ့ ရတနာပုံနဲ့၊ချစ်သက်ဝေ ဇာတ်ကားနှစ်ကား YouTube ကနေကြည့်ခဲ့ပါတယ်။
ကျနော်ဟာရှေးခေတ်ဇာတ်ကားများကိုနှစ်ခြိုက်လှသူမဟုတ်ပါ။ အဓိကကတော့ အရောင်ကာလာမမြင်ရတဲ့ ဇာတ်ကားတွေကို မကြိုက်တတ်တာလဲပါပါတယ်။ ရှေးကားလာရင် ကျနော်ဟာ တစ်ခြား channelတစ်ခုကိုပြောင်းပြီးရကြည့်တတ်ပါတယ်။ ယခု ထိုဝတ္ထုကိုဖတ်ရာမှာလဲ စမ်းတဝါးဝါးနဲ့ ကြည်ကြည်ဌေးဆိုတာ ဘယ်သူဘယ်ဝါရယ်လို့သေသေချာချာမသိဘဲ ဖတ်ခဲ့ရပါတယ်။
ဒါပေမဲ့ရုပ်ရှင်ကြည့်လိုက်တဲ့အခါမှာတော့ ကြည်ကြည်ဌေးဟာ ဒီလိုကြောင့်အောင်မြင်တာပါလားလို့ ကျနော်သိလိုက်ရပါတော့တယ်။ ရတနာပုံဇာတ်လမ်းမှာဆိုရင်လဲ ယောက်ကျားပြန်အလာကိုစောင့်ရင်း ဆိုတဲ့သီချင်းမှာဆိုရင် သူ့ရဲ့အသံအနေအသံထား ဆိုဟန်မှာ လုံးဝ ကျနော့်ရဲ့နားစည်ကိုဆွဲငင်ယူဆောင်သွားနိုင်စွမ်းရှိပြီး မင်းသားကြီးကိုတင်မောင်နဲ့ စန္ဒယားတီးကာဆိုတဲ့အခါမှာလဲ နှစ်ဦးသားအပေးအယူမျှတစွာသီဆိုဟန်ကို သဘောကျဖွယ်တွေ့ရှိရပါတယ်။
ကျနော် ရင်ထဲဆွေးမြေ့စေတဲ့အပိုင်းကတော့ သားဖြစ်သူသေဆုံးသွားပြီး နောက်ပိုင်းဝေဒနာနဲ့ အိပ်ရာထဲလဲအိပ်နေရင်း မင်းသားကြီးကိုတင်မောင်နဲ့ စကားပြောတဲ့နောက်ဆုံးအခန်းပါပဲ။ အဲဒီအခန်းမှာ မင်းသမီးကြီးကြည်ကြည်ဌေးရဲ့မျက်နှာဟာ စာထဲမှာပြောထားသလို
"အနောက်နိုင်ငံက ရုပ်ဖျက်ဆေးတွေနဲ့ မျက်နှာကိုပွတ်သပ်လိမ်းရတာ အသားတွေမှာရောင်လို့ဖူးလာတာပေါ့အစ်မကြီးရယ်... ဖူးရောင်လာတဲ့အသားတွေကို ဂွမ်းစပါးပါးလေးတွေကပ်ပြီး ဆေးသုတ်လိမ်းရတယ်...ဆေးကစုပ်ယူတဲ့အခါကျ အသားပကတိကဖုကြွလာပြီး ဘယ်သူမြင်မြင်အနာရွတ်ကြီးလို့ထင်တော့တာပဲ...ကျွန်မကလဲအဲဒီအခန်းမပြီးမချင်းမဖျက်ပါဘူး..."
"နောက်ပြီးတော့အစ်မကြီးရယ် ရတနာပုံခန်းရိုက်ရတာ ပင်ပန်းဆင်းရဲခံရတယ်...၃ရက်၄ရက်လောက် ထမင်းမစားရဘူး အိပ်ရေးကပျက် တစ်ခါတစ်ရံတစ်ညလုံး မနားဘဲရိုက်ကူးရတတ်သေးပြန်တယ်..၃/၄ရက်အတွင်းမှာ ပိန်ချုံးသွားတာ ရတနာပုံနောက်ဆုံးဇာတ်သိမ်းခါနီး မမာတဲ့အခန်းရိုက်တော့ တကယ်ကိုပင်ပန်းနွမ်းလျနေတာပဲလူက သေခါနီးညိုးငယ်နေသလိုမျိုးပဲအစ်မကြီးရဲ့"
ဟု ဖော်ပြထားပြီး သူ့ရဲ့အနုပညာခံယူချက်ကိုလဲ ထပ်မံ၍
"အဲသလိုရုပ်ပျက်ဆင်းပျက်အခန်းမျိုး ရိုက်ရတာသဘောအကျဆုံးပဲ..ကျွန်မ ဝါသနာကတစ်ခုတည်းမဟုတ်ဘူး...ရက်စက်တဲ့အကြမ်းခန်းလုပ်ရရင် သူတကာဆဲချင်အောင် သိပ်လုပ်ချင်တာ...ရယ်စရာလုပ်ရမယ်ဆိုရင်လဲ ပရိတ်သတ်ပါးစပ်ပိတ်မနေရမှအားရတယ်...လွမ်းရမယ်ဆိုရင်လဲ ကြည့်တဲ့သူမျက်ရည်ကျအောင် လွမ်းပြချင်တာပဲ" ဟု ပြောပြခဲ့ပါသေးတယ်။
အကယ်ဒမီများရှင်ဖြစ်တဲ့ မင်းသမီးကြီးကြည်ကြည်ဌေးရဲ့အကြောင်းမှာ ပြောမည်ဆိုပါက ဒီထပ်ပြောစရာတွေအများကြီးကျန်ပါသေးတယ်။ ဒါတွေကိုတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကိုဖော်ပြထားတဲ့ ဂျာနယ်ကျော်မမလေးရေးတဲ့ သုခုမအနုပညာကိုဖတ်ကြည့်ပြီး သူသရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေနဲ့သီချင်းတွေကိုနားထောင်ကြည့်ခြင်းဖြင့် သူ့ရဲ့အနုပညာနဲ့ပတ်သက်တဲ့ တစိတ်တဒေသကိုဖြင့် ခံစားနားလည်မယ်လို့ယုံကြည်လျက် ဒီစာကိုရေးသားလိုက်ရပါတယ်။
Keep Reading