ဟယ်ရီကို ( Harry Ko )
ကျွန်မကို စာလုပ်ဖို့ချည်း မပြောပါနဲ့လား အမေရယ်။ ကျွန်မဝါသနာပါတဲ့ အရာလေးလုပ်ဖို့ အားပေးပါ့လား။ ကျွန်မရဲ့ ရင်ထဲမှာ ဘာတွေခံစားနေရတယ် ဆိုတာ အမေသိရဲ့လား။ဝါသနာပါတဲ့အရာကို ပံ့ပိုးပေးချင်တဲ့ စိတ်ရောရှိကြရဲ့လား။ စာကိုပဲ အမြဲလုပ်စေချင်တဲ့ အမေ့ကို ကျွန်မ သိပ်စိတ်ပျက်မိတယ်။ ကျွန်မရင်ထဲ ဝမ်းနည်းစေခဲ့တဲ့ စကားတစ်ခွန်းကို အမေပြောခဲ့မိတယ်။ "နင်လုပ်နေတဲ့အရာက ဘာရလို့လဲ"တဲ့။ ဒါဆို အမေတို့က ပိုက်ဆံရမှ အောင်မြင်မှုလို့ သတ်မှတ်ကြတယ်ပေါ့။ ဟုတ်ကဲ့၊ ကျွန်မလုပ်နေတဲ့အရာကနေ ဘာတွေရလဲဆိုတော့ အတွေ့အကြုံ၊အသိပညာဗဟုသုတတွေ ရခဲ့ပါတယ် အမေ။
ကျွန်မလေ...မနက်မိုးလင်းရင် အမေ့ဆီကဖြစ်ဖြစ်၊အဖေ့ဆီကဖြစ်ဖြစ် အမြဲကြားချင်တဲ့ စကားတွေရှိခဲ့တယ်။ ကျွန်မကို အားတက်စေနိုင်တဲ့ အဖေနဲ့အမေတို့ရဲ့ ကောင်းချီးမဂ်လာစကားတွေပေါ့။ ဒါပေမဲ့ ကျွန်မကြားနေရတာတွေက "ဟိုဟာလုပ်လိုက်ဦး၊ဒီဟာ လုပ်လိုက်ဦး"စသဖြင့် ခိုင်းတာမပြီးရင် ဆူသံ၊ပူသံတွေကို မနက်တိုင်းလိုလို ကြားခဲ့ရတာပါပဲ။
သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ချင်ပေမယ့် အမေတို့က လက်ခံကြတာမှမဟုတ်တာ။ "နင်ငယ်သေးတယ်၊စာပဲလုပ်"ဆိုတဲ့စကားတွေဟာ ကျွန်မရဲ့စိတ်ကို ငရဲပေးနေသလိုပါပဲ။ အပြင်မှာသူငယ်ချင်းတွေတွေ့ကြတာဟာ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာနိုင်သလို ပတ်ဝန်းကျင်အပေါ် အမြင်အသစ်တွေရရှိစေတယ်ဆိုတာ အမေတို့မေ့နေကြတာလား။မသိတာလား။ အမေတို့က စိတ်ပူလို့ တားဆီးပေမယ့် ကျွန်မအတွက်တော့ ကျွန်မရဲ့အညွှန့်ကို ချိုးနေသလိုခံစားရတယ် အမေရဲ့။
တကယ်တော့လေ ကျွန်မက အမေတို့ကို နားလည်ပေးတတ်တဲ့ မိဘတွေဖြစ်စေချင်တာပါ။အခုတော့ အခြေအနေတွေက ပိုတင်းလာသလိုပဲ။ကျွန်မသတိထားမိတယ် သိလား။ကျွန်မတို့မိသားစုထဲမှာ ပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရှိမနေဘူးဆိုတာ...။ကျွန်မလေ...အမေတို့နဲ့ သူငယ်ချင်းလို ပေါင်းချင်တယ်။ဘယ်အရာမဆို ဖွင့်ဟတိုင်ပင်ချင်တယ်။ပြောပြချင်တယ်။ကျွန်မကို ဘာလုပ်လုပ်အားပေးစေချင်တယ်။ ကျွန်မ မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ ကိုယ့်မိဘနာမည်ပျက်မယ့် အလုပ်မျိုး လုံးဝမလုပ်ဘူး။ အဲ့တာကို အမေတို့ကို သိစေချင်တယ်။
"ငါ့သမီးနောက်မှာ အဖေရော၊အမေရော အမြဲရှိနေတယ်"ဆိုတဲ့စကားလေး မနက်ခင်းတိုင်းကြားချင်မိတယ်။ဒါက ကျွန်မအလိုချင်၊အတောင့်တဆုံး ဆန္ဒတစ်ခုပါ။
စကားဆိုတာ ပြောပြမှ သိရတဲ့ အရာမဟုတ်လား။
----- 31.10.2024 -----
#ဇိန်းမြင့်မိုရ်ရောင်
#SarPhat
Keep Reading