Sky Anna
၂။ မင်းယုဝေ
စာရေးဆရာကြီး မင်းယုဝေ အား ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ် ခရိုင် ၊ကန်ကြီးထောင့်မြို့နယ်တွင် အဖ ကုန်သည်ကြီး ဦးထွန်းဆိုင် နှင့် အမိ ဒေါ် သင် တို့မှ ၁၉၂၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူး နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၈ )ယောက် အနက် အငယ်ဆုံးဖြစ်ပြီး အမည်ရင်းမှာ ဦးဝင်းမောင် ဖြစ်သည်။အထက်တန်း ကျောင်းသား ဘဝ တွင်
'ဝင်းမောင်ဆိုင်'ဟု နာမည်တွင်ခဲ့သည်။ရန်ကုန် တက္ကသိုလ်တွင် ၁၉၄၆ ခုနှစ် မှ ၁၉၅၁ ခုနှစ် အထိ ပညာသင်ခဲ့ပြီးနောက် လန်ဒန် တက္ကသိုလ် တွင် အဘိဓာန် ပညာရပ်ကို သင်ယူ ကာ ရန်ကုန်တက္ကသိုလ်ဘာသာပြန်ဌာနတွင် လက်ထောက် စာတည်း လုပ်ကိုင်ခဲ့သည်။
ဆရာကြီးသည် ၁၉၄၀ ပြည့်နှစ် (၆)တန်းကျောင်းသားအရွယ်မှ စတင်၍ လက်ရေးစာစောင်များတွင် ကဗျာ၊ ဝတ္ထုတို များ စတင်ရေး သားခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားဘဝ ၁၉၄၇ ခုနှစ် တွင် ကဗျာနှင့် ဆောင်းပါးများ စတင် ပုံနှိပ် ဖော်ပြ
ခြင်းခံရသည်။
၁၉၄၄ ခုနှစ် အသက် ၁၆ နှစ်အရွယ် အဠမတန်းတွင် ပုသိမ်ခရိုင် အာရှလူငယ် ညီလာခံက ကျင်းပသည့် လူငယ်စာပေပြိုင်ပွဲတွင် ''ပြုပြင် သွန်သင်ကြ လော့ ''ဆောင်းပါးဖြင့် ပထမ ဆု ရရှိခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရှုမဝ မဂ္ဂဇင်း၌ 'မိခင် အသို့နေမည်နည်း' ကဗျာကို စတင် ဖော်ပြခံရသည်။ တာရာ မဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၅ တွင် ပုံနှိပ်ဖော်ပြခံရသော 'နှုတ်ခမ်းနီ '' ဝတ္ထုတိုသည် ဆရာကြီး မင်းယုဝေ၏ ပထမဆုံး ဝတ္ထု တိုဖြစ်သည်။
ဆရာကြီးသည် ၁၉၅၂ ခုနှစ်တွင် ကဗျာဆရာမကြီး ငွေတာရီနဲ့ လက်ထပ်ခဲ့ပြီး ဇနီးမောင်နှံ တွဲဖက်၍ စာအုပ်များ ထုတ်ဝေခဲ့သည်။ စာနယ်ဇင်းများတွင်လည်း စာမူ များ၊ ကဗျာများ အဆက်မပြတ်ရေးသားခဲ့ပြီး လုံးချင်းစာအုပ် ၄၂ အုပ် ရေးသားထုတ်ဝေခဲ့သည်။ ယင်းတို့အနက် ငွေတာရီ နှင့် တွဲဖက်ပြန်ဆိုသော 'အီစွတ်် ပုံပြင်များ' စာအုပ်သည် ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန် စာပေဆု ရရှိခဲ့သည်။
၁၉၇၂ ခုနှစ်တွင် ထုတ်ဝေသော 'ရေခပ်ချိန် ကဗျာများ' စာအုပ် သည် ၁၉၇၂ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာ) ဆု ရရှိခဲ့သည်။ ဆရာ တိုက်စိုးနှင့် တွဲဖက်ရေးသားသော ''မြန်မာစာ မိတ်ဖွဲ့ '' (၁၉၆၅-၆၆)စာအုပ်သည် စာပေဝါသနာရှင်များ အထူးအားပေးခံရပြီး အကြိမ်များစွာ ပြန်လည် ထုတ်ဝေ ခံခဲ့ရသည်။
ထို့အပြင် ကလေးသူငယ်များကို ယဥ်ကျေးလိမ္မာစေရန်အတွက် မင်္ဂလာမောင်မယ်စာစောင်ကို ကြီးမှူးဆောင်ရွက်ခဲ့ပြီး မင်္ဂလာရောင်ခြည် ဗုဒ္ဓဝင် ရုပ်ရှင် ၊သုံးဆယ့်ရှစ်ဖြာ မင်္ဂလာပုံပြင်များ ၊ဇာတ်ကြီးဆယ်ဘွဲ့ အနှစ်ချုပ် တို့မှာ စာဖတ်သူများစွဲထင်ကျန်ရစ်သည့် စာအုပ်များဖြစ်သည်။
ဆရာကြီးသည် မြန်မာစာပေလောကတွင် ထင်းရှားကျော်ကြားသည့် အယ်ဒီတာ၊ကဗျာဆရာ၊စာရေးဆရာကြီးတစ်ဦးဖြစ်သည့်အပြင် စွယ်စုံစာပေပညါရှင် အမျိုးသားစာပေ တစ်သက်တာ ဆုနှင့် အလင်္ကာကျော်စွာဘွဲ့ ကိုလဲရရှိခဲ့လေသည်။
ဆရာကြီးသည်ခေတ်စမ်းစာပေ၏ ဒုတိယမျိုးဆက်ဟု ဆိုနိုင်သည့်အပြင် ကဗျာဆရာကြီးဇော်ဂျီ ၊ဆရာကြီး မင်းသုဝဏ် တို့၏ တပြည့်ရင်း ဖြစ်လေသည်။ ထို့အပြင် ကဗျာဆရာ၊စာရေးစရာများဖြစ်ကြသော ဂုဏ်ဝင်း၊ နောင် ၊ ဗန်းမော်ညိုနွဲ့ ၊ ထွဏ်းနေနွယ် ၊ တက္ကသိုလ်မင်းမော်၊ တက္ကသိုလ် ဝင်းမွန် တို့နှင့် လဲ ခေတ်ပြိုင်ဖြစ်သည်။
ဤသို့ ကဗျာ၊စာပေ လောက တွင် ထင်ရှားသည့် ဆရာကြီး မင်းယုဝေသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့ တွင် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန် တွင် အသက် (၉၃) ရှိပြီ ဖြစ်သည်။
Sky Anna
Keep Reading