Author's Profile Photo

နွယ်နွယ်ဝင်း(ထားဝယ်)

30/10/2024

ထားဝယ်ဒေသ သီတင်းကျွတ်၊တန်ဆောင်တိုင် ဘုရားပွဲတော် (ဘိမျှောဘွဲ၊ဖျားလှည့်ဘွဲ )။

8 mins read
Culture
Novel
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
ထားဝယ်ဒေသ သီတင်းကျွတ်၊တန်ဆောင်တိုင် ဘုရားပွဲတော် (ဘိမျှောဘွဲ၊ဖျားလှည့်ဘွဲ )။'s photo


ညဦးပိုင်းဖြစ်သော်လည်း လမင်းစန္ဒာက စောစီးစွာ လုံးဝန်းဝင်းပ‌နေသည်။အရှေ့လေသည် ဆောင်းကိုကြိုသည့်နှယ် ခပ်စွာစွာတိုး၍ဝင်လာကြ၏။ ပုလ္လင်ဆေးမိုးသည်လည်း မရွာပါချေ။အေးစိမ့်စိမ့်ဖြစ်နေ၍ အနွေးဓာတ်ကလေးများ ရပါမည်လော ဟူ၍ လိုက်လံရှာဖွေ မျက်စိကစားမိ၏။ထားဝယ်ဒေသ၏ အထွတ်အမြတ်ထားရာ လောကမာရဇိန်ဘုရားကြီးဝန်းအတွင်း ဘုရားဖူးသူများ ၊ဆီမီးပူဇော်သူများ ၊ မီးပုံးလွှတ်သူများ ၊ အာဟာရဒါနပြုသူများ ၊ ဓာတ်ပုံရိုက်နေသူများ ၊ပွဲဈေးတန်းများနှင့် စည်ကားသိုက်မြိုက်လျက်ရှိ၏။ ဓမ္မစကူးလ်ကျောင်းတော် တစ်ခုမှ ကျောင်းသားကျောင်းသူလေးများနှင့် ဆရာ ဆရာမ များက ကဗျာများ ရွတ်ဆို၍ ဆီမီး ပူဇော်ခြင်းကို ဆောင်ရွက်လျက်ရှိကြသည်။ အို ... ဟိုကမိန်းက‌လေးက မမ မလား ။ လူကြားထဲတွင်တိုးဝှေ့နေသည့်ကြား လျှက်တပြတ် မြင်လျှင်ပင် ထိုမိန်းကလေးမှန်း အတပ်သိနေပြီဖြစ်သော စက္ခုအာရုံသည် သည်တစ်ကြိမ်တွင်လည်း မလွဲပါပေ။ ဪ..ဘေးက သူ့အမျိုးသား ထင်ပါရဲ့။ဝေးကွာခဲ့ရသည်မှာ ကြာပြီ ဖြစ်သော်ငြားလည်း မေ့ဖို့ရန်ကား ခဲ လှချေသည်။ ရင်ဖုံးအင်္ကျီအနီရောင် နှင့် အထက်ဆင့်ထမီ နီညိုရောင် ၊ လက်ထဲတွင်လည်း ဘုရားကပ်လှူရန် ပန်း၊တံခွန်၊ကုက္ကား နှင့် ဆီမီးတို့လည်းကိုင်ထားသေးသည်။ ‌ဘေးက အမျိုးသား ကိုလည်း တစ်ချက် တစ်ချက် မော့မော့ ကြည့်၏။သူမ၏အမျိုးသားမှာ ရုပ်ရည်သာမက ဥစ္စာပါ ပိုသာ နေသည်မှာတော့ မြင်ရုံနှင့်သိနိုင်လေသည်။ တစ်နေ့လုပ်တစ်နေ့စားနှင့် လစာဝင်ငွေ တစ်ပဲခြောက်ပြားရသည့် အခြေခံလူတန်းစားများသည်ကုန်ဈေးနှုန်းတက်၍ အစိုးရကို ဆဲခြင်း နှင့် ဆင်းရဲသားမျက်နှာမွဲ တို့သည် နှလုံးသားရေးရာတွင် အရှုံးနှင့် ကျန်ရစ်ဖြစ်ရသည့်အခါတွင် လူကုံထံအသိုင်းအဝိုင်းကို ကျိန်းကြခြင်းကား ဓမ္မတာဖြစ်၏။‌ဘုရားကြီးပရိဝုဏ်အတွင်းရှိ ရွှေတောင်စားစေတီရှိရာသို့ ဦးတည်သွား‌နေသော ထို စုံတွဲကို ဘုရားဆောင်းတန်းရှိ ထိုင်ခုံကလေးတွင် ထိုင်လျက် ငေးကြည့်ကျန်ရစ်ရင်း ဝမ်းနည်းဝမ်းသာ ဖြစ်ရလေသည်။ ခါတိုင်းဆိုလျှင် စကားပင်ပြောရန် ရှက်နေသော မိန်းကလေးသည် ယခုအခါတွင်တော့ ယင်းအမျိုးသားကို လက်ချင်းချိတ်ကာ ရီရီမောမောဖြင့် လူကြားထဲတွင် သွားလာဝံ့နေသည် မဟုတ်ပါလား။ လသည် ရွှန်းရွှန်းစားစား ထိန်လင်းလျက်ရှိ၏။ အအေးဓာတ်သည် လေမြူး နှင့် စန္ဒာလမင်း၏ အလင်းရောင်ကို ခြုံကာ နှစ်ဆတိုးလာသည်။ပါလာသည့် အနွေးထည်သည်ကား လိုအပ်သည်လား မလိုအပ်သည်လား မဝေခွဲတတ်တော့ပြီ။ ထို အမျိုးသမီးကလေးကတော့ အကြင်သူ့အား မလိုအပ် ခဲ့လေပြီ။ ရွှေတောင်စားစေတီတော်ကြီးသည် ရွှေရောင်တဝင်းဝင်း ဖြင့် သပ္ပာယ်မြဲ သပ္ပာယ်လျက်ရှိ၏။ တချွင်ချွင်မြည်‌ နေသော ဆည်းလည်းတော် သည်လည်း လေတိုက်တိုင်း ကြားနိုင်လေ၏။ လူသူ စည်ကားရှုပ်‌ထွေး‌ နေသော်လည်း၊ အလှူခံ မဏ္ဍပ်၏ ကြော်ငြာသံသည် လော်စပီကာမှ ထွက်‌ပေါ်နေသော်ငြားလည်း စိတ်၏ ထက်သန်သော နားတို့သည် ဆည်းလည်း သံကို ကြားယောင်စေသည်။ မီးပုံးများလည်း တစ်လုံးစ နှစ်လုံးစ ဖြင့် ကောင်းကင်ပေါ်သို့ တက်သွားကြလေသည်။ " ကိုထွန်းမြတ်အောင် နှင့် မမွန်မြတ်သူ တို့မိသားစု မှလည်း အလှူငွေ ငါးထောင်ကျပ်တိတိ ကို ဘုရားအမှူးထား၍ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းသွားပြန်ပါပြီ ခင်များ" ။ဪ မိသားစုတဲ့လား အရှေ့က မင့် အမျိုးသား နာမည်မှာ ကျုပ်နာမည် ဖြစ်ရင်လည်း အကောင်းသားဗျ။ အိုလေ မမကရော အဲ့တာကို ကျေနပ်နိုင်ပါ့မလား။ ဘုရားကြီးရောက်တိုင်း ကိုယ်ရဲ့နေ့နံမဟုတ်တဲ့ ကြာသပတေးထောင့်ကိုလာပြီး‌ ထိုအမျိုးသမီးငယ်အေးချမ်းပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေချမ်းကပ်ခဲ့ဖူးပါရဲ့။ ဒီထက်မက လှ နိုင်ပါစေဆိုပြီး ပန်းလည်း လှူခဲ့ဖူးပါရဲ့။ ရေစက်ဆုံဖို့လည်း ဆုလည်းတောင်းခဲ့ဖူးပါရဲ့။ အို ဖူးစာဆုံဖို့ကျ မင်းကို အားနာတာနဲ့ ငါ ဆုမတောင်းမိခဲ့ဘဲကိုး။ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲလေ။ လောကကြီးရဲ့ ဆန္ဒအတိုင်းသာဆိုရင် အရာရာဟာ တရားပါတယ်လို့ ကိုယ်ယူဆပါ့မယ်။
ဘုရားကြီးရင်ပြင်တစ်လွှား ဆီမီးများအပြိုင်အဆိုင် ထွန်းနေကြပေပြီ။ ချိန်းထားသည့် ပုဂ္ဂိုလ်များလည်း ရှိသေးသည်မို့ သပိတ်မျှောပွဲ(ထားဝယ်အခေါ် _ ဘိမျှောဘွဲ) သို့ သွားရန် ဆိုင်ကယ်ထားရှိရာနေရာသို့ ဦးတည်လာခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းကျင်းပနေသော သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တိုင်း ကျင်းပ လေသည်။ ထားဝယ်မြစ်ဘေး ကမ်းနားရှိ ပြည်သူ့ရင်ပြင် တစ်နေရာတွင် ကျင်းပလေ့ရှိပြီး လာရောက်ပါဝင် ကျသူများကို တေးဂီတများဖြင့်လည်းကောင်း၊ထားဝယ်ရိုးရာအကအလှများဖြင့်လည်းကောင်း ဖျော်ဖြေကာ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပေသည်။ သပိတ်မျှောပွဲတော်ဟူသည် ဘုရားရှင်၏ တပည့်သာဝက အရှင်မြတ်တစ်ပါးဖြစ်သည့် တောင်သမုဒ္ဒရာတွင် သီတင်းသုံးနေသည်ဟု ဗုဒ္ဓဘာသာဝင်တို့ မှတ်ယူထားကြသော အရှင်ဥပဂုတ္တမထေရ်မြတ်အား ပူဇော်ဆပ်ကပ်ခြင်းဖြစ်ပြီး ထားဝယ်ရိုးရာမြေသပိတ်ထဲတွင် ဆွမ်း၊ခဲဘွယ်၊ဘောဇဉ်၊သစ်သီး၊တံခွန်၊ကုက္ကားစသည့်ဆပ်ကပ်ဖွယ်ရာအမျိုးမျိုးထည့်ကာ ထားဝယ်မြစ်‌ရေစီးအတိုင်းသမုဒ္ဒရာအထိ ရှေးရှုကာ မျှောကြခြင်းဖြစ်သည်။ ရာသီဥတုကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွား‌ရေးလုပ်ငန်း ကောင်းမွန်အဆင်ပြေစေရန် ၊ သဘာဝဘေးရန်နှင့် ကပ်သုံးပါး တို့မှ လွတ်မြောက်နိုင်ရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ‌ထားဝယ်ဒေသတွင် ရှေးယခင်ကတည်းက ခေတ်အဆက်ဆက် ကျင်းပလာခဲ့ခြင်းဖြစ်သည်။ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပ နေပေသည်။

ဆိုင်ကယ်စီး ဦးထုပ်ကိုခေါင်းတွင်စွပ်ချလိုက်ပြီး စီးနေကျ Click 150i နက်ပြာရောင်ကို အသာအယာ တွန်းလှည့်ကာ ဘုရားကြီးပရိဝုဏ်အတွင်းမှ ထွက်ခွာလာလိုက်သည်။လမ်းတစ်‌လျှောက်တွင် လူနေအိမ် များမှ လျှပ်စစ်မီးအလှဆင်ထားမှုများ မီးအိမ်ချိတ်ဆွဲထားမှုများ ဆီမီးထွန်းညှိထားမှု များ ကို ခံစားရင်း ဆိုင်ကယ်ကို မိုင်နှုန်းလျော့ကာ ဖြည်းဖြည်းလေးလေး မောင်းနှင်လာသည်။အချို့အိမ်များတွင် လျှပ်စစ်မီးကုံး‌ မြောက်များစွာကို အိမ်အပေါ်ထပ်ဝရန်တာမှ မြေညီထပ် အိမ်ရှေ့တံခါးတိုင်အောင် တွဲလျောင်းချထားသည်ကို တွေ့ရသည်။ အချို့က မီးအိမ်လှလှလေးများ ၊ အချို့က ဆီမီး၊‌ဖယောင်းတိုင် စသည်ဖြင့် တစ်မြို့လုံး၏ လမ်းတိုင်းရှိ အိမ်များ ထိန်ထိန်လင်းလျက်ရှိသည်။
လမ်းဘေးတစ်ဖက်တစ်ချက်စီတွင်လည်း မီးတိုင်များထွန်းညှိထားလေရာ မိမိကိုယ်ကို ညဘက်တွင်လေယာဉ်မောင်းနေသည်ဟု တွေးမိသေး၏။ လမ်းသည်ကား လမ်းသွားလမ်းလာများနှင့် ပြည့်ညှပ်‌ နေသောကြောင့် သတိကြီးကြီးထားကာ မောင်းနှင်လာရသည်။ ကောင်းကင်ကားချပ်ကြီးဆီတွင်လည်း စန္ဒာလမင်းကို အံတုကာ ပျံတက်နေသော မီးပုံပျံများကိုလည်း တစ်ချက်တစ်ချက်မော့ကြည့်ဖြစ်သည်။

" ဆီမီးဝါဝါ ၊ လသာသာတွင်
ထီးတည်းကြင်သူ ၊ စိတ်ရင်ပူသည်
တိုးတိတ်ကြေကွဲဖွယ်ပါတကား။ "


လျှပ်စစ်မီးအလှဖော်ထားသည်များကိုမြင်နေရပါပြီ။မြစ်ရေစီးကြောင်းတွင်မျောပါနေသော ဆီမီးဝါဝါများ၊ပွဲတော်သို့လာရောက်ဆင်နွှဲကြသူများ၊ဖျော်ဖြေရေးတွင်တိုးဝှေ့နေသူများ ရှိနေကြသည်။
အို... အဓိက အစီအစဉ်တွေ ပြီးသွားတာတောင် လူစည်တုန်းပဲကိုး ဪ အခုမှ သူတို့ အလှည့်ရောက်လို့ ဖြစ်မယ်။

"ဟေ့ ကိုဆက် တို့ ဒီဘက်မှာဟ"

တက္ကသိုလ်ကျောင်းတော်ကြီးမှ ဘော်ဒါများ လုပ်ငန်းခွင်အသီးသီး ဝင်ပြီး ယခု ပွဲတော်အားလပ်ရက်တွင်မှ ပြန်လည်စုမိကြခြင်းဖြစ်သည်။ တက္ကသိုလ်မြေသည်တော့ ဘယ်သို့ စခန်းသွားနေမည်မသိ သူတို့တွေကိုရော မှတ်တမ်းထဲတွင်တေးမှတ်ထားမိပါ့မလား။ ဆန်းကျော်စွာ၊အောင်လေးကိုကို နှင့် ဟိန်းထက် တို့ သုံးယောက် ဖြစ်သည်။ ကျန်သူများက ယိုးဒယား၊ဂျပန်၊မလေးရှားတို့တွင် ရောက်နေကြပေပြီ။

"ဘိသွားမျှောကဲ့စို့"(သပိတ်သွားမျှောကြရအောင်)...

ဦးစွာ ရင်ပြင်ရှိ အလှဆင်ထားသော လျှပ်စစ်မီးများကို တစ်ချက်ကြည့်လိုက်သည်။သပ်ရပ်လှပစွာပုံ‌ ဖော်ထားသည်မို့ နောက်တစ်ခါပတ်ကြည့်အုန်းမည်ဟု တေးထားလိုက်သည်။ယင်းနောက် ဝါးထရံများဖြင့် ဝင်္ကပါသဖွယ် ပြုလုပ်ထားသော နေရာသို့ သပိတ်သေးသေး ကိုယ်စီဖြင့်ရောက်လာကြသည်။
ထိုဝင်္ကပါပုံစံငယ်သည် လူများတိုးဝှေ့ထိခိုက်ကြမည့် အရေးကို ရှောင်လွှဲနိုင်ရန် စနစ်တကျ လုပ်ဆောင်ထားခြင်းဖြစ်သည်။အရှေ့ မှ လူများ တစ်ယောက်ပြီးတစ်ယောက် မျှောနေကြသည်ကို ကြည့်လိုက် မြစ်ရိုးတစ်လျှောက်မျှောပါသွားကြသော ဖ‌ယောင်းတိုင်မီး‌ရောင်ဖြင့် လင်း‌နေသည့် သပိတ်များကို ကြည့်လိုက်နှင့် စိတ်လှုပ်ရှားနေမိသည်။မြစ်ထဲတွင်စီတန်းမျှောပါနေသော သပိတ်တန်း ကြီးသည် ပိုးစုန်းကြူးလေးများ စီတန်းသွားလာနေသကဲ့သို့ ရှိ၏။ ကောင်းကင်ယံတွင် ကြယ်၊လနှင့်မီးပုံပျံတို့ အလင်းပြိုင်နေကြသည်။မြေပြင်တွင် လူနေအိမ်များအလှပြိုင်နေကြသည်။ထားဝယ်မြစ်ရိုးတစ်‌လျှောက် မြေသပိတ်များစီတန်းမျှောပါနေကြ‌သည်။ထားဝယ်မြို့သည်‌ ကောင်းကင်ယံနှင့် ပထဝီမြေကြီးပါမကျန် မြစ်ရေယဉ်တစ်ကြောတွင်ပါထိန်ထိန်လင်းလျက်‌ တောက်ပနေတော့သည်။ အလှည့်ကျသည်မို့ မြစ်ကမ်းရေစပ် အနီးသို့ လှေကားမှ ဖြည်းဖြည်းချင်းသတိကပ်၍ ဆင်းသည်။ ယင်းနောက် ဆောင့်ကြောင့်ထိုင်ကာ ဆုတောင်းရန်ဟန်ပြင်လိုက်သည်။ မျက်စိမှိတ်လိုက်လျှင်ပင် စိတ်ကူးတွင် ချိုးဖြူငှက်ငယ်သည်လည်းကောင်း၊ နေဝန်းနှစ်ခုသည်လည်းကောင်း၊ ပန်းသီးနီနီတစ်လုံးသည်လည်းကောင်း ၊ ကြိုးကွင်းတစ်ခုသည်လည်းကောင်း လျှပ်တစ်ပျက်အတွင်း တစ်ခုပြီးတစ်ခု အစဉ်တိုင်းပေါ်လာလေသည်။ ထိုသို့ပေါ်လာရင်း ဆုတောင်းမိသည်က "ဤကမ္ဘာကြီးအေးချမ်းပါစေ၊ မိဘနှစ်ပါးကျန်းမာပါစေ၊ ထိုအမျိုးသမီးလေး ပျော်ရွှင်ပါစေ ၊ တဏှာကိုဖြတ်ကာ နိဗ္ဗာန်ကို ရလွယ်ရောက်လွယ်ပါစေ" ဟူ၍ဖြစ်သည်။ ထိုအမျိုးသမီးငယ်ကို ချစ်သည့် အချစ်တွင် တဏှာမပါ။ ဖြူစင်သောမေတ္တာတရားကိုသာ‌ ပေးချင်ခဲ့သည်ကိုး။ အကယ်ဒမီ နေဝင်းပြောသလို ပြောရမည်ဆိုလျှင် "အဖြူထည်ကြီးကြီးသက်သက်သာ"ဖြစ်တော့သည်။ အခုများတော့ ဆုံနိုင်ရန်မရှိ‌တော့ပါပြီ‌လေ။

"ဟွေ့‌ကွန် ထဟော့ ငါ့လည်းမျှောခိုင်းအူး" (ဟေ့ကောင် ထတော့ ငါ့ကိုလည်းမျှောခွင့်ပေးအုန်း)

"ဟ အေးအေး ထပြီ"

ဆန်းကျော်စွာကတော့ လုပ်ပြီ။အရေးကောင်းဒိန်းဒေါင်ဖျက်သည်ဆိုရမည်လားမရေရာ။‌ စောနကလွမ်းနာကျချင်သလို ဖြစ်နေသည်ကတော့ အမှန်တကယ်ပင်။ သူငယ်ချင်းအားလုံး သပိတ်မျှောသည့် အစီအစဉ်ပြီးနောက် ရင်ပြင် နှင့်ပွဲဈေးလျှောက်ရန် တိုင်ပင်ကြ၏။ ထိုသို့လျှောက်နေရင်း ဟိန်းထက်က

"နော့လ ဇွန်မူးလ ဖျားလှည့် ဆိုမား ဟယ်မျိုးစီစဉ်ရှိဟယ်" (နောက်လ တန်ဆောင်မုန်းလ ဘုရားလှည့်ပွဲ ကျရင် ဘယ်လိုအစီအစဉ်ရှိလဲ)

ထားဝယ်ဒေသတွင် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ၌ နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်အပူဇော်ခံပွဲကြီးကိုလည်း ကြက်ပျံမကျ စည်ကားအောင် ကျင်းပကြလေသည်။ထိုအချိန်တွင်လည်း လောကမာရဇိန်ဘုရားကြီးသည် ပွဲတော်၏ စုဝေးရာ ဗဟိုဌာန ပင်ဖြစ်သည်။ နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်အပူဇော်ခံပွဲ သည် ညနေ ခြောက်နာရီ မှ မိုးလင်းပေါက်သည်ထိ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တိုင်းကို တစ်လမ်းဝင် တစ်လမ်းထွက် နှစ်ကျိပ်ရှစ်ဆူသော ဘုရားတို့ကို အပူဇော်ခံကြခြင်းဖြစ်သည်။
မြို့ပေါ် ရပ်ကွက်တစ်ခုစီသည် ဘုရားဆင်းတု‌တော်တစ်ဆူ စီ တာဝန်ယူ၍(ထားဝယ်မြို့ပေါ်တွင်၂၈ရပ်ကွက်မရှိပါချေ အကွက်များအလိုက်အချို့ရပ်ကွက်များက ဆင်းတုတော်နှစ်ဆူမှ သုံးဆူ အထိ) ကြည်ညိုဖွယ်ဖြစ်အောင် လျှပ်စစ်မီးများ၊ ရုပ်ပုံပန်းချီများ ဖြင့် အလှဆင်သပ္ပာယ်ရသည်။ အချို့ကလည်း ဇာတ်နိပါတ်တော်များကို မှီး၍ ရုပ်ထု သဏ္ဍာန်ပုံဖော်သည်လည်း ရှိသည်။ ယောက်ျားလေးများသည် အသက်အရွယ်ကြီးငယ်မရွေး ဘုရားရွှေထီးဆွဲ (ဘုရားဆင်းတု‌တော်တစ်ဆူချင်းစီ၏ လှည်းယာဉ်တိုင်း၏ထိပ်တွင် ရွှေထီးကို တင်မိုး ထားသည်။ ကြိုးဖြင့်ဆွဲလျှင် ထီးတော်ကို နောက်သို့ အတန်ငယ်လန်ကျ‌အောင်ချိတ်ဆက်စီစဥ်ထားသည်။ လမ်းကိုဖြတ်၍ သွယ်တန်းထားသောလျှပ်စစ်မီးကြိုးများရှိလျှင် ထီးတော်နှင့်လွတ်မလွတ် ချိန်ဆ၍ မလွတ်လျှင်ကြိုးကိုဆွဲကာထီးကို လန်ကျအောင်ပြုလုပ်ပြီး မီးကြိုးမှလွတ်‌စေသည်။ထိုကြိုးဆွဲသူကို ထီးတော်ဆွဲဟု သမုတ်ခြင်းဖြစ်သည်) အဖြစ်လည်းကောင်း၊ ဘုရားဆင်းတုတော် စံတော်မူရာ လှည်းယာဉ်ကို တွန်းသူ အဖြစ်လည်းကောင်း (လှည်းယာဉ်သည် ကားတစ်စီးစာမျှ‌လေး၍ လူအင်အားနှင့်တွန်းမှတတ်နိုင်သည်)၊ အလှူခံဖလားခွက် ကိုင်ဆောင်သူအဖြစ်လည်းကောင်း ၊ ရပ်ကွက်အသီးသီးရှိ အလှူရှင်များမှ ကျွေးမွေးဧည့်ခံသော မုန့်ပဲသရေစာများကို စားရန် အလို့ငှာ လည်းကောင်း (ညလုံးပေါက်မလျော့သောဇွဲဖြင့် ဘုရားအပူဇော်ခံပွဲကို လိုက်ပါကူညီပါရမီဖြည့်ပေးကြသော ယောက်ျားဘသားလူငယ်များကိုလေးစားသောအားဖြင့် ဗိုက်ဆာနေမည်စိုး၍ အားရှိစေရန်ရည်ရွယ်ကာ ကျွေးမွေးလှူဒါန်းကြခြင်းဖြစ်သည်) အဝတ်ဖြူစင်ကြယ်ဖြင့် တစ်မြို့လုံးခြေကျင်လမ်းလျှောက်၍ လိုက်ကြသည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသည်မှာ ထိုလူငယ်များပင်‌ ဖြစ်တော့သည်ကား ငြင်းဆိုဖွယ်ရာမရှိပါ။အလှူရှင်များကလည်း ထိုဝတ်ဖြူစင်ကြယ်နှင့် သူများကို သာမက တွေ့သမျှ လူ အကုန်ကျွေးမွေးကြသည့်အတွက် တစ်ခါတစ်ရံ မလောက်မငှ ဖြစ်ကြရသည်လည်းရှိ၏။ အလှူရှင်များ ၊ စားကြသောက်ကြသူများ ၊နိ‌ဗ္ဗာန်‌ဆော်ဝတ်ဖြူစင်ကြယ်လူငယ်များ ကျွေးမွေးဧည့်ခံသူများနှင့် စည်ကားသိုက်မြိုက်‌ ပျော်ရွှင်နေကြသည်မှာ လွန်စွာမှအားရဖွယ်ကောင်းလှသည်။အလှူရှင်ကလည်း အားရပါးရလှူသည် ကျွေးသည်။ စားသူများကလည်း အားရပါးရကြိတ်သည်။ ထိုသို့ စီတန်းလှည့်လည် အပူဇော်ခံကြသည်ကိုရပ်ကွက်နေပြည်သူများ ၊ လိုက်ပါရန်မတတ်နိုင်ကြသောမိန်းကလေးများ(ခွင့်မပြုထားပေ) သည် မိမိတို့၏ အိမ်ရှေ့သို့ရောက်လျှင် ရှိခိုးပူဇော်ကြလေသည်။ တစ်မြို့လုံးလှည့်လည် အပူဇော်ခံပြီးသော် ဘုရားကြီးပရဝိုဏ် အတွင်းရှိ ဆင်းတုတော်များ သီတင်းသုံးရန်စီမံထားသော အမိုးအကာအောက်တွင် စီတန်း၍ သုံးရက်ခန့် အပူဇော်ခံကာ ဘုရားပွဲတော်ကျင်းပ သေးသည်။ထိုဘုရားပွဲတော်ကိုလည်း နိုင်ငံကျော်အငြိမ့်ပွဲများအား ကပြ‌ဖျော်ဖြေစေခြင်းဖြင့် ပြည့်စုံအောင် အထူး
စပါယ်ရှယ် ကျင်းပလေ့ရှိသည်။ လာရောက်သူများကလည်း သုံးရက်လုံးစည်ကားလှသည်။


" အဲ့ချိန်ကျတော့မှ စဉ်းစားကြတာပေါ့ကွာ ရတဲ့ အချိန်လေး မှာ ပျော်ပျော်ပဲနေရအောင် ရှေ့ရေးကို ခဏ မေ့ထားကြစို့ "


"မှန်ပက် နန့်ဇာလည်း ပျော်ကိုပျော်ရသေးဟ ဝီးကီးလံကီးတွီးဟို့ခဲပက်"(မှန်တာပဲ မင်းကလည်း ပျော်တောင်မပျော်ရသေးဘူး ဝေးဝေးလံလံ တွေးမယ်ဆိုတာကြီးပဲ)


ထိုညက ရင်ပြင်တစ်လျှောက် သူငယ်ချင်းများနှင့်လမ်းလျှောက်ကာ ပျံတက်‌နေသောမီးပုံးများ၊ မျှောပါနေသောသပိတ်များ ၊ သပိတ်လာမျှောကြသူများ စသည့်ရှုမငြီးဖွယ် မြင်ကွင်းအပေါင်းကို မငြီးငွေ့စတမ်းကြည့်ရှုကြသည်။လျှပ်စစ်မီးများကို ဆန်းသစ်စွာပုံဖော်ထားသည်မှာလည်း ချီးမွန်းဖွယ်အတိဖြစ်သည်။ သို့နှင့် စကားစပ်မိသော် အချစ်ရေးအကြောင်းရောက်လာသည်။..


"မင်းသူ့ကို ‌မမေ့သေးဘူးလား ကိုဆက်"


"အင်း ဆိုပါတော့"

...........

...........


"စာရေးဆရာလုပ်မယ်ဆိုတာကကော အခြေအနေဘယ်လိုရှိလဲ"

"လူမဖတ်တဲ့ ကဗျာတွေရေးနေတုန်းပါပဲကွာ ဖြစ်ဖြစ်မြောက်မြောက်မရှိလှပါဘူး"

"ဟူးးး" သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ညည်းညူသွားကြပုံပေါ်သည်။ကရုဏာတရား ကို သူတို့ဆီမှ ခံစားလိုက်မိ၍...

"ဟာ မင်းတို့ကလည်း ပျော်ပျော်နေစမ်းပါ ဘာဖြစ်တာမှတ်လို့ လာ ပွဲဈေးလျှောက်မယ် မင်းတို့ ဘယ်လောက်ပါတုန်း ငါ့မှာ သုံးထောင်ပါတယ်"


"ငါ ငါးထောင် ယူခဲ့တယ်"

"ငါ့မှာ နှစ်ထောင် ရမယ်"

"ငါ့မှာ နှစ်ထောင့်ငါးရာဟေ့"

"အိုခေပြီ သွားကြစို့ရဲ့"

ထိုအမျိုးသမီးနှင့်ဝေးကွာခဲ့ရသောနေ့မှ စ၍ အားလပ်ရက်များတွင်သူငယ်ချင်းများနှင့်ပျော်ရွှင်စရာများဖန်တီးလျက်တစ်ဖုံ ၊ အလုပ်များကိုမနားမနေ လုပ်ခြင်းဖြင့်တစ်နည်း ချစ်လှစွာသော အမျိုးသမီးငယ်လေးကို အမှုမဲ့ အမှတ်မဲ့ မေ့ဖျောက်ထား‌ခဲ့သည်မှာကြာပြီဖြစ်သည်။သို့ပါသော်လည်း ဘုရားရှိခိုးသည့်အချိန်တွင်လည်းကောင်း ကျောက်စာမှတ်တမ်းလေ့လာသည့်အခါ၌လည်းကောင်း စာအုပ်ဖတ်သည့်အခါများတွင်လည်းကောင်း အကျင့်စာရိတ္တကောင်းမွန်သည်ကို ဖော်ပြသော နာမဝိသေသနစကားလုံးကိုတွေ့မိဖတ်မိသည့်အခါတိုင်းတွင် ထိုအမျိုးသမီးငယ်ကို သတိရမိသည်သာဖြစ်၏။သတိရမိတိုင်းလည်း ထိုအမျိုးသမီးလေးအား ရည်ရွယ်ကာ စာရေးမိသည်သာ ဖြစ်၏။ သူ၏ရုပ်သွင်ကို မှန်းဆကာ ပန်းချီ ရေးခြစ်မိသည်လည်းရှိ၏။ ထိုအမျိုးသမီးငယ်သည် ကျွန်ုပ်ကြောင့်နှင့် မည်သူ့ဆီကမျှ ပြစ်တင်ဝေဖန်ခြင်းမခံရစေချင်ပါ။ ဝေဖန်လောက်စရာဟူ၍လည်း ကျွန်တော့် အပေါ်မည်သို့မျှ ပြုမူခဲ့ခြင်းမရှိပါချေ။ ကျွန်တော်သည်သာ လျှင် ချစ်မိခဲ့သူဖြစ်ပြီး အကျွန်ုပ် ၌သာလျှင် အပြစ်ရှိခဲ့ပြီဖြစ်သည်။ နောင်သီတင်းကျွတ်၊တန်ဆောင်မုန်းပွဲတော်များ ရောက်လာလျှင်လည်း.....


"ဪ ...အပြစ်ကင်းလေသူရယ် ..
ချစ်ခွင်းကို ရှောင်ဖယ်လို့ပြေးတယ်
မီးစာကုန် ဆီပင်ခန်းတော့မယ်
သမီးကညာကို ရည်ကာလွမ်းလို့
နမ်းပါ့မယ် ....."


၃၀.၁၀.၂၀၂၄။ _နွယ်နွယ်ဝင်း(ထားဝယ်)

သပိတ်မျှောပွဲတော် ပါဝင်ဆင်နွှဲ‌နေကြပုံ (photo crd)

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ