Author's Profile Photo

ဇွဲ

27/10/2024

'' စာရေးဆရာ "

2 mins read
Personal Development
General Knowledge
18 Again
'' စာရေးဆရာ "'s photo

စာရေးခြင်းဆိုတာ ဧကစာအဆန်ဆုံး(အခြွေအရံမဲ့ တစ်ကိုယ်တည်းနေထိုင်ခြင်း) အလုပ်တစ်ခုပါပဲ။စာရေးဆရာတွေဟာ လက်မှာဖောင်တိန်ကိုဆွဲကိုင်ကာ သူတို့ရဲ့ စိတ်ဝိဉာဥ်ကတစ်ဆင့် မမြင်နိုင်တဲ့ပင်လယ်ပြင်ကြီးကိုကြည့်တယ်။ဒီအချိန်မှာ သူ့မြင်ကွင်းထဲကို ကျွန်းစုအနည်းငယ်တိုးဝင်လာတယ်။စိတ်ကူးအိုင်ဒီယာ၊အကြံဉာဏ်တွေပေါ့၊ကွန့်မြူးဖို့အားသန်နေကြပြီလေ။ဒီတော့ စာရေးဆရာဟာ စကားလုံးဆိုတဲ့ လှေငယ်ပေါ်တက်စီးပြီး အနီးစပ်ဆုံးကျွန်းစုဆီကို အားကုန်လှော်ခတ်တော့တယ်။သူဟာ လမ်းခရီးတစ်လျှောက် အားကောင်းတဲ့ ရေစီးကြောင်းတွေ၊တိုက်ခတ်လာတဲ့ လေပြင်းမုန်တိုင်းတွေကို ရင်ဆိုင်ကျော်ဖြတ်ရတယ်။ဒါပေမယ့် သူဟာ ခြေကုန်လက်ပန်းကျတဲ့အထိ လှော်ခတ်နေဆဲပဲ။သူဟာ ဘယ်တော့မှနောက်ပြန်လှည့်မှာမဟုတ်သလို၊သမုဒ္ဒရာအလယ်မှာ ပျောက်ဆုံးသွားမယ့်အဖြစ်မျိုးကိုလည်း လက်ခံမယ့်လူသားမဟုတ်ဘူး။သူဟာ နည်းနည်းတော့ ခေါင်းမာတဲ့လူတန်းစားတစ်ရပ်ထဲပါတာပေါ့။သူ့ဦးတည်ရာ ကျွန်းစုဟာ မိုးကုတ်စက်ဝိုင်းအတွင်းမှာ ရှိနေသရွေ့ ထိုကျွန်းစုဆီအရောက် ချီတက်နေဦးမှာပဲ။

တစ်နေ့....ထိုကျွန်းစုအပေါ်ကို သူရောက်သွားပြီဆိုတာနဲ့ ကျွန်းစုမှာ ကျောက်ချပြီး.....သူဟာ မျိုးဆက်သစ်တို့အတွက် စားသုံးရန်အသီးအရွက်၊အသုံးချစရာ သယံဇာတ၊ခံစားငေးမောရန် ပန်းမျိုးစုံစိုက်ခင်း၊စိတ်အပန်းဖြေစရာ ရှူမျှော်ခင်း.....စသဖြင့် မျိုးဆက်သစ်တို့ဘဝ အဆင်ပြေချောမွေ့စေရေး အားသွန်ခွန်စိုက်ကြိုးပမ်းပေလိမ့်မယ်။သူဟာ ကျွန်းပေါ်မှာနေတဲ့ ကာလတစ်လျှောက် တောကောင်အန္တရာယ်၊သဘာဝဘေးအန္တရာယ်တွေကိုလည်း ထပ်မံကြုံတွေ့ဖြေရှင်းရလိမ့်မယ်။ဒါပေမယ့် ဘယ်တော့မှ သူ လက်မြှောက်အရှုံးပေးမှာမဟုတ်ဘူး။သူအသက်ရှင်နေတဲ့ကာလတစ်လျှောက်လုံး မျိုးဆက်သစ်တိုးတက်ရစ်ဖို့ အမွေအနှစ်ကောင်းတွေ ချန်ထားနိုင်ရေးကြိုးပမ်းနေလိမ့်မယ်။

အထက်ပါ စကားစုဟာ စာရေးဆရာတစ်ယောက်ရဲ့ဘဝကို စကားလုံးအလှဆင်ကာ ဂုဏ်ပြုရည်ညွှန်းထားခြင်းဖြစ်ပါတယ်။ဆိုလိုရင်းမှာ........

စာရေးဆရာတစ်ယောက်ဟာ ဖောင်တိန်တစ်ချောင်းကိုင်စွဲပြီး သူ့ခေါင်းထဲမှာ ပေါ်လာသမျှ အိုင်ဒီယာတွေကို စကားလုံးတွေအသုံးပြုကာ ဝါကျတွေ၊စာပိုဒ်တွေ၊အခန်းခွဲတွေ ဖန်တီးရေးစပ်သီကုံးကြပါတယ်။သူတို့ရဲ့ ဦးတည်ရာမှာ စာဖတ်ပရိသတ်တွေ လက်ခံယုံကြည်လာမယ့် ကလောင်နာမည်တစ်ခုပါ။ကျွန်တော် '' ယုံကြည် '' ဆိုတဲ့စကားလုံးကို အသုံးပြုထားပါတယ်။ဟုတ်ပါတယ်....စာဖတ်ပရိသတ်တွေဟာ ဒီစာရေးဆရာရေးသားထုတ်ဝေတဲ့စာပေတွေဟာ သူတို့ဘဝအတွက်အကျိုးပြုတယ်၊တန်ဖိုးရှိတယ်လို့ ယုံကြည်မှ အားပေးကြမှာပါ။ဒီလို....စာရေးဆရာတစ်ယောက်အဖြစ် လူအများလက်ခံလာဖို့ ဖြတ်သန်းကြိုးစားရာမှာ ဝေဖန်တိုက်ခိုက်ခြင်း၊မနာလိုမုန်းထားခြင်း၊အထင်သေးခံရခြင်း၊ငြင်းပယ်ခံရခြင်း စသဖြင့် အခက်အခဲမျိုးစုံကြုံတွေ့ရနိုင်ပါတယ်။စာပေတာဝန်ကို ထမ်းဆောင်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့သူတစ်ယောက်အတွက် ဒါတွေဟာ အသေးအဖွဲကိစ္စလေးတွေပါ။စာရေးဆရာဟာ သူ့ကလောင် တောက်ပရေးကြိုးစားနေဦးမှာပါပဲ။သူနေထိုင်ရာ ကမ္ဘာမြေလောကကြီးမှာ နေထိုင်ကြတဲ့လူသားတွေ စာပေဖတ်ရှုနေသမျှကာလပတ်လုံး စာတွေရေးနေဦးမှာပါပဲ။သူ့ရဲ့ ကလောင်တစ်ခု ပရိသတ်တွေလက်ခံလာတဲ့အချိန်ရောက်ရင် မျိုးဆက်သစ်အတွက် သူချန်ထားရစ်ခဲ့ချင်တဲ့ ငွေရှာခြင်းအတတ်ပညာ၊တွေးတောချင့်ချိန်နိုင်ရေးအတွက် သုတစာပေ၊နှလုံးသားအလှဆင်နိုင်ရေးအတွက် ရသစာပေ၊ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန် စိတ်ပညာစာပေ၊စိတ်နှလုံးရွှင်လန်းစေရန် ဟာသစာပေ....စသဖြင့် စာပေအမွေအနှစ်ပေါင်းများစွာအတွက် သူ့အသက်မသေဆုံးခင် နောက်ဆုံးကာလအထိ ကြိုးပမ်းဆောင်ရွက်နေဦးမှာပါပဲ။ဒီအချိန်ကာလမှာလည်း သူဟာ အောင်မြင်မှုနဲ့ကျရှုံးမှု ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ရပါလိမ့်မယ်။ဒီလို အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှသာ သူ့ဆန္ဒအတိုင်း မျိုးဆက်သစ်တိုးတက်ရစ်ဖို့ စာပေအမွေအနှစ်တွေကို ချန်ထားရစ်ခဲ့နိုင်မှာဖြစ်ပါတယ်။ဒီစာပေအမွေအနှစ်တွေကိုလည်း မျိုးဆက်သစ်အပေါင်း မြတ်နိုးတန်ဖိုးထားကာ ဆက်လက် လက်ဆင့်ကမ်းသွားဖို့ လိုအပ်ပါလိမ့်မယ်။

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် - ( ၁၇ )
27/10/2024 (Sunday)




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း