Author's Profile Photo

Aria - အာရီယာ

26/10/2024

လူငယ်နှင့်အသဲကွဲရောဂါ (RSရှိသူတိုင်းဖတ်သင့်သော ဆောင်းပါး)

6 mins read
Personal Development
General Knowledge
လူငယ်နှင့်အသဲကွဲရောဂါ (RSရှိသူတိုင်းဖတ်သင့်သော ဆောင်းပါး)'s photo




အချစ်ဆိုတဲ့အရာနဲ့ လူတိုင်းမကင်းကြပါဘူး။ အထူးသဖြင့် လူငယ်တွေမှာပေါ့။ တွေ့ရှိချက်တွေအရ ကမ္ဘာပေါ်ကအရွယ်ရောက်ပြီးသား လူငယ်၉၀ရာခိုင်နှုန်းလောက်က မိမိတို့ချစ်ရသူတစ်ဦးကြောင့် အသဲကွဲဝေဒနာကို ဘဝမှာအနည်းဆုံးတစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။ ရည်းစားကဖောက်ပြန်လို့၊ ကောင်မလေးက ထားသွားလို့၊ အဝေးက LDRS ချစ်သူက ရုတ်တရက် ကိုယ့်ကို ghost သွားလို့ စသဖြင့် အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ချိန်ချိန်ကျထားသွားမယ့် သူစိမ်းတွေကိုသာ သိပ်ချစ်ပါတယ်။ သိပ်မြတ်နိုးပါတယ် ပြောနေကြတာ ကိုယ့်ကိုကိုယ်ချစ်ပေးဖို့တော့ ကျွန်မတို့ လူငယ်တွေ တော်တော်များများ မေ့‌နေတတ်ကြပါတယ်။

ဒါကြောင့် ဒီနေ့ရဲ့ဆောင်းပါးလေးမှာ ခုခေတ်လူငယ်တွေ ခံစားနေရတဲ့ အသဲကွဲရောဂါအကြောင်းနှင့် ကိုယ့်ချစ်သူကကိုယ့်ကို အသဲခွဲတာမခံရခင်ကြိုတင်ပြင်ဆင်ထားသင့်တာအချို့ကို လူငယ်တွေ ကိုယ့်ကိုကိုယ်ပိုချစ်တတ်လာစေဖို့ရည်ရွယ်ပြီး ရေးသားမျှဝေပေးလိုက်ရပါတယ်။

ပထမဆုံးအနေနဲ့ cover ပုံလေးထဲက မိန်းမငယ်နှစ်ဦးနဲ့ ဉပမာပေးပါရစေ။ တစ်ယောက်ကတော့ ပန်းလေးတစ်ပွင့်နဲ့တင်နဲ့ ပျော်နေပြီး နောက်တစ်ယောက်ကတော့ ပန်းခင်းကြီးရှေ့မှာ ထိုင်နေရတာတောင် ပူဆွေးနေရတာကို မြင်နိုင်မှာပါ။ မိန်းကလေးနှစ်ယောက်ကို ရွယ်တူအသက်တူလို့ မှတ်ကြည့်ပါ။ နောက်ပြီး အပေါ်ကမိန်းကလေးကို single လို့ သတ်မှတ်ပြီး ဒုတိယမိန်းကလေးကို relationship တစ်ခုရှိသူလို့သတ်မှတ်ကြည့်ရအောင်လား။

ဒါဆိုရင် ဒုတိယမိန်းကလေး အကြောင်းကနေ စလိုက်ကြရအောင်။ မိန်းမငယ်လေးက toxic relationship တစ်ခုကြောင့်ရတဲ့ အသဲကွဲဝေဒနာကို ခံစားနေရသူပါ။ သူမနဲ့၂နှစ်ကျော်တွဲခဲ့တဲ့ ကောင်လေးက ဖောက်ပြန်ပြီး သူမကိုထားသွားခဲ့တာ‌ပါ။ အမြဲအနားမှာ အတူရှိပေးခဲ့ပြီး သိပ်ချစ်ခဲ့ရတဲ့ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတာကြောင့် သူမမှာရင်တွေကွဲပြီး အသဲကွဲခြင်းဝေဒနာကို စတင်ခံစားရပါတော့တယ်။ တနေကုန်အိပ်ယာထဲမှာဘဲငိုကြွေးနေကာ အစားလည်းကောင်းကောင်းမစားနိုင်သလို ဘာဆိုဘာမှမလုပ်နိုင်ဘဲ ကျောင်းတွေသင်တန်းတွေပျက်၊ မိဘတွေကိုအရွဲ့တိုက်၊ နေ့နေ့ညညအခန်းထဲမှာဘဲ အောင်းရင်း conversation အဟောင်းတွေ ပြန်ဖတ်လိုက်၊ ငိုကြွေးလိုက်၊ အမှတ်တရအဟောင်းတွေ ပြန်တွေးလိုက် ငိုကြွေးလိုက်လုပ်ရင်းဘဲ တစ်နှစ်ကျော်လောက် အချိန်တွေ အလဟာသကုန်နေခဲ့ပါတယ်။

ပထမမိန်းကလေးကတော့ နိုင်ငံခြားကို ပညာတော်သင်သွားဖို့ဆိုတဲ့ သူမရဲ့ရည်မှန်းချက်အိပ်မက်အတွက် ကြိုးစားရင်း အမြဲတက်ကြွပျော်ရွှင်နေသူတစ်ဦး‌ပေါ့။ သူမရဲ့ချစ်သူကောင်လေးနဲ့ အမြင်မတူချင်းရှိလို့ လမ်းခွဲခဲ့ရပေမယ့် သူမကိုယ်သူမ အတိတ်ကထက် ပိုကောင်းတဲ့သူတစ်‌ယောက်ဖြစ်အောင် ကြိုးစားရင်းနေထိုင်ခဲ့ပါတယ်။ သူမပတ်ဝန်းကျင်ကို သူမကိုချစ်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့သာ ဝန်းရံထားပြီး သူမရဲ့အချိန်တွေကို သူမသဘောကျတဲ့အရာတွေလုပ်ရင်း၊ သူမကိုချစ်ပေးကြတဲ့ လူတွေနဲ့ကုန်ဆုံးရင်း ဘဝကို အရသာရှိရှိရှင်သန်နေသူပေါ့။

ထိုမိန်းကလေးနှစ်ယောက်ကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ကွာခြားမှုအကြီးကြီးကို ‌မြင်နိုင်မှာပါ။ ပထမမိန်းကလေးက အိပ်မက်တွေအတွက် ကြိုးစားပြီး ပျော်ရွှင်နေချိန် ဒုတိယမိန်းကလေးမှာတော့ မစားနိုင်မသောက်နိုင် ဝမ်းနည်းပူဆွေး ငိုကြွေးရင်းသာ အချိန်တွေကုန်နေခဲ့တယ်။ ပထမမိန်းကလေးက သူသဘောကျတဲ့အရာတွေ၊ သူ့ဘဝကို တိုးတက်‌စေမယ့်အရာတွေနဲ့ ဘဝကိုကုန်ဆုံးနေချိန် ဒုတိယမိန်းကလေးမှာတော့ သူချစ်ရတဲ့သူကြောင့် သူမရဲ့ စိတ်ရော‌ကိုယ်ပါ အဆုံးရှုံးခံရင်းဘဲ ကုန်ဆုံးနေတယ်။ ဒီမိန်းကလေးနှစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင် ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတန်ဖိုးထားမှု မြင့်မားသူက ဘယ်သူလဲဆိုတာ သိနိုင်မယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ relationship ရှိသူတွေတိုင်း ပူဆွေးနေရတယ်လို့ အထင်မြင်မလွဲစေတာမို့ အပေါ်မှာတည်းက (toxic relationship) လို့ သုံးနှုန်းထားပြီးသားပါနော်။

လူငယ်တွေတော်တော်များများက သူတို့ကိုယ်သူတို့ အချစ်ကို ကိုးကွယ်တယ်လို့‌ ပြောကြတယ်။ အဲ့ဒီအချစ်ဆိုတဲ့အရာနဲ့ ထိတွေ့ပြီးနောက် အဓိကနဲ့သာမည မသဲကွဲတော့ဘဲ အဲ့အရာထဲမှာဘဲ ယစ်မူးလာကြပါတယ်။
အချစ်ကြောင့် ဘဝပျက်သွားသူ..
အတိတ်မှာဘဲပိတ်မိပြီး ရှေ့ဆက်မရတဲ့သူ..
ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့သူ..
အိပ်ယာထဲပဲခွေလှဲပြီး ဝေဒနာခံစားနေရတဲ့သူ..
အရက်သမားဖြစ်သွားတဲ့ သူ..
ဆေးလိပ်စွဲသွားသူ.. စသဖြင့် ဘဝပြောင်းသွားရတဲ့လူတွေမှ တစ်ပုံလိုက်ကြီးပါ။ ဘာလို့ဖြစ်ခဲ့ရတာလဲဆိုရင်တော့ သူတစ်ပါးကိုတော့ ချစ်လှပါချည်ရဲ့ဆိုပြီး သူတို့ကိုယ်တိုင်ကိုတော့ ချစ်ပေးဖို့ မေ့လျော့နေခဲ့ကြလို့ပါဘဲ။

ဘာလို့မေ့လျော့နေခဲ့ကြတာလဲ???

relationship တစ်ခုရှိလာတဲ့အခါ လူငယ်တွေတော်တော်များများက အဲ့အရာပေါ်မှာဘဲ သူတို့ရဲ့အချိန်တွေကို ပုံအပ်ထားတာများပါတယ်။
ဉပမာ -

• ပိတ်ရက်မှာ မနက်မိုးလင်းကနေ ညထိ ‌တနေကုန်စကားပြောတာ။

• ကောင်မလေးက ဂိမ်းဆော့တာကို မကြိုက်လို့ ကိုယ့်ရဲ့တ‌နေ့တာစိတ်ဖြေရာ ဂိမ်းကိုဖျက်လိုက်တာ။

• အမြဲသူငယ်ချင်းတွေနဲ့ အပြင်မှာလျှောက်လည်တတ်တဲ့ ကောင်မလေးက ရည်းစားလည်းရသွားကော သူ့ကောင်လေးမကြိုက်လို့ဆိုပြီး သူငယ်‌ချင်း‌တွေနဲ့အဆက်အသွယ် သိပ်မလုပ်တော့တာ။


ဒါလေးတွေက အပြင်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်ဉပမာတွေပါ။ ကျွန်မတို့တွေက ကျွန်မတို့ချစ်ပါတယ်ဆိုတဲ့သူရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ်သဘောကျတဲ့အရာတွေ၊ ကိုယ့်ကိုပျော်စေတဲ့ အခြားအရာတွေကို စွန့်လွှတ်ခံကြရတာကို သတိမထားမိကြပါဘူး။ သိပ်ချစ်လို့ စွန့်လွှတ်တာဘာညာနဲ့ အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးအနေနဲ့ ချစ်ရတဲ့သူမရှိတော့တဲ့ အချိန်ကြမှ ကိုယ့်မှာဘာဆိုဘာမှမရှိတော့ပါဘူးဆိုပြီး အသဲကွဲ‌ဝေဒနာကို အလူးလူးအလဲလဲ ခံစားရပါတော့တယ်။ သူကအသစ်တစ်ယောက်နဲ့ပျော်ပါးနေချိန် ကိုယ်ကတော့ အိပ်ရာထဲမှာ မစားနိုင်မသောက်နိုင်ဘဲ စိတ်သေလူ‌သေဖြစ်နေရတာ ဘယ်လောက်တောင် ရှုံးလိုက်ပါသလဲ။ ရည်းစားက ဖောက်ပြန်သွားလို့ဆိုပြီး အမြဲငိုကြွေး၊ သင်တန်းတွေ၊ အတန်းတွေပျက်၊ အိမ်နဲ့အဆင်မပြေတွေဖြစ်နေချိန် အခြားသော ကိုယ်နဲ့အသက်တူရွယ်တူအချို့က သူတို့အိပ်မက်အတွက် ကြိုးစားရင်း ပျော်ရွှင်နေကြတယ်ဆိုတာကော တွေးမိကြပါရဲ့လား။

လူတွေဘဲ။ ဘယ်သူမှကိုယ့်အနားမှာ အချိန်အကြာကြီး ရှိနေမပေးနိုင်ပါဘူး။ လွှတ်ချသင့်တာကို လွှတ်ချပြီး ကောင်းတဲ့ အမှတ်တရလေးတွေနဲ့ဘဲ ဘဝကိုရှေ့ဆက်ရမှာပေါ့။

အဲ့တော့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်လဲ???
ကျွန်မရဲ့အဖြေကတော့ ကိုယ့်ကိုကိုယ်ပိုချစ်ပါလို့ဘဲ ပြောပါရစေရှင့်။

• မင်းရဲ့ချစ်သူထက် မင်းကိုယ်မင်းပိုချစ်ပါ။

• မင်းချစ်သူကြောင့် မင်းကိုပျော်စေမယ့် အရာတွေနဲ့ဝေးမကွာစေပါနဲ့။

• မင်းရဲ့ချစ်သူအတွက် မင်းနဲ့ကိုယ်ပိုင်အချိန်တွေကို အဆုံးရှုံးမခံပါနဲ့။

• မင်းရဲ့ချစ်သူအတွက် မင်းရဲ့ဝါသနာတွေကို မစွန့်လွှတ်လိုက်ပါနဲ့။

• မင်းဘဝရဲ့အရာအားလုံးကို ချစ်သူရည်းစားအပေါ် ပုံအပ်မထားပါနဲ့။


အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း နေထိုင်သူတွေကတော့ အချစ်မရှိလည်း Life is still going on ဆိုပြီးခံယူထားသူတွေများပါတယ်။ အဲ့လိုလူတွေကို တစ်ကိုယ်ကောင်းဆန်တယ်လို့ မြင်ကြပြောကြပေမယ့် တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ ကိုယ့်ကိုကိုယ် ချစ်ခြင်း ဆိုတဲ့ နှစ်ခုကမတူညီဘူးဆိုတာကို နားလည်စေလိုပါတယ်။
ဉပမာပြောရမယ်ဆိုရင် - ရုပ်ရှင်ကားတစ်ကားကို ကောင်လေးနဲ့အတူ ကြည့်ဖို့ချိန်းထားပေမယ့် ကိုယ်ကမအားလို့ဆိုပြီး ချိန်းထားတာကိုဖျက်လိုက်တယ်။ နောက်နေ့သူ့ကို မေးကြည့်တော့ အဲ့နေ့ကသူတစ်ယောက်တည်း သွားကြည့်ပြီးပြီလို့‌ ပြောတယ်။ ဒါက သူ့ကိုယ်သူပိုချစ်လို့ပါ။ (ကိုယ့်ရည်းစားမအားလည်း ဘာဖြစ်လဲ ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင် ကိုယ့်ဟာကိုယ်သွားကြည့်လို့ရတာဘဲလေ) အကယ်၍ကောင်လေးနေရာမှာ အခြားတစ်ကိုယ်ကောင်းဆန်တဲ့ သူတစ်ယောက်သာဆိုရင်တော့ "ချိန်းထားတာကို ဘာလို့မလာတာလဲ" သူ့ထက်ပိုအရေးကြီးတဲ့အရာ ရှိသေးလို့လားဘာညာနဲ့ အရစ်ခံရမှာအသေချာပါ။ ဒါကတော့ သူ့ကိုယ်သူပိုချစ်တာမဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်တာဖြစ်နေပါပြီ။ တစ်ဖက်သားရဲ့ ပြဿနာတွေ၊ အကြောင်းအရင်းတွေကို ထည့်မစဉ်းစားဘဲ သူ့တဖက်တည်းကိုတွေးပြီး ပြဿနာရှာတာမျိုးပေါ့။

ရည်းစားကထားသွားလို့ အသဲကွဲကြတယ်။ ဘာမှမစားနိုင် မသောက်နိုင်ဘဲ အိပ်ရာထဲလဲပြီး သေလုမြောပါးဖြစ်ကြတယ်။ ကိုယ့်လက်ကိုယ် ဓားနဲ့လှီးကြတယ်။ ခုန်ချပြီးသတ်သေကြတယ်။ အဲ့လိုလူတွေက ခံစားချက်တွေကို ရှေ့တန်းတင်ပြီးသာ လုပ်ချင်ရာလုပ်သွားကြတာ။ ဖြစ်သင့်ဖြစ်ထိုက်ရဲ့လား ဆိုတာတော့ မစဉ်းစားဘဲ ရခဲတဲ့လူ့ဘဝကိုလွယ်လွယ်နဲ့ အရှုံးပေးသွားကြတဲ့ အရှုံးသမားတွေပါ။ "သူကတော့ အသစ်တစ်ယောက်နဲ့ ပျော်နေပြီ၊ ငါက ဘာလို့အရူးတစ်ယောက်လို ငိုနေရတာလဲ။ သူကတော့ လက်ထပ်ပြီးလို့ နိုင်ငံခြားမှာ အခြေချနေပြီ၊ ငါကဘာလို့ အတန်းတွေပျက်၊ သင်တန်းတွေပျက်ပြီး မိဘနဲ့အဆင်မပြေဖြစ်အောင် နေနေမိတာလဲ။ သူကြောင့် ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်အောင် ဘာလို့လုပ်နေဖို့လိုတာလဲ။ အဲ့အတွက်ကော တန်ရဲ့လား" ဆိုတဲ့မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးဖို့ ဘယ်သူမှ မတွေးမိကြပါဘူး။ ဘာလို့လဲဆိုရင် အပေါ်မှာပြောခဲ့သလိုဘဲ။ အချစ်ဆိုတဲ့အရာမှာ ကိုယ့်ဘဝတစ်ခုလုံးကို နစ်မွန်းမြှုပ်နှံထားရင်း ကိုယ့်ကိုကိုယ်ဂရုစိုက်ပေးဖို့၊ ချစ်မြတ်နိုးပေးဖို့ကိုတော့ မေ့လျော့နေခဲ့ကြလို့ပါဘဲ။

အသဲကွဲတဲ့အခါ ..

ကိုယ်သိပ်ချစ်ရတဲ့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာမို့ ဖြစ်ဖြစ်ချင်းမှာတော့ ရင်ထဲမှာလစ်ဟာပြီး ဘာဆိုဘာမှမရှိတော့သလို၊ သူမရှိတဲ့ ဘဝကို ဘယ်လိုရှေ့ဆက်ရတော့မှာလဲ ဆိုတဲ့ ခံစားချက်တွေ၊ အတွေးတွေရဲ့ လွှမ်းမိုးခြင်းကိုခံရမှာတော့ အသေချာပါ။ အဲ့ period က အရမ်းကို နာကျင်ရတယ်ဆိုပေမယ့် တကယ်တမ်းကျ ကိုယ့်ဘဝတစ်ခုလုံးကို ပျက်ဆီးနိုင်လောက်တဲ့ထိတော့ မဆိုးရွားပါဘူး။ အကောင်းဆုံးရင်ဆိုင်ပြီး ကျော်လွှားနိုင်ဖို့သာ လိုအပ်တာပါ။

ဘယ်လိုရင်ဆိုင်ရမလဲ?

• သူနဲ့ကိုယ်နဲ့ပြတ်သွားပြီဆိုတာ လက်ခံပါ။

• သူကကိုယ်နဲ့မဆိုင်တော့တာကို လက်ခံပါ။

• သူနဲ့ကိုယ်နဲ့ ပက်သက်စရာမလိုတော့ဘူးလို့ သိထားပါ။
(ဒီသုံးချက်က စစဖြစ်ချင်းမှာတော့ ဘယ်လိုမှလက်မခံနိုင်တာမျိုးဖြစ်နိုင်တာမို့ အချိန်ယူပြီးဖြည်းဖြည်းချင်း ကိုယ့်စိတ်ကိုယ် အနိုင်ယူလိုက်ပါ။)

• အကောင့်တုတွေနဲ့ stalking လုပ်တာမျိုး လုံးဝမလုပ်ပါနဲ့။
(ကိုယ်ကသေမလိုခံစားနေချိန်မှာ သူကတော့အသစ်လေးနဲ့ ပျော်ရွှင်နေတာမြင်ရတဲ့အခါ ကိုယ်ဘဲ စိတ်ထိခိုက်ရမှာပါ။ မလုပ်မိတာတော့အကောင်းဆုံးပေါ့။)

• ကိုယ်ခံစား‌နေရတာ တွေ၊ နာကျည်း‌ချက်‌တွေအကုန် သူငယ်ချင်းတွေကို ရင်ဖွင့်ပြီး ပြောပစ်၊ ငိုချပစ်လိုက်ပါ။
(အနည်းဆုံးတော့ ရင်ထဲမှာ ပေါ့သွားမှာအသေချာမို့ပါ။)

• ခွင့်လွှတ်ပေးလိုက်ပါ။
(အမုန်းတွေထားနေရင် ပူလောင်ရပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ သူလည်းသူ့အိမ်ထောင်နဲ့သူ၊ ကိုယ်လည်း ကိုယ့်လက်တွဲဖော်နဲ့ကိုယ် ဖြစ်လာမှာပါ။ အဲ့ကျမှ တချိန်က သူကြောင့်အသဲကွဲရဖူးတယ် ဆိုတာ ဘာမှမဟုတ်တဲ့အမှတ်တရလေးတစ်ခုလို ပြောရင်းရီနေရမှာမို့လို့ပါ။)


ဘယ်လိုကုသရမလဲ?
ဘယ်လို‌ကျော်ဖြတ်၊ ဖြတ်သန်းရမလဲ?

• ကိုယ့်ကိုကိုယ်ပြန်မေးပါ။
(ငါက ဘာအတွက်နဲ့ ခံစားနေဖို့လိုတာလဲ။ သူမရှိတော့ကော ငါ့ဘဝကြီးတစ်ခုလုံး ပျက်စီးသွားလို့လား စသဖြင့် ကိုယ့်ကိုကိုယ်ပြန်မေးပါ။)

• ကိုယ့်စိတ်ကိုအနိုင်ယူပါ။
(အထက်မှာ ပြောပြခဲ့သလိုဘဲ ဖြစ်ခဲ့ပြီးတာကို လက်ခံပြီး တွယ်တာမှုတွေ၊စွဲလမ်းမှု တွေကို အချိန်ယူပြီး မေ့သင့်တာမေ့၊ ဖြတ်သင့်တာဖြတ်ပါ။)

• လုံးဝလက်မခံပါနဲ့။
(ဒါကတော့ တဖက်သူအပေါ်မှာဘဲ မူတည်ပါတယ်။ သူက toxic ဖြစ်တဲ့လူမျိုး၊ သူနဲ့တွဲနေချိန်တကာလလုံး အမြဲငိုနေရ၊ စိတ်ဆင်းရဲနေခဲ့ရပေမယ့် ကိုယ်ကချစ်လို့ သည်းခံတွဲ‌ခဲ့တယ်။ သူကဘဲကိုယ့်ကိုထားသွားခဲ့ပြီး နောက်မှပြန်လာချင်တယ် ဆိုတဲ့လူမျိုးကိုတော့ လုံးဝလက်မခံပါနဲ့။ ဝမ်းနည်းဖွယ်ဇာတ်သိမ်းရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်နှ‌ခေါက်ဖတ်ဖတ် အဲ့ဒီဇာတ်သိမ်းအတိုင်းဘဲ ပြောင်းလဲခြင်းမရှိဘူး မဟုတ်လား။)

• မိသားစု၊ သူငယ်ချင်း စတဲ့ ကိုယ့်ကိုချစ်ကြတဲ့သူတွေနဲ့ အချိန်ပိုကုန်ပါ။

• ကိုယ့်ကိုကိုယ် အချိန်ပိုပေးပါ။

• ကိုယ့်ကို ပျော်ရွှင်စေမယ်လို့ ထင်ရတဲ့ သဘောကျတဲ့ အရာတွေ၊ ဝါသနာတွေပါတာတွေ လုပ်ပါ။
(အစားကြိုက်သူဆိုရင်တော့ အသဲကွဲလို့ ဘာမှမစားချင်ဘူးဆိုပြီးနေမယ့်အစား ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး အဝသာမှာစားဖို့ အကြံပေးပါရစေ။)

• အတိတ်ကအမှားတွေကနေ သင်ခန်းစာယူပါ။

• ကိုယ့်ကိုကိုယ် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ပြုပြင်သင့်တာပြုပြင်ပါ။

• ရည်မှန်းချက်တစ်ခု၊ goalတစ်ခုထားပြီး ကြိုးစားကြည့်ပါ။ 
(ကိုယ်မသေသေးသ၍ ဘယ်အရာမှ နောက်ကျနေပြီဆိုတာမျိုးမရှိပါဘူး။)

ဒီထဲကအချက်တော်တော်များများမှာ ကိုယ့်ကိုကိုယ် ပိုချစ်ပေးနိုင်ဖို့ ဦးစားပေးရေးထားတာလေးတွေ
များတာကို သတိထားမိကြမှာပါနော်။

အချစ်နဲ့ဘဝ မရောထွေးကြပါစေနဲ့လို့ ဆုတောင်းရင်း "လူငယ်နှင့် အသဲကွဲရောဂါ" ဆိုတဲ့ ဟောဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးသော စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်ပါရှင်။

Aria - အာ၇ီယာ (October 26th, 2024)

Tg channel - https://t.me/SaungHaymarnR1

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း