မောရိသျှ
အရာအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေတတ်ကြတယ်။ မသိတာမရှိ၊ မတတ်တာမရှိ၊ မလုပ်နိုင်တာ မရှိကြပါဘူး။ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတိုင်းကို လက်တွေ့ အသုံးချပြီး အကျိုးရှာတတ်ကြသလို၊ သူများမှာ ရှိတဲ့ အရည်အချင်းတွေကိုလည်း မြင်နိုင်စွမ်း ရှိကြတဲ့အတွက်၊ ကိုယ်ကျိုးထွက်အောင် တန်ပြန် အသုံးချတတ်ကြတယ်။ မသိသေးတဲ့သူ၊ ရင်းနှီးမှုမရှိတဲ့ သူစိမ်းတွေနဲ့ ပထမဆုံး တွေ့ရမြင်ရ ပေါင်းသင်းဆက်ဆံရတိုင်း တဖက်သားရဲ့ အားနည်း အားသာချက်တွေကို အကဲခတ်ပြီး အမူအကျင့်တွေကနေ တဆင့် တဖက်လူရဲ့ စိတ်ကို နားလည်နိုင်အောင် ကြိုးစားလေ့ရှိကြတယ်။ အတွင်းစိတ်ကို ဖွင့်ကြည့်လို့ မရနိုင်ပေမယ့်၊ ကိုယ်တွင်းခံစားချက်အလိုက် အလျဉ်းသင့် ပေါင်းသင်းလွယ်တတ်ကြတယ်။ အများကြိုက်အောင် မနေသော်လည်း အများရဲ့ လိုလားမှုကို ရနေတတ်ကြတယ်။ လေယူရာယိမ်း နေရာတကာလိုက်ပါပြီး အရောဝင်တတ်သူ မဟုတ်ပေမယ့်၊ အားလုံးရဲ့ ကြည်ဖြူမှုကို အမြဲရလေ့ရှိတယ်။ ကိုယ်မှအပ တဖက်သားရဲ့ အမူအကျင့်၊ အမူအရာ၊ အပြောအဆို စသဖြင့် လှုပ်ရှားမှုတိုင်းကို အမြဲတစေ စောင့်ကြည့်နေတတ်ပြီး၊ သင်ယူနေတတ်တယ်။ သိလွယ်၊ မြင်လွယ်၊ နားလည်လွယ်သူတွေ ဖြစ်တာကြောင့် အောင်မြင်ဖို့ရာ မခဲယဉ်းကြဘဲ၊ တိုးတက်လွယ်သူများလည်း ဖြစ်တယ်။
မိမိကိုယ်ကို လေးစားတတ်ရမယ်။ တလောကလုံးက ကိုယ့်ကို ချဉ်ဖတ်အဖြစ် သတ်မှတ်ထားရင်တောင် ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့စိတ်မျိုး မွေးထားနိုင်ရမယ်။ ကိုယ်ကျိုးအတွက် ဘယ်တော့မှ မပျင်းရိ မလေးဖင့်မိပါစေနဲ့။ သွက်လက်ချက်ချာမှု ရှိပါစေ။ ကောင်းခြင်းဟူသမျှ လိုလားသူမျိုး ဖြစ်ရမယ်။ ကိုယ်ကျိုးအတွက် အမြဲရှေ့ရှုတတ်ရမယ်။ ကိုယ့်အတွက်မှ မကြည့်နိုင်၊ မမြင်နိုင်၊ မလုပ်နိုင်ရင် ဘယ်တော့မှ အများရဲ့ အားကိုးမှုကို လိုလားစွာ ပေးနိုင်စွမ်းရှိတဲ့ အရှိန်အဝါကြီးသူ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ကျိုး ထိခိုက်နိုင်သမျှ ရှောင်ကြဉ်တတ်ပါစေ။ ဆရာတုနဲ့ တပည့်တုတွေကို ရှောင်ပါ။ ကိုယ့်အကျိုးဖြည့်ဆည်းနိုင်စွမ်းလည်း မရှိ၊ ကိုယ့်အတွက် ကောင်းခြင်းဖြစ်နိုင်စွမ်း မရှိတော့ရင် ဘာပဲ လုပ်လုပ် ပြောင်းလဲဖို့ ဝန်မလေးပါနဲ့။ မဆိုင်းမတွ ပြုပြင်ပြောင်းလဲလွယ်သူ ဖြစ်ပါစေ။ အစွဲမထားရ။
အရာအားလုံး ပတ်သက်ဆက်နွယ်နေတတ်တဲ့အတွက် ဘဝမှာ ရွေးချယ်တတ်မှုက အလွန် အရေးကြီးတယ်။ ကောင်းခြင်းကို လိုလားတဲ့ စိတ်နေစိတ်ခံမျိုး ရှိနေဖို့လိုအပ်သလို၊ ကောင်းခြင်းနဲ့ ထူးခြင်းကို သိနိုင်တဲ့သူလည်း ဖြစ်နေဖို့ လိုအပ်တယ်။ အဲဒီအပြင် တွေးခေါ်မြော်မြင်နိုင်မှု မရှိပါဘဲနဲ့တော့ ကောင်းခြင်းနဲ့ ထူးမှုကို သိနိုင်မြင်နိုင်မှာ မဟုတ်ပြန်ဘူး။ ဒါကြောင့် ကောင်းခြင်းကို သိနိုင်အောင် ထူးကဲတဲ့ အသိဉာဏ်ပညာခံ ရှိနေဖို့ လိုအပ်တယ်။ ကောင်းခြင်းနဲ့ မြတ်ခြင်း၊ ထူးခြင်းနဲ့ ကဲခြင်း၊ သာခြင်းနဲ့ နာခြင်း စတဲ့ ဆန့်ကျင်ဘက် အကျိုးရလဒ်တွေကို နိုင်းယှဉ်သုံးသပ်နိုင်တဲ့ အခြေခံ ဉာဏ်ရည်တွေလည်း ရှိနေဖို့ လိုအပ်တယ်။ ပညာတတ်ရုံနဲ့ မလုံလောက်ဘူး၊ ဉာဏ်ထက်မြက်မှုလည်း ရှိရမယ်။ တက်နိုင်စွမ်း ရှိပြီး၊ ခွန်အားအခံ ကောင်းနေရုံနဲ့ မလုံလောက်ဘူး၊ တွေးခေါ်မြော်မြင်သုံးသပ်နိုင်စွမ်းလည်း ရှိရမယ်။ မကောင်းတာကို အကြောင်းမလှမှုတွေကြောင့် ကြမ်းကျွံရာနွံနှစ် လွဲမှားစွာ ရွေးချယ်ခဲ့မိရင်တောင် အဆိုးထဲက အကောင်းပေါ်ပေါက်လာအောင် ဖန်တတ်ကြံတတ်ရမယ်။ ဒါကြောင့် ပညာအလိမ္မာမရှိဘဲ ဘဝကို ရေရာသေချာအောင် ရုန်းကန်ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်နေပါစေ၊ ရွေးချယ်မှုတွေ မှန်ကန်ပါစေ။
ပါးနပ်သူရဲ့ အသိသာဆုံးနဲ့ အထူးခြားဆုံး ကိုယ်ရည်ကိုယ်သွေးတရပ် ဖြစ်တယ်။ အမျက်ထွက်လွယ်သူမျိုး လုံးဝ မဖြစ်ပါစေနဲ့။ စိတ်ခံစားချက်တိုင်းကို ဖုံးကွယ်ထားပါ။ ထုတ်မပြပါနဲ့။ စိတ်ခံစားချက်တိုင်းကို ဟန်ဆောင်ကောင်းမှုနဲ့ တွဲစပ်ပြီး ဟန်လုပ်ပြတတ်ရမယ်။ ငိုချင်စိတ်ကို ရယ်ချင်စိတ်နဲ့ ဖုံးပါ။ လိုချင်စိတ်ကို ပေးချင်စိတ်နဲ့ လှည့်စားပါ။ ပိုင်လိုစိတ်ကို ကမ်းလိုမှုနဲ့ ဖုံးကွယ်ပါ။ လျှို့ဝှက်တတ်ခြင်းဟာ ပါးနပ်ခြင်းရဲ့ အမြင့်ဆုံးစွမ်းရည်ဖြစ်တယ်။ ကိုယ့်ခံစားကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘဲ ရန်သူနဲ့ ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုရ။ ကိုယ့်စိတ်ကို နိုင်မှ သူ့စိတ်နဲ့ ပြိုင်ပါ။ မနိုင်သေးဘဲ ပြိုင်ရင် မယှဉ်ခင် အစကတည်းက ရှုံးနေပြီးသား ဖြစ်တတ်တယ်။ ကိုယ့်စိတ်ကို နိုင်အောင် ချုပ်တည်းပြီးမှ၊ ရန်သူကို ပြိုင်ပါ။ ခံစားချက်ကြောင့် အနေမပျက်အောင် ချုပ်တည်းနေတတ်ရင် လူ့ထက်ကလူ ဖြစ်နိုင်လိမ့်မယ်။
#မောရိသျှ
⸻အလယ်ခေတ် စပိန်လူမျိုး အတွေးအခေါ်ပညာရှင် ဘယ်လ်တဆာ ဂရေသျှန်
Keep Reading