Author's Profile Photo

တိမ်လရောင်မှိုင်း

23/10/2024

သူက ဆရာဝန် ကျွန်တော်က လူနာ..... (ဝတ္ထုတို)

5 mins read
Novel
Entertainment
Creative

ချို့ယွင်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော့်ဘဝလေးထဲကို သူမက ​ရောင်ခြည်တစ်ခုအဖြစ် ဝင်ရောက်လာခဲ့တယ်။

သူမနာမည်က "ဆု"တဲ့လေ။ နာမည်လေးအတိုင်းပဲ သူမက ကျွန်တော့်အတွက်တော့ ဘုရားသခင်ကချီးမြှောက်ပေးတဲ့ ဆုလာဘ်လေးတစ်ခုပါ။ သို့သော် အဝေးကကြည့်ရုံသာ ငေးကြည့်ရပြီး ပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့ ဆုလာဘ်လေးတစ်ခုပါ။

ဒီနေ့ပုံမှန်လူနာကြည့်ချိန်အတိုင်း ဒီနေ့လည်း သူမရောက်လာပါလိမ့်မယ်။ သူမက ဆရာဝန်တစ်ယောက်ပါ။ ရုပ်လေးကချစ်စရာကောင်းသလောက် သူမရဲ့စိတ်ထားနဲ့ အသိဉာဏ်က လူတကာအားကျဖို့ ကောင်းလှလေတယ်လေ။

ဟော..တွေ့ပါပြီ။ ကျွန်တော့်ရဲ့ ကယ်တင်ရှင်လေး။ သူမက ကျွန်တော်စတင်မြင်ဖူးတဲ့နေ့တုန်းကလိုပဲ ကြည်လင်ရှင်းသန့်နေတဲ့မျက်နှာနုနု၊ အဖြူရောင်ဂျူတီကုတ်အောက်က မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ မြှောက်ကာစည်းထားတတ်သော ဆံနွယ်လေးတွေနဲ့ သူမဟာ သိပ်ကိုကဗျာဆန်လှလေတယ်။

ကျွန်တော့်ရဲ့ အလင်းပျောက်နေတဲ့ နောက်ဆုံးသောနေ့ရက်တွေလို့ ထင်မှတ်ရတဲ့နေ့တွေမှာ သူမဟာ ကျွန်တော့်ဘေးမှာ အားတစ်ခုအဖြစ်ရှိနေပေးခဲ့တယ်။ သူမဟာ ကျွန်တော့်အတွက် အသက်ဆ​က်ရှင်ဖို့ မျှော်လင့်ချက်ရောင်ခြည်လေးဖြစ်ခဲ့တယ်။

"လူနာ...စိတ်ကိုငြိမ်ငြိမ်ထားပါ...၊ ကျွန်မတို့ဘက်က အကောင်းဆုံးရှင့်ကိုကုသပေးမှာပါ..၊ ရှင့်ဘက်ကသာ စနစ်တကျနဲ့ကျွန်မတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင်...ရှင်အမြန်သက်သာလာနိုင်မှာ သေချာပါတယ်''

ခန္ဓာကိုယ်တစ်ခုလုံးကလည်း တစ်ဆစ်ဆစ်နာနေရကာ မျက်လုံးနှစ်လုံးကလည်း အလင်းပျောက်နေခဲ့တော့ မျှော်မှန်းရည်ရွယ်ခဲ့တဲ့ ကျွန်တော့်ရဲ့အနာဂတ်တွေက ရေစုန်မျောခဲ့ရပြီပေါ့။

ဒီတော့ ကျွန်တော်အသက်ဆက်ရှင်တော့ရော ဘာထူးမှာလဲ။ အနာဂတ်ဆိုတာ ဘာမှန်းမသိတော့တဲ့ ကျွန်တော်အတွက် သေဖို့ကသာ ထိုက်တန်သောရွေးချယ်မှုကောင်း မဟုတ်လား...။

"ကျွန်တော်သေမယ်..သေချင်တယ်..၊ ကျွန်တော့်ကို ခင်များတို့ကုပေးစရာမလိုဘူး..၊ ကုလည်းဒီမျက်လုံးတွေ၊ဒီခြေထောက်တွေက ပြန်ကောင်းလာမှာတဲ့လား...၊ သေလိုက်တာပဲအေးတယ်..၊ ဟားဟားး..ဟုတ်တယ်..၊ သေလိုက်တာပဲအေးတယ်''

သွေးရူးသွေးတန်းရယ်ကာ ကျွန်တော်ကုတင်ပေါ်က မမြင်မကန်းနဲ့ ထပြေးတယ်။ သို့ပေမယ့် ကျွန်တော့်ခြေထောက်တွေ လုံးလုံးကိုလှုပ်မရခဲ့ဘူး။ မကြာသေးခင်ကမှ ကျိုးသွားခဲ့တာကို ဘယ်လှုပ်လို့ရပါ့မလဲ။

"လူနာ စိတ်ကိုအေးအေးထားပါ..."

"ကျွန်တော်သေချင်တယ်...၊ ကျွန်တော့်ကို သေဆေးသာထိုးပေးကြပါဗျာ..၊ ကျွန်တော်ဒီလိုဘဝကြီးနဲ့ အသက်မရှင်ချင်ဘူး..."

လက်တွေနဲ့ကိုယ့်ခန္ဓာကိုယ်ကို ပြန်ရိုက်နှက်ရင်း သေသွားဖို့သာ ကျွန်တော်ဆုတောင်းနေမိတော့တယ်။ ဘေးကဆရာဝန်တွေလည်း ကျွန်တော့်လက်တွေကို အတင်းချုပ်ကာ တားနေပေမယ့် ကျွန်တော်မရပ်ခဲ့ဘူး။ အဓိက,က ကျွန်တော်သေသွားချင်တယ်..။

"ဒီလိုမလုပ်ပါနဲ့ လူနာ..၊ စိတ်ကိုအေးအေးထားပါ.."

စိတ်ကိုအေးအေးထားတဲ့ အခုချိန်ဖြစ်နေတဲ့ ခံစားချက်တွေနဲ့ ဘယ်လိုစိတ်ကိုအေးအေးထားရပါလိမ့်။

ထိုချိန် ကိုယ့်ကိုကိုယ်ရိုက်နေတဲ့ ကျွန်တော့်ရဲ့လက်တွေကို လာဆုပ်ကိုင်တာက နူးညံ့တဲ့လက်သွယ်သွယ်လေးတွေ။ ထိုလက်လေးတွေလာဆုပ်ကိုင်လိုက်တာနဲ့ တခြားဘေးကလူတွေရဲ့ လက်တွေလည်း ပြန်ရုတ်သွားကြသယောင်ပါပဲ။

"ရှင်က ဘာလို့သေချင်ရတာလဲ..၊ မျက်လုံးတွေ မမြင်ရတော့လို့လား...၊ ဒါမှမဟုတ်..ခြေထောက်တွေ ကျိုးပြီးလမ်းမလျှောက်နိုင်တော့လို့လား.."

"ကျွန်မက ဆရာဝန်ပါ..၊ ​ရှင်ကျွန်မကို ယုံကြည်လို့ရပါတယ်...၊ ရှင့်ကို အကောင်းတိုင်းဖြစ်အောင် ကျွန်မပြန်ကုသပေးမယ်..၊ ရှင်လည်းကျွန်မတို့ကုသမှုကို စိတ်ရှည်ရှည်နဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လေ..နော်..''

သူမရဲ့စကားတွေထဲမှာ ကျွန်တော်အိပ်မောကျသလိုဖြစ်နေပေမယ့် တစ်စုံတစ်ယောက်က ကျွန်တော့်လက်ကို လာပြီးဆေးထိုးနေတာတော့ ခံစားမိနေပါတယ်။ သို့သော် ကျွန်တော်မရုန်းမိခဲ့ဘူး။ အဲ့ဒီခဏတာဟာ ကျွန်တော့်ဘဝမှာ တစ်ခါမှမသုံးခဲ့ဖူးတဲ့ ဆေးမိသွားသလိုပါပဲ။

ကျွန်တော့်ကိုယ်ဟာ ကျွန်တော်မဟုတ်တော့သလိုမျိုးပေါ့။

"ရှင်အားတင်းထားရမယ်လေ၊ မျက်လုံးတွေမမြင်ရ၊ ခြေထောက်တွေအသုံးပြုပြီး​လမ်းလျှောက်လို့မရလည်း ရှင့်အိပ်မက်တွေကို ဆက်လုပ်နိုင်ပါသေးတယ်...''

"ကျွန်မကိုယုံနော်၊ ကျွန်မက ဆရာဝန်ဖြစ်တာမို့ ရှင့်ကို အကောင်းဆုံး အရင်အခြေအနေတိုင်းပြန်ဖြစ်အောင် ကုသပေးမှာပါ၊ အခုတော့ ကောင်းကောင်းအိပ်လိုက်ပါနော်...၊ နိုးလာတဲ့အခါ ကျွန်မတို့ ဒီကိစ္စကို သေသေချာချာဆွေးနွေးကြမယ်လေ''

ဆေးထိုးခံလိုက်ရတာနဲ့ သူမစကားလည်းဆုံးရော ကျွန်တော်လည်း ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲ့ဒီကမ္ဘာမှာ ကျွန်တော့်ကမ္ဘာကြီးကို ပြန်မြင်ခွင့်ရခဲ့တယ်တဲ့။ ပြီးတော့ ကျွန်တော့်အမေ၊ ချစ်ခင်ရတဲ့အပေါင်းအသင်းတွေ၊ ပြီးတော့.. တစ်ခါမှမမြင်ခဲ့ဖူးတဲ့ အသံပိုင်ရှင်ရဲ့ ဝါးတားတားပုံရိပ်လေးတစ်ခု။

????????

မနက်ခင်းကျွန်တော်နိုးထလာတော့ နာကျင်ကိုက်ခဲမှုဒဏ်တွေ အနည်းငယ်လျော့ကျသွားသလိုပဲ ခံစားလိုက်ရတယ်။ ဘေးမှာတော့ ခြေသံတစ်ချို့ ကြားနေရလေတယ်။

"ရှင်သတိရလာပြီလား..၊ ဘယ်လိုနေသေးလဲ..သက်သာရဲ့လား.."

ညင်သာလှသော လေသံတိုးတိုးလေးက ကျွန်တော့်နားထဲ ကျယ်လောင်စွာ ဝင်ရောက်လာခဲ့တယ်။ သူမက ညကကျွန်တော့်ကို စကားပြောခဲ့တဲ့ ဆရာဝန်ဆိုတဲ့ မိန်းကလေးဆိုတာ သူမအသံလေးနဲ့ ကျွန်တော်တပ်အပ်သိလိုက်ရသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိခဲ့ရတယ်။

ကျွန်တော်ဆိုတဲ့ကောင်က လူတစ်ယောက်ကို အသံကြားရုံနဲ့ သိပ်ပြီးမှတ်မိနိုင်တဲ့ လူမျိုးမဟုတ်ပေ။

"ကျွန်မနာမည်က ဆုပါ...၊ ​ဒီနေ့ကစပြီး ရှင့်ရဲ့တာဝန်ခံဒေါက်တာအဖြစ် တာဝန်ယူမှာပါ...၊ ဒါကြောင့် ရှင်ကျွန်မကို ရှင်ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်းပြောပြနိုင်တယ်..."

သူမနာမည်က ဆုတဲ့။ အဲ့နေ့ကစပြီး သူမဟာ ကျွန်တော့်မျက်လုံးတွေ ပြန်ကောင်းလာရင် အမြင်ချင်ဆုံးသော လူတစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့မသိစိတ်တွေထဲမှာတောင် သူမမျက်နှာကို အကြိမ်ကြိမ် ပုံဖော်မိနေခဲ့တာ။

????????

တစ်ခုတည်းသော ညနေခင်းမှာပေါ့။ သူမနဲ့ကျွန်တော် စကားတွေဖောင်ဖွဲ့ကာ ပြောဆိုနေခဲ့ဖူးတယ်။

"ရှင်ရဲ့ရည်မှန်းချက်က ဘာလဲ.."

"ကျွန်တော်အရင်ကတော့ အောင်မြင်ကျော်ကြားတဲ့ဘဝတစ်ခုကို လိုချင်ခဲ့တာ.."

"အခုကရော..."

"အခုတော့..."

ကျွန်တော်စကားဆက်မပြောဘဲ သူမရှိမယ်ထင်တဲ့ နေရာကို မျက်နှာမူလိုက်တယ်။ပြီး....ကျွန်တော်ဆက်ပြောခဲ့တယ်။

"အခုတော့ ချစ်ရတဲ့မိန်းကလေးတစ်ယောက်နဲ့ မိသားစုဘဝလေးကို တည်ဆောက်ချင်တယ်.."

"မိသားစုဘဝတဲ့လား..၊ ရှင်တို့တည်ဆောက်ချင်တဲ့ မိသားစုဘဝက အဲ့လောက်တောင် ပျော်စရာကောင်းတာလား.."

"ကောင်းတာပေါ့...၊ ချစ်ရတဲ့ ဇနီးကို မနက်ခင်းအလုပ်သွားချိန်တိုင်း တွေ့ရမယ်၊ သူမရဲ့ဂရုတစိုက်ရှိလှတဲ့အပြုအမူလေးတွေ၊ အပြောအဆိုလေးတွေ..နားထောင်ရမယ်...၊ သူမနဲ့ကျွန်တော်က မွေးလာတဲ့ကလေးတွေကို နှစ်ယောက်အတူပြုစုမယ်..၊ မင်္ဂလာနှစ်ပတ်လည်ရောက်တဲ့နေ့တွေမှာဆို တစ်မိသားစုလုံး ဟန်နီးမွန်းထွက်ကြမယ်..ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ.."

ကျွန်တော်စကားလည်း ဆုံးရော သူမကတိတ်ဆိတ်နေပြန်တယ်။ သူမမှာ ဘာအခက်အခဲတွေများရှိနေပါသလဲ။ ကျွန်တော်သိချင်လိုက်တာ။

သူမပြောခဲ့သလိုပဲ သူမကို ကျွန်တော်ယုံကြည်ခဲ့သလို ကျွန်တော့်ကိုလည်း သူမယုံကြည်ပြီး သူမရဲ့ အခက်အခဲတွေကို ရင်ဖွင့်ပြောပြစေချင်တယ်။ သေချာပါတယ်။ ဒါဟာ ကျွန်တော့်စိတ်ကူးသက်သက်ပါပဲ။

"ရှင်လည်း သိပ်မကြာခင် မျက်လုံးပြန်မြင်နိုင်တော့မယ်..၊ မျက်လုံးကိုခွဲစိတ်ပြီးလို့ ပတ်တီးဖြည်တဲ့နေ့ကျရင် ရှင်ဘယ်သူ့ကိုတွေ့ချင်လဲ..၊ ကျွန်မသွားခေါ်လာခဲ့ပေးမယ်.."

ကျွန်တော်တွေ့ချင်တဲ့လူ...သေချာပါတယ်။ အဲ့ဒါဟာ သူမပါပဲ။ ကျွန်တော်အကြိမ်ကြိမ်အခါခါ ပုံဖော်ဖြစ်ခဲ့တဲ့ မျက်နှာပိုင်ရှင်လေး။

"ကျွန်တော် အမေ့ကိုတွေ့ချင်တယ်.."

"အင်း၊ အဲ့နေ့ကျရင် ရှင့်အမေကို တွေ့စေရမယ်.."

??????????

မျက်လုံးကို ပတ်တီးဖြည်တဲ့နေ့မှာ သူမရဲ့စကားအတိုင်း ကျွန်တော့်အမေကို ကျွန်တော်ရှေ့ကို သူမခေါ်လာပေးခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော်အတွေ့ချင်ဆုံးသော သူမမျက်နှာလေးကို မတွေ့ခဲ့ရဘူး။

"ကောင်းကောင်းမြင်ရလား...၊ အမြင်ဝါးတာမျိုးရှိလား.."

"အားလုံးအဆင်ပြေပါတယ် ဒေါက်တာ.."

"စူးရှရှအလင်းရောင်တွေကို ကြည့်ပေးတာမျိုးတော့ ရှောင်ပေးပါ.."

"ဟုတ်ကဲ့ပါဗျ.."

ပြန်သာဖြေနေရတာ စိတ်တွေက သူမကိုသာတွေ့ချင်မိနေခဲ့တယ်။ ဘာလို့ သူမဒီမှာရှိမနေရတာလဲဆိုတာ ကျွန်တော်သိချင်မိတယ်။ ဒေါက်တာက အမေနဲ့ စကားတွေပြောပြီး ကျွန်တော့်ကို နှုတ်ဆက်ကာ လှည့်ထွက်သွားတော့မဲ့အချိန် ကျွန်တော် လှမ်းခေါ်လိုက်မိပါတယ်။

"ဒေါက်တာ...ကျွန်တော့်ကိုတာဝန်ယူထားတဲ့ ဒေါက်တာဆုက ဘာလို့ဒီနေ့မလာတာလဲ.."

"ဒီနေ့က ဒေါက်တာဆုရဲ့ လက်ထပ်ပွဲနေ့ပါ.."

"လက်ထပ်ပွဲ..!"

အဲ့ဒီစကားလေးတစ်ခွန်းမှာတင် ကျွန်တော့်မျှော်လင့်ချက်တွေ ပျက်ပြုန်းသွားရသလိုပါ။ကျွန်တော် မသိစိတ်ထဲက သူမကိုချစ်နေမိခဲ့တာ။အခုသူမက အိမ်ထောင်သည်အမျိုးသမီးတစ်ယောက် ဖြစ်လို့နေတော့မယ်တဲ့။

ဒါပေမဲ့လည်း ကျွန်တော်ဆက်ချစ်လို့ရတယ်မလား..။ သူမကို တစ်ဖက်သတ်လေးပဲ စိတ်ထဲမှာပဲလေ...ရတယ်မလား..။ ကျွန်တော့်ရဲ့အချစ်ပန်းလေးဟာ ကောင်းစွာမပွင့်လန်းနိုင်ခင်မှာပဲ ညှိုးနွမ်းသွားခဲ့ရပါတယ်။ နာကျင်လိုက်ခြင်းဗျာ။

??????????

"ဒီနှစ်တွေ နေကောင်းရဲ့လား.."

"ကောင်းပါတယ်...၊ ဒေါက်တာရော.."

"အဟင်း..."

ဒေါက်တာရောဆိုတော့ သူမက ဟက်ဟက်ပက်ပက်ကို ရယ်လေတယ်။ ဟုတ်ပါတယ်။ အဲ့နေ့ကတည်းက သူမကို ဆုလို့ပဲ ခေါ်ဖို့ပြောခဲ့တာလေ။ ရင်းရင်းနှီးနှီးပေါ့။ ရင်းနှီးချင်ခဲ့ပေမဲ့ နှလုံးသားက သိပ်ကိုတားမြစ်လွန်းခဲ့တယ်။

"ခင်များက ဒေါက်တာဆုလား..."

ကျွန်တော့်ရဲ့အမေးကြောင့် ကျောခိုင်းထားတဲ့ ခန္ဓာကိုယ်လေးက ကျွန်တော့်ဘက်လှည့်လာခဲ့တယ်။ ကျွန်တော်သိပ်ကိုမြင်တွေ့ချင်ခဲ့သော..စိတ်ကူးတွေနဲ့အကြိမ်ကြိမ်ပုံဖော်မိခဲ့ရသော ပုံရိပ်လေးဟာ သိပ်ကို လှရက်လွန်းခဲ့တယ်။

အချိန်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးမှ သူမက....

"အင်း ရှင့်ကိုမှတ်မိပါတယ်..၊ မျက်လုံးပြန်ကောင်းလာတာ ဂုဏ်ယူပါတယ်နော်.."

"ဟုတ်ကဲ့..၊ ဒါက ဒေါက်တာအတွက်ပါ.."

"ကျွန်မအတွက်..ဘာအတွက်လဲ.."

မျက်နှာလေးက အပြုံးလေးသန်းနေလျက် သူမက ကျွန်တော့်ကိုမေးနေတယ်။ သူမရဲ့အပြုံးလေးဟာ ကျွန်တော့်စိတ်ကူးတွေထဲကထက် ပိုလှခဲ့တယ်။

"ကျွန်တော်မကျန်းမာစဥ်က ဘေးမှာကျွန်တော့်ကို အစစအရာရာကူညီခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ပါ.."

"ဒီလိုဆို မလိုပါဘူးရှင်၊ ကျွန်မက ဆရာဝန်တစ်ယောက်ပါ..၊ ရှင့်ကိုကုသပေးဖို့က ကျွန်မတို့ရဲ့တာဝန်ပဲလေ.."

"ဒါပေမဲ့ယူပါ..၊ ကျွန်တော်က ကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါ ဒေါက်တာဆု.."

"ဒါဆိုလည်း ယူပါ့မယ်..၊ ကျွန်မကို ရင်းရင်းနှီးနှီး ဆုလို့ပဲခေါ်ပါ.."

သူမနဲ့တွေ့တိုင်း အမြဲလိုလိုပေးတတ်ခဲ့တာက နှင်းဆီနီနီလေးတွေပါ။ ဒီနေ့လည်း သူမအတွက် ကျွန်တော့မှာ ပန်းစည်းအနီရောင်လေး ပါလို့လာတယ်။ ဒါပေမဲ့ မပေးဖြစ်ခဲ့ပါဘူး။

"မေမေ..."

"မီးငယ်လေး..၊ ဒီကိုဘယ်လိုရောက်လာတာလဲ.."

"ဖေဖေပါတယ်.."

"ဟုတ်လား..၊ ဒါဆို ကျွန်မကို.."

"သွားပါ.."

သူမက ကျွန်တော့်ကို နူးညံ့စွာပြုံးပြရင်း ချစ်စရာကောင်းတဲ့ သူမသမီးလက်လေးကိုတွဲကာ ကော်ဖီဆိုင်ထဲမှ ထွက်ခွာသွားလေတယ်။

????????

ကျွန်တော် ဆုဆိုတဲ့ ဒေါက်တာမလေးကို ချစ်ပါတယ်။ သို့သော် သူမက ကျွန်တော်လက်လှမ်းမမှီတဲ့ ကြယ်တစ်စင်းပါ။ အဝေးမှာပဲ တောက်ပနေသင့်တယ်။ သူမပျော်ရွှင်ရယ်မောနေတာကို မြင်နေရရင် ကျွန်တော်ကျေနပ်ပါပြီ။

နှစ်တွေလည်းကြာခဲ့ပါပြီ။ ကျွန်တော့်ရဲ့ဆုလာဘ်လေး ကံကောင်းခြင်းများစွာနဲ့ ပြည့်စုံနေပါရဲ့လား။ မပြည့်စုံနေရင်လည်း အခုအချိန်ကစလို့ ပြည့်စုံပါစေတော့နော်။

????????

#တိမ်လရောင်မှိုင်း

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်