Htet Htet Hlaing Aung

ကိုယ်ရှင်သန်နေထိုင်နေတဲ့ နေ့စဉ်ဘဝထဲကို လူတွေဝင်လာတယ်၊ ထွက်သွားတယ်။ ဒါဟာ နေ့စဉ်ဖြစ်ပျက်နေတာပါ။ လူသစ်တစ်ချို့နဲ့ တွေ့ဆုံရတယ်။ လူဟောင်းတစ်ချို့နဲ့ နှုတ်ဆက်ခွဲခွာရတယ်။ တစ်ချို့သော နှုတ်ဆက်ခြင်းတွေက တစ်ခဏတာဖြစ်ပေမယ့် တစ်ချို့သော နှုတ်ဆက်ခြင်းတွေကတော့ တစ်ဘဝစာ ဖြစ်သွားပါတယ်။ ကိုယ်ဘဝထဲကို လူတွေဝင်လာတာက သိပ်မသိသာပေမယ့် လူတစ်ယောက်ထွက်သွားရင်တော့
တော်တော်သိသာပါတယ်။ အဲ့ဒီလူက ကိုယ့်ဘဝမှာ အချိန်ဘယ်လောက်ယူခဲ့လဲ၊ ကိုယ်နဲ့ ဘယ်လောက်ထိ ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့လဲဆိုတဲ့ အခြေအနေတွေကိုလိုက်ပြီးတော့ ကိုယ့်နေ့စဉ်ဘဝမှာ လစ်ဟာမှုတွေကို ခံစားလာရပါတယ်။ အဲ့ဒီလူတွေနေရာမှာ အစားထိုးဝင်ရောက်လာနိုင်တဲ့ လူတွေရှိသလို အစားထိုးမဝင်ရောက်နိုင်တဲ့ လူတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်မတို့ဟာ လူတစ်ယောက်ကို တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ အကြောင်းပြချက်အမျိုးမျိုးကြောင့် ဆုံးရှုံးရမှာဟာ လောကနိယာမ သဘောတရားပါ။ တရားသဘောအရဆိုရင်တော့ "တွေ့ကြုံဆုံကွဲ" ပေါ့။ ဒါကြောင့်
ကျွန်မတို့ဟာ ကိုယ့်အတွက်အရေးပါတယ်လို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ကို ကိုယ့်အနားမှာရှိနေစဉ်မှာ တန်ဖိုးထားတတ်ဖို့လိုပါတယ်။ ချစ်တာကို ချစ်ကြောင်း ထုတ်ပြတတ်ဖို့လိုသလို ဂရုစိုက်တာကို ဂရုစိုက်ကြောင်း ဖော်ပြတတ်ဖို့လိုပါတယ်။
ဒါမှ အကယ်၍ ဝေးသွားသည်ရှိသော် ကျွန်မတို့ဟာ ပစ္စုပ္ပန်မှာ နောင်တမရှိဘဲ အနာဂတ်ကိုလှလှပပ လျှောက်လှမ်းနိုင်မှာပါ။
#htethtethlaingaung
Keep Reading