MoeKyaw
လူတစ်ယောက်ကို မေ့ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ...
အခုတလော ကိုယ့်ကိုယ်ကိုယ် မေးနေမိတဲ့ မေးခွန်းပါ... အချိန်တန်ရင်တော့ နေသားကျသွားမှာပါဆိုတဲ့ စကားတွေ အများကြီးကြားဖူးပေမယ့် တကယ့်လက်တွေ့တွေမှာကျတော့ အဲ့လောက် မလွယ်ဘူးလေ ။
သူ့ကို မချစ်တော့ဘူးလို့ ပြောလိုက်ဖို့ လွယ်ပေမယ့် သူ့ကို မေ့သွားပြီဆိုပြီး ဝန်ခံလိုက်ဖို့ကျ သိပ်ကို ခက်ခဲတယ် ။ တကယ်လဲ မေ့မှ မမေ့နိုင်ခဲ့ပဲလေ ။ တော်တော်များများကို မေးခွန်းတစ်ခု မေးကြည့် သူနဲ့ ဝေးသွားတာ ဘယ်လောက်ကြာပြီလဲလို့...
ရက်တွေ လတွေ နှစ်တွေကအစ အတိအကျကို မှတ်မိနေတတ်ကြတာလေ ။ တကူးတကမှတ်ထားတာမျိုး မဟုတ်ဘူးနော်... သူ့အလိုလို မှတ်မိနေတာမျိုးပေါ့ ။ ပြီးတော့ အစွဲအလမ်းကြီးတာကြောင့်လဲပါတယ် အများကြီး မျှော်လင့်ထားမိတာနဲ့လဲ ဆိုင်တယ် ။
ပြီးတော့ တချို့လူတွေကို အားကျတယ်... ဒီနေ့ ပြီး မနက်ဖြန်ဆိုရင် အရာရာအားလုံးကို မေ့ဖျောက်သွားနိုင်တဲ့အထိ တချို့လူတွေက သွေးအေးပြီးတော့ ရက်စက်တယ်လေ မှတ်မိနေတဲ့သူမှာပဲ တစ်နေ့ထက်တစ်နေ့ ဒဏ်ရာတွေပိုရတာ ။
မအားအောင်...နေ ဆိုလို့လဲ နေကြည့်ဖူးတာပဲ ။ အိပ်မပျော်ခင်စပ်ကြားမှာ သူ့အကြောင်းတွေးမိရင် အဲ့ဒီနေ့ရက်တွေက မိုးလင်းတာများတယ် ။ သူနဲ့ပတ်သက်တာတွေ ဘာမှ မတွေ့ ဘာမှ မကြားအောင်နေဆိုလို့လဲ နေတာပဲ နှလုံးသားထဲစွဲနေတဲ့ အမှတ်တရတွေကိုကော ဘာဖျက်ဆေးနဲ့ ဖျက်ရသလဲ ။
လူတစ်ယောက်ကိုမေ့ဖို့ ဘယ်လောက်ကြာတတ်လဲလို့ မေးမယ်ဆိုရင်တော့ ကိုယ်ဘယ်လောက်ထိ ချစ်ခဲ့မိတာဆိုတဲ့ အရာနဲ့ ဆိုင်တယ် ။ ပြီးတော့ သူ့အတွက် ဘယ်လောက်ထိပေးဆပ်ခဲ့တာဆိုတဲ့ အနာတရတွေနဲ့လဲဆိုင်တယ် ပြီးတော့ ဘယ်လောက်မျှော်လင့်ခဲ့မိသလဲဆိုတဲ့ ကိုယ့်စိတ်နဲ့လဲ ဆိုင်တယ် ။
နှစ်တွေကြာသွားရုံနဲ့ သက်သာသွားတာမဟုတ်ပဲ တချို့ဒဏ်ရာတွေ ဝိုင်လိုပဲ နှစ်ချို့သွားမှ ပြင်းပြင်းရှရှနဲ့ကို ယစ်မူးစေတာမျိုးပါ ။ အခုလောလောဆယ်တော့ သူ့ကိုမေ့ဖို့ နည်းလမ်းပေါင်းစုံသုံးနေပါတယ် တစ်နေ့ကျရင်တော့ မေ့မှာပေါ့ ။
#MoeKyaw
Keep Reading