Author's Profile Photo

ဂုဏ်ရည်ကျော်

19/10/2024

စတုလောကပါလထံ တိုင်တန်းသည်

8 mins read
Novel
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
စတုလောကပါလထံ တိုင်တန်းသည်'s photo

(က)

၁၃၈၆-ခု၊ သီတင်းကျွတ်လဆန်း (၁၄) ရက်။

သီတင်းကျွတ်ပွဲတော်၏ အငွေ့အသက်ကို တွေ့ရသည်။ မနက်ဖြန် လပြည့်နေ့မဟုတ်လား။
"ရန်ကုန်မြို့မှာ သီတင်းကျွတ်လပြည့်နေ့ကို ဘယ်လိုဖြတ်သန်းကြသလဲ စိတ်ဝင်စားမိတယ်၊ ဗဟုသုတလည်းဖြစ်၊ အမှတ်တရလည်းဖြစ်စေဖို့ ဒီသီတင်းကျွတ်ကို အားရပါးရ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနိုင်ဖို့ မျှော်လင့်တယ်..."
အဆောင်တန်းလျားတစ်ခုတွင် အခန်းငှားနေရသည်။ အခန်းရှေ့ဝရန်တာတွင် လက်ရန်းကို လက်နှစ်ဖက်ထောက်ကာ ကောင်းကင်ကိုမော့ကြည့်နေရာမှ သူ၏မျက်လုံးများကို ညင်သာစွာမှိတ်ချလိုက်သည်။ သူ၏လည်စလုတ်သည် တစ်စုံတစ်ခုကို မျိုချလိုက်ဟန်တူသည်။

"အမေ... သားတို့မနက်ဖြန်လာကန်တော့ရင် မုန့်ဖိုးပေးရမယ်နော်..."
"ဘွားဘွား၊ သားရောပဲနော်...၊ သားကိုဖေဖေထက်ပိုပေးရမယ်၊ ဖေဖေက အလုပ်လုပ်တော့ ဝင်ငွေရှိတယ်ဘွားဘွားရဲ့...၊ သားက ဖေဖေတို့ ဘွားဘွားတို့ပေးမှ မုန့်ဖိုးရတာ..."
"အမယ်လေး...ဘွားချစ်မြေးလေးရယ်...စကားတွေတတ်နေလိုက်နေတာ၊ ပေးမှာပေါ့မြေးလေးရဲ့...၊ မြေးလေးက ဘွားဘွားရဲ့ အားဆေးလေးပဲဟာ..."

ဘေးအခန်းမှ မိသားစု၏ ကြည်နူးစွာပြောဆိုနေကြသည့် စကားသံတို့သည် သူ၏နားများမှတစ်ဆင့် နှလုံးသားဆီသို့ ဝမ်းနည်းမှုအသွင်ဖြင့် စိမ့်ဝင်လာကြသည်။

ဟေးလားဝါးလားပြောဆိုရယ်မောနေကြသောအသံတို့သည် သူငှားနေသည့် အဆောင်ရှေ့ရှိ လူအစုအဝေးမှ လာသည်ထင်၏။ ထိုလူအစုအဝေးမှာ လပြည့်နေ့ကျွေးမည့် စတုဒီသာအတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ရန်ကုန်တွင် ဤကဲ့သို့အခါကြီးနေ့ရက်များဆိုလျှင် ရပ်ကွက်တိုင်းနီးပါး စတုဒိသာအလှူများစွာကို တွေ့ရသည်မှာ လွန်ခဲ့သောနှစ်နှစ်၊ သူရန်ကုန်ကို စရောက်ကတည်းကဖြစ်သည်။ မြန်မာလူမျိုးတို့၏ အလှူအဒါန်းရက်ရောမှုကို ပီတိဖြစ်ရသော်လည်း သာဓုခေါ်ရန် သူသတိမရနိုင်ပေ။ အထီးတည်းသောသူ၏ခံစားချက်များကို ပိုမိုဝမ်းနည်းညှိုးငယ်လာစေရန် လှုံ့ဆော်ပေးနေသောကြောင့်ဖြစ်သည်။

(ခ)

၁၃၈၆-ခု၊ သီတင်းကျွတ်လပြည့်နေ့။

ယခင်နှစ်များက သီတင်းကျွတ်ကျောင်းပိတ်လျှင် ရွာသို့ပြန်နေကျဖြစ်သည်။ ထို့ကြောင့်ပင် သူ၏သူငယ်ချင်းမလေးက "ဟေ့... အောင်မိုး၊ ဒီသီတင်းကျွတ်ရွာကိုမပြန်ဘူးနော် ဘာလို့လဲ..."ဟု မေးသည်မဟုတ်လား။ သို့သော် ထိုမေးခွန်းကို အောင်မိုး ချက်ချင်းမဖြေနိုင်။ ခေတ္တမျှ ငိုင်သွားသည်။ တွေဝေသွားသည်။

"အောင်မိုး..."
သူငယ်ချင်းမလေးက အောင်မိုးကို ပခုံးပုတ်၍ ထပ်ခေါ်လိုက်သောအခါ သူကပြုံးပြလျက် "အေး..." ဟုပြန်ထူးသည်။
"ငါရွာကိုသိပ်လွမ်းတာပဲဟ အဖေနဲ့အမေကိုရောပေါ့...၊ ဒါပေမဲ့ ပြန်ဖြစ်မှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့..."

သူသည် စကားကိုဆုံးအောင်မပြောသေးဘဲ ရပ်ထား၏။ ထို့နောက် သူအမှတ်တရဖြစ်ခဲ့သော သီတင်းကျွတ်နေ့ရက်များကို ပြန်လည်တမ်းတစွာပြောဆို၏။
" ငယ်ငယ်တုန်းကဆိုရင်လေ... ကိုယ်နဲ့သိတဲ့အိမ်ရော ကိုယ်နဲ့မသိတဲ့အိမ်ရော ရွာထဲကရှိရှိသမျှအိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် ကန်တော့ခဲ့ကြတာ ကြည်ညိုရိုသေလွန်းလို့ ကုသိုလ်ရချင်လွန်းလို့တော့မဟုတ်ဘူးပေါ့ဟာ...၊ မုန့်ဖိုးတို့၊ သကြားလုံးတို့၊ စားစရာတစ်ခုခုများရမလားဆိုတဲ့ အကြံတွေနဲ့လေ...၊ ငါတို့ရှိခိုးရင် သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်သွားကြတာကိုး၊ ဒါနဲ့ထွက်လာကြပြီဆိုရင် ရလာတဲ့မုန့်ဖိုးတို့ မုန့်တို့ကို ဝေစုခွဲရတာလည်း အမောပဲ...၊ အခုများ ဒါတွေပြန်တွေးမိတော့ ရှက်သလိုလိုဘာလိုလိုနဲ့ တကယ်ပျော်ရွှင်ခဲ့ရတဲ့ သီတင်းကျွတ်အခိုက်အတန့်တွေပါလားဆိုတာ ကြည်ကြည်နူးနူးတွေးနိုင်ခဲ့တယ်...၊ ဒါပေမဲ့ ဒီနှစ်သတင်းကျွတ်မှာတော့ ကြည်ကြည်နူးနူးတွေးနိုင်တော့မှာမဟုတ်ဘူး သူငယ်ချင်း...

"နောက်ပြီးတော့ ငါ...ငါ့ဘွားဘွားကို သိပ်သတိရတယ်၊ ဒီလိုသီတင်းကျွတ်ဆို ပိုဆိုးတာပေါ့...ငယ်ငယ်တုန်းက ဘွားဘွားကိုရှိခိုးပြီဆိုရင် ဘွားဘွားက ငါ့မြေးလေးဘုန်းကြီးလို့သက်ရှည်ကျန်းမာပါစေကွယ်၊ လုပ်တိုင်းအောင်လို့ကြံတိုင်းမြောက်ပါစေကွယ်၊ အမေအဖေတွေနဲ့ ဥမကွဲသိုက်မပျက် အိုအောင်မင်းအောင်နေထိုင်ကြရစေကွယ် ဆိုပြီးတော့ ဆုပေးလေ့ရှိတယ်၊ ဒါက ငါနားလည်တတ်တဲ့အချိန်ကစပြီး ငါ့ဘွားဘွားဆီက ကြားခဲ့ရတဲ့ ဆုပေးစကားပဲ...၊ ဒါပေမဲ့...ဒီသီတင်းကျွတ်တော့ ငါ့အဘွားရဲ့ ဆုပေးစကားသံကို ကြားနိုင်တော့မှာမဟုတ်ဘူး...နောင်နှစ်တွေမှာရောပေါ့..."

သူ့သူငယ်ချင်းမလေးက နားလည် စာနာစွာ ခေါင်းညိတ်ပြသည်။
"ဒါနဲ့ နင့်ဘွားဘွားက သက်ကြီးရောဂါနဲ့ဆုံးသွားတာလား..."
" ငါ့ဘွားဘွားက သက်ကြီးရောဂါဆိုတာထက်... ဒီလိုသီတင်းကျွတ်လပြည့်ညတစ်ညမှာပေါ့...လိပ်ပြာငယ်တဲ့ ငါ့ရဲ့ဘွားဘွားဟာ သီတင်းကျွတ်ရဲ့သင်္ကေတတစ်ခုဖြစ်တဲ့
ကလေးတွေဆော့လေ့ရှိတဲ့...ဗြောက်အိုးတွေ မီးရှူးမီးပန်းတွေလို ပေါက်ကွဲသံတချို့ရဲ့လှုံ့ဆော်မှုနဲ့အတူ ငါတို့ကို နှုတ်ဆက်ထွက်ခွာသွားတာပဲလို့ဆိုရမှာပေါ့...ဒါတွေက သတိမထားမိတဲ့သူတွေကို အထိတ်တလန့်ဖြစ်စေတတ်တဲ့ပေါက်ကွဲသံတွေပဲမလား...နောက်ပြီး ရွာမှာငါတို့မိသားစုးလေးလည်းမရှိတော့ဘူး ရွာမှာဘယ်သူမှမရှိကြတော့ဘူး ခြောက်ကပ်နေတဲ့ ဇရပ်ပြိုတစ်ခုလိုမျိုး ငါတို့ရွာလေး ကျန်ရစ်ခဲ့တာ...ဒီတော့ ...ငါရွာပြန်ဖြစ်တော့မှာမဟုတ်ဘူး... သူငယ်ချင်း"

"ကြားရတာ စိတ်မကောင်းစရာပဲသူငယ်ချင်း...အခုလိုမေးမိတဲ့အတွက် တောင်းပန်ပါတယ်နော်..."

"ရပါတယ်ဟာ...နင်အခုလိုမေးတော့လည်း ငါကရင်ဖွင့်ရတာပေါ့...ကျေးဇူးတောင်တင်ပါသေးတယ် သူငယ်ချင်း..."
သူကပြုံးပြသော်လည်း ထိုအပြုံးမှာ မချိအောင်ခံစားရရှာ၍ အားတင်းဖြေသိမ့်သည့်သဘောဖြင့်ပြုံးပြသော အပြုံးမျိုးဖြစ်ကြောင်း သူငယ်ချင်းမလေးက နားလည်လေသည်။

များမကြာသေးမီက သူငယ်ချင်းအဖြစ်ခင်ခွင့်ရခဲ့သော မိန်းကလေးထွက်ခွာသွားသည့်အခါ
သူ၏အတွေးသည် တွေဝေစွာ၊ ဆွေးငေးစွာ ကျန်ရစ်တော့၏။

(ဂ)

၁၃၈၅-ခု၊ သီတင်းကျွတ်လပြည့်နေ့။

အိမ်ခြေတစ်ရာခန့်မျှရှိသောရွာငယ်လေးသည် စည်းလုံးဟန်ရှိသည်။ ရွာပြင်စပ်၌ရှိသော ဘုန်းတော်ကြီးကျောင်းရှိ လုပ်အားပေးလူငယ်တို့က သက်သေပြုနေသည်။
"ဒီနေ့ည ခင်မေက ငါ့ကိုအဖြေပေးမှာကွ..."
"ဟဲ့...အောင်မောင်း...၊ နင်သူ့ကိုပိုးနေတာ တော်တော်ကြာပါပြီ၊ အခုထိအဖြေမရသေးဘူးလား"
"ဒါတော့ သူက သီတင်းကျွတ်မှ အဖြေပေးမယ်ပြောထားတာကိုး၊ နောက်ပြီး သူငါ့ကိုလက်ခံပြီဆိုတာနဲ့ သန်ဘက်ခါကျရင် အာဝါဟဝိဝါဟပြုတော့မှာဟ..."
"ဟုတ်လို့လား အောင်မောင်းရာ...ဟိုတစ်နေ့က သူပြောတာတော့ အာသဝေါတရားတွေကုန်ခမ်းနေပြီမို့ သီလရှင်ဝတ်တော့မယ်ဆိုလားပဲ..." တစ်ယောက်က အရွှန်းဖောက်လိုက်သောအခါ အကုန်လုံး တသောသောနှင့် ဟက်ဟက်ပက်ပက်ရယ်မောကြကုန်၏။ စကားတရွှင်ရွှင်ပြောလျက် လက်မှလည်း အလုပ်မပျက်ပေ။ နေဝင်ရိုးရီအချိန်၌ လွှတ်တင်မည့်မီးပုံးပျံကြီးကို ဓမ္မာရုံထဲတွင် ပုံဖော်​ပြုလုပ်နေကြခြင်းဖြစ်သည်။ အကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။ တချို့ကလည်း ဘုန်းတော်ကြီးကျောင်းအဝင်လမ်းတလျောက်၌ ရေနံဆီမီးထွန်းညှိရန် လူတစ်ရပ်အမြင့်ရှိသော ဝါးတိုင်ငယ်များ စိုက်ထူလျက်ရှိကြသည်။ တချို့က ဘုန်းတော်ကြီးကျောင်းသို့လာကြသော ရွာသူရွာသားများကိုကျွေးမွေးဧည့်ခံရန် မုန့်ဖက်ထုပ်လည်း လုပ်နေကြသည်။ သီတင်းကျွတ်အခါသမယကို တပျော်တပါးဖြတ်သန်းလိုကြသည်မှာ သူတို့အားလုံး၏ ရင်ထဲမှ ဆန္ဒဖြစ်သည်။ ဓမ္မာရုံရှေ့အသံချဲ့စက်မှ ထွက်ပေါ်နေသောသီချင်းကို လိုက်ဆိုညည်းရင်း တစ်ယောက်တစ်လက်ပါဝင်ဆင်နွှဲနေကြသည်မှာ မောဟန်မတူ၊ သောဟန်သာတူသည်။ စည်းလုံးမှုကပေးသော ပျော်ရွှင်မှုပင်ဖြစ်မည်။

ပိုက်ဆံတတ်နိုင်သူတို့က အိမ်ရှေ့တွင် ရောင်စုံစက္ကူမီးပုံးငယ်များချိတ်ဆွဲ၍ အလှဆင်ကြ၏။ မတတ်နိုင်သူတို့က ဖယောင်းတိုင်မီးများထွန်းညှိ၍ အလှဆင်ကြ၏။ အရောင်အဝါလင်းလက်စွာသော အေးမြမြလရောင်အောက်တွင် မီးရောင်စုံထိန်ထိန်ညီး၍ တစ်ရွာလုံး ဝင်းပြောင်နေတော့၏။

ကလေးလူငယ်များသည် မြေသားလမ်းကလေးပေါ်တွင် ငရဲမီးဆော့နေကြသည်။ တချို့က ဗြောက်အိုးဖောက်နေကြသည်။ တချို့က သက်ကျားအိုများကို တစ်အိမ်ဝင်တစ်အိမ်ထွက် ရှိခိုးကြသည်။ တချို့က ရွာဘုန်းကြီးကျောင်းမှ မုန့်ဖက်ထုပ်စားရန် သူ့ထက်ငါအလျင်ပြေးလွှားသွားနေကြသည်။ သူတို့ပျော်ရွှင်မြူးထူးနေကြသည်ကိုး။

"မေမေ...လူတွေက ဘာလို့ မီးတွေထွန်းနေကြတာလဲဟင်..."
" ဒီလို သမီးရဲ့...သီတင်းကျွတ်လပြည့်နေ့ဆိုတာ မေမေတို့ ကိုးကွယ်ဆည်းကပ်နေကြတဲ့ မြတ်စွာဘုရားရှင်ဟာ မယ်တော်မိနတ်သားကို အဘိဓမ္မာတရားဟောကြားပြီးတော့ တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကိုပြန်လည်ဆင်းသက်လာတဲ့နေ့ဖြစ်တယ်၊ ဒါကြောင့် မြတ်စွာဘုရားရှင်ကို ကြိုဆိုပူဇော်တဲ့အနေနဲ့ ဆီမီးတွေထွန်းကြတာပေါ့သမီးရဲ့... ၊ ဘုန်းကြီးကျောင်းကိုရောက်ရင် ဘုန်းဘုန်းကိုရှိခိုးပြီးတော့ မီးပုံးပျံလွှတ်တင်တာကို ကြည့်ကြမယ်လေ..."
"မေမေ...သမီး မီးပုံးပျံလွှတ်တင်တာကို မမြင်ဖူးဘူး"
"ခဏနေတော့ မြင်ရမှာပေါ့သမီးရဲ့..."

အိမ်တွင်းဆိတ်၍ အိမ်ပစည်ကားသည်။ ပျားပန်းခပ်မျှလူတို့သည် ရွာဘုန်းတော်ကြီးကျောင်းသို့ ဦးတည်သွားနေကြသည်။ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနံဘေးကွင်းပြင်သို့ လူတို့အစုအရုံးရောက်ရှိလာကြသောအခါ မီးပုံးပျံကြီးမှာ မှိုင်းဝတော့မည်ဖြစ်သည်။ မကြာမီ ကောင်းကင်ပြင်ဆီသို့ ပျံတက်တော့မည်။

"မီးပုံးကြီးကို ဘာလို့ မီးရှို့နေကြတာလဲ မေမေ"
"သြော်...ဒါက မီးရှို့နေတာမဟုတ်ဘူး သမီးရဲ့၊ မှိုင်းတိုက်နေတာလို့ခေါ်တယ်"
"ဘာလို့မှိုင်းတိုက်တာလဲ မေမေ"
"မီးပုံးပျံကြီးကို ဟိုး...အမြင့်ကြီးထိ ပျံတက်သွားအောင်လို့ပေါ့ သမီးရဲ့..."
"ဟင်၊ ဒါဆို သမီးလည်း မီးပုံးပျံကြီးလို ဟိုး...အမြင့်ကြီးထိ ပျံသန်းချင်တယ်မေမေ၊ သမီးကိုလည်း မှိုင်းတိုက်ပေးနော် မေမေ..."
"ဟဲ့...လွဲပါစေ ချော်ပါစေတော်၊ ဒီလိုမပြောရဘူးသမီးရဲ့..."
"ဘာလို့လဲ မေမေ..."
"ဒေါ်ညို့သမီးက နှိုက်နှိုက်ချွတ်ချွတ်မေးတတ်တာပဲနော်..."
"ဟုတ်တယ် မောင်အောင်မိုးရေ...အဒေါ့်မှာ သူမေးတာကိုဖြေရတာနဲ့တင် ဖတ်ဖတ်ကိုမောနေပါပြီကွယ်..."
"ရော့...ညီမလေး၊ မုန့်ဖက်ထုပ်လေးစားဦး..."
"မီးပုံးပျံကြီးမှိုင်းဝနေပြီဟေ့"
"... ဟိုမှာ မီးပုံးကြီးပျံတော့မယ်တဲ့၊ ကောင်းကင်ပြင်ကြီးထဲမှာ မီးပုံးကြီး လွတ်လပ်လွတ်လပ်ပျံသန်းတာ သိပ်လှတာပဲသမီးရဲ့၊ ကြည့်နေ...မီးပုံးကြီး ပျံတက်တော့မယ်"

မီးပုံးပျံကြီး၏ အမြင့်ပျံလိုမှုကို ဆက်မထိန်းထားနိုင်တော့သည့်အခါ မီးပုံးပျံကြီး၌တပ်ဆင်ထားသော မီးရှူးမီးပန်းများ၏ စနက်ကြိုးကို မီးညှိပေးလိုက်၏။ ထို့နောက် သွားလိုရာသို့ လွပ်လပ်စွာသွားခွင့်ပြုလေ၏။ မီးပုံးပျံကြီးကို အောင်မြင်စွာလွှတ်တင်လိုက်သောအခါ ပရိသတ်တို့မှာ ဝမ်းမြောက်ဝမ်းသာ လက်ခုပ်သြဘာပေးကြ၏။

မီးပုံးပျံကြီးသည် အတန်ငယ်အမြင့်ရောက်လာ၏။ မီးညှိပေးလိုက်သော စနက်ကြိုးသည် ယမ်းစာများကို လောင်ကျွမ်းစေသည့်အခါ မီးရှူးမီးပန်းများမှာ ရောင်စုံမီးမှုန်မီးပွားများဖြာထွက်ထွန်းလင်းလျက် တရှူးရှူးတဒိုင်းဒိုင်း ပေါက်ကွဲကြတော့၏။ ထိုအခါ ကောင်းကင်ကြီးမှာ မီးရောင်စုံပြန့်ကြဲလျက် လှချင်တိုင်းလှ၍နေတော့၏။ ပရိသတ်တို့ကလည်း ယခင်ကထက် ဆကဲပျော်ရွှင် မြူးခုန်လျက်ရှိတော့၏။

ဗြောက်အိုးသံ၊ မီးရှူးမီးပန်းသံတို့နှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ဟည်းစေလောက်သည့် ပေါက်ကွဲသံတစ်ခုကိုလည်းကြားရသည်။ ထိုပေါက်ကွဲသံတွင် သေနတ်သံများကဲ့သို့အသံများလည်း ရောယှက်ပါဝင်နေသည်။ ၎င်းတို့သည် အဆက်မပြတ်ပေါက်ကွဲကြလျက် ပတ်ဝန်းကျင်ကို ဆူညံစေတော့သည်။

ရွာသူရွာသားတို့ လန့်ဖျပ် ကြကုန်၏။ ကွင်းပြင်မှလူတို့သည် ရုတ်ရုတ်သဲသဲဗျာများကြကုန်၏။ ဤမျှကြောက်စရာကောင်းသည့် ပေါက်ကွဲသံကို မည်သူတို့ဖောက်ခွဲနေကြသနည်း။

"ဘယ်ကောင်တွေ လက်ကမြင်းနေကြသလဲကွာ၊ ရွာထဲမှာ သက်ကြီးဝါကြီးတွေရှိတယ်၊ လူတွေကိုအထိတ်တလန့်ဖြစ်စေတယ်ဆိုတာ ဒီကောင်တွေ နားမလည်ကြဘူးလားကွ၊ အပျော်ကနေ အပျက်ဖြစ်တော့မှာပဲ၊ဟင်း... မနက်ကျမှ ဒီကောင်တွေကိုခေါ်ပြီး ကောင်းကောင်းကြီးကို ဒဏ်ပေးပစ်မယ်ကွာ...၊ လူမှုရေးအသိတရားမရှိတဲ့ကောင်တွေ...."

ရွာလူကြီးက ဒေါနှင့်မောနှင့် ကြိမ်းမောင်းလျက်ရှိတော့သည်။

"ပြေးကြဟေ့...ပြေးကြ...၊ ရွာထဲကို သူပုန်တွေ ဝင်ပြေးလာလို့စစ်ဖြစ်ကြကုန်ပြီ၊ ရွာထဲကို ဝင်လို့မရတော့ဘူး၊ လွတ်ရာကျွတ်ရာဖြစ်မဲ့နေရာကိုပဲ ပြေးကြတော့ဟေ့..."
"ဟေ...တကယ်လား"
"မြတ်စွာဘုရား..."
"ဘယ်ကိုပြေးရမလဲ... ဘယ်ကိုပြေးရမလဲ"
"မြညိုရေ...ဘယ်မှာလဲကွ..."
"အသက်လောက်ဘာမှအရေးမကြီးဘူးကွ၊ အိမ်ကဥစ္စာတွေ အသာထား...၊ လွတ်အောင်သာမြန်မြန်ပြေးကြ..."
"အိမ်မှာ အမေအိပ်ကျန်ခဲ့တယ်နော် ကိုမင်းအောင်..."
"နောက်တော့မှ မီးစဥ်ကြည့်ကရမှာပဲဟေ့... ကိုယ့်သားကိုယ့်မယားခေါ်ပြီး လွတ်အောင်သာပြေးကြ"
"လာ လာ... တောဘက်ကိုရှောင်ရအောင်..."

ကလေးသက်ကြီးတိုးလိုးတွဲလဲနှင့် ရွာမှတတ်နိုင်သမျှ ဝေးရာကိုပြေးကြရ၏။ မော၍နားရန်အချိန်မရှိ။ မည်သူကမည်သူ့ကိုပစ်မှန်းမသိသော သေနတ်သံများကို တရစပ်ကြားနေရသေး၏။ ဗုံးပေါက်ကွဲသံတို့ကိုလည်း တစ်ချက်တစ်ချက် ကြားရသေး၏။ တစ်ယောက်ကိုတစ်ယောက် ဂရုမထားနိုင်ကြ​တော့ဘဲ အချင်းချင်းတိုးဝှေ့ပြေးကြရင်း ခလုတ်တိုက်မိ၍ မှောက်လျက်လဲသူလဲ၊ ဒဏ်ရာအကွဲကွဲအပြဲပြဲ အငိုငိုအယိုယိုနှင့် ခြေဦးတည်ရာ ပြေးကြ၏။ မပြေးနိုင်တော့သည့်သူတို့ကမူ ဘုရားကိုတ၊ ကံအားကိုးလျက် အိမ်ချောင်ကြား၌၊ မြေကြမ်းပြင်၌ ကုပ်ကုပ်ရုပ်ရုပ်ပြားပြားဝပ်၍နေကြလေတော့၏။

အဘယ်သူ့အိမ်လောင်မီးကျသည်မသိ။ မီးလျှံများကိုလည်း မြင်ရ၏။ မီးခိုးအူအူလည်းမြင်ရ၏။ သန်းခေါင်ကျော်လောက်မှ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွား​တော့၏။

နံနက်လင်းချိန် ရွာသို့ပြန်ဝင်လာကြသောအခါ အနိဋ္ဌာရုံမြင်ကွင်းသည် မျက်စိရှေ့၌ ထင်ပေါ်နေတော့သည်။
"ယောကျာ်း...ယောကျာ်း...တော့်အမေ အသက်မရှိတော့ဘူး ကိုမင်းအောင်ရဲ့..."
"ဘွားဘွား..."
အောင်မိုး အိမ်ပေါ်သို့ ပြေးတက်သွားပြီးနောက် သူ့အဘွား၏ ပါးလျားကြုံလှီလှသော ရုပ်ကြွင်းကို ပွေ့ဖက်ကာ အားပါးတရငိုတော့သည်။

"မြညိုရာ..မင်း သမီးလေးကိုတော့ခေါ်သွားပြီး ငါ့ကိုတော့ တစ်ယောက်တည်းထားခဲ့ရက်တယ်နော်...တောက်...ဒီအမျိုးယုတ် လူစိတ်မရှိတဲ့ မိစ္ဆာကောင်တွေကွာ...တစ်နေ့ မင်းတို့ကို မတွေ့တွေ့အောင်ရှာပြီးတော့လေ ငါတို့မိသားစုအစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသလိုမျိုး မင်းတို့ဘဝတွေကို ဒီမြေမှုန့်တွေလို တစ်စစီဖြစ်သွားအောင်ကို ကြိတ်ခြေပြမယ်ကွ...လူ့ငချဥ်တွေ...ငမိုက်ခွေးတွေ..."
မြေမှုန့်ကို တင်းကျပ်နေအောင်ဆုပ်ကိုင်လျက် မြေကြီးကို တွေတွေထုကာ ပင်ပန်းကြီးစွာငိုတော့သည်။
"တရားနဲ့ဖြေပါတော့ ကိုယ့်လူရာ...သူတို့တစ်ချိန်ကျရင် ဝဋ်လည်ဦးမှာပါ...ကံက အကျိုးပေးဦးမှာပါ..."
"ဘာကွ...တရားနဲ့ ဖြေ ဟုတ်လား...၊ မဖြေနိုင်ဘူးကွ မဖြေနိုင်ဘူး...ငါက ဇနီးရော သမီးရော ဆုံးရှုံးရတဲ့သူပါ...ဒါတွေကို ထုတ်ဖော်မပြောရဘဲ ရင်ထဲမှာဆို့တစ်နေပြီးတော့ တမြည့်မြည့်ခံစားစေချင်သေးတာလားကွ...ဝဋ်ဆိုတာလည်းတော်စမ်းပါ...သူတို့ဝဋ်လည်မှာက နောက်မှကွ၊ ငါတို့မမြင်ရတဲ့ အနာဂတ်ကွ၊ အဲ့ဒီအစား ငါ့ဇနီးနဲ့ သမီးကိုပဲ အသက်ပြန်ရှင်လာအောင်လုပ်ပေးပါတော့လားကွာ...ဘယ်တရားသူကြီးက ယုံတမ်းစကားတွေနဲ့ တရားချနေရတာလဲ...ငါ... ငါအနူးအညွတ်ကို တောင်းပန်ပါတယ်ကွာ..."

မည်သူသည် သူ့အားဖြေသိမ့်ရန်ကြိုးစားဦးမည်နည်း။

ရွာသူကြီးမှာတွေးဆရခက်လှပြီ။ အဘယ်တရားရုံးသို့သွားတိုင်ကြားရမည်နည်း။ သေဆုံးပြီးသူတို့အတွက် မည်သူက မည်သို့တာဝန်ယူမည်နည်း။

မီးစွဲလောင်၍ ပြာမကျရုံသာကျန်တော့သော အိမ်ကလေးကိုကြည့်လျက် "မေမေ...သားတို့အိမ်လေးရော...သားတို့ဘယ်မှာနေရမှာလဲဟင်..."ဟု မေးသောအခါ မိခင်ဖြစ်သူက သားငယ်မျက်နှာကို ရင်ခွင်ထဲပိုက်သွင်းလျက် ရှိုက်ကာရှိုက်ကာငိုတော့သည်။

"မေမေတို့အိမ်လေးရော...မေမေတို့ရွာလေးရော... စစ်ပွဲသေးသေးလေးတစ်ခု ဝါးမျိုလို့ စစ်တလင်းလေးဖြစ်သွားပြီကွဲ့...မေမေတို့ နေရာသစ်မှာ အိမ်အသစ်လေးသွားရှာရတော့မှာပေါ့..."

သားငယ်က မိခင်ပြောသောစကားကို ရေရေရာရာနားမလည်သော်လည်း "ရေး...အိမ်အသစ်ရတော့မယ်ကွ..."ဟုဆိုကာ ခုန်ဆွခုန်ဆွလုပ်လိုက်သေးသည်။
ရွာသူရွာသားတို့သည် သူ့ကိုကိုယ်မကယ်နိုင်၊ ကိုယ့်ကိုသူမကယ်နိုင်ဖြစ်ကြရချေပြီ။

(ဃ)

၁၃၈၆-ခု၊ သီတင်းကျွတ်လပြည့်နေ့။

ဓတရဋ္ဌ၊ ဝိရူဋ္ဌက၊ ဝိရူပက္ခ၊ ကုဝေရ မည်သော လောကကိုစောင့်ရှောက်သည့် နတ်မင်းကြီးလေးပါးထံ တိုင်တန်းပါသည်။

ဗြောက်အိုး၊ မီးရှူးမီးပန်းတို့သည် လူသားတို့မြင်နိုင်ရန်ခဲယဥ်းလှသော ပိုးမွှားတို့ကို သေကြေပျက်စီးစေခဲ့ပါလျှင် သတိမမူမိကြကုန်သော၊ ပျက်စီးစေရန်အလို့ငှာရည်ရွယ်ချက်မရှိကြကုန်သော ထိုသနားစရာ လူသားတို့ကို လည်ပတ်တတ်သည့်သဘောရှိသည်ဆိုသော "ဝဋ်"က ခွင့်လွှတ်နိုင်ပါစေ။

မောင်အောင်မိုး။

Photo Source- Internet

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်