Youth’s Book Reflections
ဖတ်ကြည့်သင့်တဲ့စာအုပ်ပါပဲ။ စာမျက်နှာအနည်းငယ်ပဲပါတဲ့ဒီစာအုပ်ဟာ စာဖတ်သူရဲ့အာရုံဝင်စားမှုကို သိမ်းကျုံးခေါ်သွားပါတယ်။’ပြေး’ဆိုတဲ့စာလုံးကြီးကြီးနဲ့ စာမျက်နှာအပြည့်ရေးသွားတာမျိုး၊မိုးကြိုးပုံ မြည်သံစွဲစကားလုံးရေးပြတာမျိုးတွေ စာလုံးနှင့် ပုံဖော်ပြတာတွေ့ရတယ်။
စာအုပ်ထဲက ဇာတ်လမ်းအကြောင်းမပြောခင်မှာ ဒီစာအုပ်ရေးသူအကြောင်း သိချင်ခဲ့တာတွေရှိတယ်။ကျနော်ကတော့ မဖတ်ဖူးပေမယ့်လို့ ‘ကျောက်စာကိုခဲဖျက်နှင့်ဖျက်၍မရ’ဆိုတဲ့တစ်အုပ်ကတော့ Hotသွားခဲ့တယ်ဗျ။
ဇာတ်လမ်းကိုဆက်ကြစို့။ကျော်အောင်ဆိုတဲ့လူတစ်ယောက် ထူးထူးခြားခြားတွေဖြစ်နေတယ်။ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့အရိပ်ကိုမြင်နေရတယ်တဲ့။ တခြားလူအတွေးတွေကိုမြင်နေရတယ်။ သူ့အတွေးတွေ၊ မကောင်းတဲ့အမှောင်ဘက်ခြမ်းက စိတ်ယုတ်စိတ်ညစ်တွေကို သူ့အရိပ်သဏ္ဍာန်အနေနဲ့ မြင်လာရတော့ သူလန့်လာတယ်။
သူဒီပြဿနာကိုဖြေရှင်းဖို့ သူအမျိုးမျိုးကြိုးစားကြည့်တယ်။ဘယ်အရာကမှ ဒီပဟေဠိကိုမဖြေရှင်းပေးနိုင်ခဲ့ဘူး။လူတွေကလည်း အရူးလို့သတ်မှတ်ကြတယ်။ဒီတော့လက်လျှော့လိုက်ပြီး သူများအရိပ်တွေကိုလိုက်လှောင်ပြောင်တယ်။ကိုယ့်အရိပ်ကျ အရိပ်မထွက်လာအောင် အရိပ်ကောင်းကောင်း အရိပ်ကြီးကြီးတွေအောက်နေပြီး ဖျောက်ပစ်ဖို့ကြိုးစားတယ်။ဒီဒုက္ခဆင်းရဲတွေကလွတ်ဖို့ တစ်နေ့ကျတော့ အကြောင်းဖန်လာတယ်။
အရိပ်မထွက်တဲ့ မိန်းကလေး….။သူနဲ့တွေ့ပြီးနောက်မှာ သူကြိုးစားဖြေရှင်းနေဆဲပုစ္ဆာရဲ့အဖြေကို သူတဖြည်းဖြည်းနားလည်လာတော့တယ်။အရိပ်မထွက်တဲ့မိန်းကလေးနဲ့ စကားပြောရင်း သူသိချင်တာတွေ၊ သူမသိခဲ့တာတွေ၊သူကြောက်နေတာတွေကို ပိုင်းခြားတတ်လာတယ်။
“သိပ်မခက်ပါဘူး၊ အရမ်းကြီးလည်းမလွယ်ပါဘူး ကြိုးစားကြည့်ပါ”တဲ့
ဖတ်ပြီးတဲ့ခံစားချက်ပြောရရင် ကောင်းတာလေးတွေရွေးလုပ်ချင်စိတ်ပေါက်လာတယ်။တရားထိုင်ချင်စိတ်လည်းပေါက်တယ်။ကိုယ့်စိတ်ကိုယ်ဖုံးကွယ်ထားရတာမျိုးကို မုန်းလာတယ်။မကောင်းတဲ့ ကိုယ့်ကိုဆွဲချနေတဲ့စိတ်တွေကို ရှင်းထုတ်
ချင်လာတယ်။အရိပ်မထွက်တဲ့မိန်းကလေး နေထိုင်ကျင့်သုံးသလို ပုံစံမျိုးတွေ လိုက်လုပ်စမ်းချင်မိတယ်။ပြတင်းပေါက်ဟင်းလင်းနဲ့ဝါးတဲလေးထဲပဲနေချင်သလိုလို အရိပ်အာဝါသကောင်းကောင်းရတဲ့နေရာဆီသွားချင်
သလိုလို။အတွေးတွေကို နှိပ်ကွပ်ရတာ ချုပ်တည်းရတာ ဘယ်လောက်ပင်ပန်းလိုက်သလဲလေ။လိုက်လေ ဝေးလေနှင့် ဘယ်တော့များမှ ရပ်တန့်နိုင်ကြတော့မှာလဲ…။
Rating-⭐️⭐️⭐️⭐️⭐️
#bookreview#Youths_book_reflections
#အရိပ်တကြည့်ကြည့်
#မြေမှုန်လွင်
Keep Reading