Youth’s Book Reflections
သွေးစွန်းသောနေ့ရက်များ….
အလင်းရောင် မှေးမှိန်ခဲ့ရသောရက်များ…..
မျက်ရည်သောကအပူမီးတို့ဖြင့်ပြည့်သောနေ့စွဲများ….
နိုင်ငံတစ်နိုင်ငံချင်းဆီမှာ တစ်ခေတ်တစ်ခါတော့ သူရဲကောင်းတစ်ဦး ပေါ်ထွန်းစမြဲပင်။မိမိကိုယ်ကိုသာမက တစ်မျိုးသားလုံး၏အကျိုးစီးပွါးကို ရှေးရှု၍ တိုးတက်ရေးကိုဆောင်ရွက်ခဲ့ကြတယ်ရန်သူနည်းသည့်အပြင် ကိုယ်ချင်းစာတရားမေတ္တာစိတ်အပြည့်ဖြင့် အမှုကိစ္စကို ဆောင်ရွက်ကြတယ်။ခေတ်တိုင်းတွင် သူရဲကောင်းတွေရှိကြတယ်။ ခေတ်အလိုက်သာ မူသေထားမရပေမယ့် အကုန်နီးပါးတူတာတစ်ချက်ကတော့ သူတို့တွေက သာမန်သူလိုကိုယ်လိုပဲ မွေးဖွားခဲ့ကြတယ်။ လက်တစ်ဖက်၊ခေါင်းတစ်လုံး ပိုမပါကြပါဘူး။
အဖိုးတန်နိုင်ငံ့သားကောင်းရတနာတွေအာဇာနည်ကြီးတွေ လုပ်ကြံခံရပုံကို ဇာတ်လမ်းလို အသေးစိပ်ဖတ်ရမှာဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအချက်ကျကျ မျက်စိထဲမြင်အောင် ရုပ်ရှင်ပြနေသလို တစ်စုတစ်စည်းတည်းရေးပြတာမျိုးပါ။လုပ်ကြံခံရပုံ၊အကြောင်းရင်းတွေ အဖြစ်အပျက်တွေကို ပုံဖော်ရင်း ဗဟုသုတတိုးပွါးစေတယ်။
“အောင်ဆန်း” “လင်ကွန်း” “ကနေဒီ” “ဂန္ဒီ”
လုပ်ကြံသူအားလုံးမှာ တူညီတဲ့တစ်ချက်ရှိတယ်။အဆုံးထိ သူတို့ကိုယ်သူတို့ အပြစ်မရှိဘူးပဲခံယူထားတယ်။ ငါလုပ်လိုက်တာက အမျိုးသားထုတစ်ရပ်လုံးကိုကယ်တင်လိုက်တာပဲလို့တောင် တချို့တရားခံတွေယူဆကြတယ်။ပြီးတော့ ပြည်သူချစ်ခေါင်းဆောင်ကြီးတွေမှာလည်း ချစ်သူခင်သူချည်းပဲမရှိနေဘူး။မုန်းတဲ့သူ မနာလိုသူတွေကရှိနေတာပဲ။ဘယ်လောက်ကောင်းအောင်လုပ်လုပ် အကောင်းကိုမမြင်ကြတာမျိုးပေါ့။
သမ္မတလင်ကွန်းက အမေရိကန်မှာဆို လူဖြူလူမည်း ပြဿနာကို ဖြေရှင်းပေးခဲ့တဲ့အတွက် တစ်ပြည်လုံးရဲ့မေတ္တာကိုခံယူခဲ့သူ။တစ်ချိန်တည်းမှာပဲ နစ်နာတဲ့ကျွန်
ပိုင်ရှင်ဘက်ကအမုန်းကိုလည်း ခံယူထားရတယ်။လင်ကွန်းအယူအဆကတော့ လူတိုင်းမှာ လူ့အခွင့်အရေး သာတူညီမျှရှိသင့်သည်တဲ့။ခေတ်ကိုပြောင်းပစ်ခဲ့တာပေါ့လေ။သူ့ကို လုပ်ကြံခဲ့တာကတော့ ဇာတ်မင်းသား။သူ့အကြောင်းကိုလည်း ဖတ်ပြီးသိရသလောက် လူတွေရဲ့အထင်သေးခံနေရတဲ့ လူတစ်ယောက်။ကိုယ်ကျင့်တရားပိုင်းနှင့်ပတ်သက်ရင်လည်း ကျနော်တို့သတ်မှတ်ထားတဲ့အရာတွေကို အကုန်ဖောက်ဖျက်တတ်သူမျိုး။သူ့မှာ ရည်ရွယ်ချက်ကြီးတစ်ခုတော့ရှိတယ်။အဲ့ဒါက တိုင်းသိပြည်သိကျော်ကြားချင်တာပဲ။ရည်ရွယ်ချက်ကတော့ ပြည့်ဝခဲ့သွားရှာပါတယ်။”famous”အစား”notorious(နာမည်ဆိုးနှင့်ကျော်ကြားသော)”။သူသတ်ရခြင်းအကြောင်းရင်းကိုတော့ အရှင်ဖမ်းမိခဲ့တာမဟုတ်လို့ အခုထိ ထင်ကြေးအမျိုးမျိုးပေးနေကြဆဲ။တချို့က သူ့အတ္တကြောင့်၊တချို့ကလည်း တောင်ပိုင်းသားတွေရဲ့စနက်စသဖြင့်…
နောက်တစ်ယောက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း မြန်မာ့လွတ်လပ်ရေးဗိသုကာလို့တင်စားကြတယ်။မြန်မာနိုင်ငံသားတိုင်း အာဇာနည်နေ့မှာတော့ အနည်းနဲ့အများဆိုသလို ကြားသိမှတ်သားခဲ့ရမှာပါ။ဒီစာအုပ်မှာကတော့ ဦးစောကြံစည်ဖြစ်ပုံ စီရင်ချက်ချပုံအထိ ဦးစောရဲ့ အကြောင်းကို အတော်လေး (အပြည့်စုံဆုံးတော့မဟုတ်လောက်ဘူး)ဖော်ပြထားပြီး ဘယ်လိုလူမျိုးလဲဆိုတာ ပြသထားတယ်။လက်အောက်ငယ်သားဖိနှိပ်တဲ့သူ၊တစ်ကိုယ်ကောင်းဆန်သူ၊တကယ်တမ်း အရေးကြုံရင် ကိုယ်လွတ်ရုန်းသူ၊ကျောသားရင်သားမခွဲခြားခြင်းလိုမျိုး ခေါင်းဆောင်ကောင်းပီသတဲ့ စကားလုံးဂုဏ်ပုဒ်တွေကို ဦးစောမှာရှာလို့မတွေ့နိုင်ဘူး။ဦးစောက လက်နက်တိုက်ကနေ လက်နက်လိမ်မထုတ်ခင်က ဘဏ်တစ်ခုဓားပြတိုက်ဖို့ကိုပါ စီစဉ်ခဲ့ဖူးတယ်လို့ထွက်ဆိုထားတယ်။
နောက်တစ်ယောက်ကတော့ အိန္ဒိယနိုင်ငံရဲ့ အလင်းရောင်လို့တင်စားတဲ့ ဂန္ဒီပါ။ဂန္ဒီရဲ့ သဘောထားမျိုး ခံယူမှုမျိုးကတော့ တကယ်ကို လေးစားထိုက်ပြီး သူ့ရဲ့ကြိုးပမ်းချက်တွေမှာ သူ့နိုင်ငံအတွက် စေတနာထက်သန်ပုံကို အတိုင်းသားမြင်ရတယ်ဗျာ။လူဦးရေများစွာရှိတဲ့ နိုင်ငံကြီးရဲ့ တစ်ဦးချင်းစီကမေတ္တာကိုခံယူထိုက်တဲ့ခေါင်းဆောင်ကြီး။သူ့ကိုလုပ်ကြံတာကတော့ လွတ်လပ်ရေးကိုတိုက်ယူမှရမယ်ဆိုတဲ့အစွန်းရောက်အဖွဲ့က စီစဉ်တွန်းအားပေးခဲ့တာဖြစ်ပြီး ဂန္ဒီကို လုပ်ကြံဖို့အမျိုးမျိုးကြိုးစားခဲ့ကြဖူးပါတယ် ။ဂန္ဒီကတော့ သူလုပ်ကြံခံရသည်အထိ သူ့ကိုလုပ်ကြံသူအပေါ် ဒေါသမထွက်ခဲ့ဘူးလို့ မျက်မြင်တွေကဆိုခဲ့ကြတယ်။
နောက်တစ်ယောက်ကတော့ ကနေဒီပါ။ကနေဒီဆို သူ့နာမည်ကိုကြားဖူးကောင်းကြားဖူးကြမှာပါ။war heroကနေ သမ္မတဖြစ်လာသူ၊နှလုံးရည်ရော လက်ရုံးရည်ရောပြည့်မှီတဲ့ ခေတ်သစ်သူရဲကောင်းကြီးပေါ့။ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးအတွက် သူ့လက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ ပြဿနာကြီးတွေကိုလည်း လူအများစုလက်ခံနိုင်လောက်တဲ့အတိုင်းအတာအထိ ကိုင်တွယ်ဖြေရှင်းပြနိုင်တယ်။သူလုပ်ကြံခံရတော့ သမ္မတအသစ် ကျမ်းသစ္စာဆိုတာကို အိမ်ဖြူတော်မှာမလုပ်ဘဲ Air Force Oneမှာ လုပ်ခဲ့ရတဲ့ ထူးထူးခြားခြား အဖြစ်မျိုးဖြစ်ခဲ့ပါတယ်။ကနေဒီလုပ်ကြံခံရမှုမှာ တရားခံသတ်ရတဲ့အကြောင်းရင်းကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပေမယ့် အမျိုးမျိုးထင်ကြေးပေးနေကြဆဲဖြစ်သလို၊ လူသတ်သမားထပ်ဆင့်သတ်ခံရမှုအပေါ်မှာလည်း ကောလဟလ ပေါင်းစုံထွက်ခဲ့ပါတယ်။
ကျနော်တစ်ယောက်တည်းအမြင်ပြောရရင် ဒီစာအုပ်က အသေးစိပ်ကျလွန်းပါတယ်။အကိုးအကားတွေကလည်း လူအများ လက်ခံထားတဲ့ဟာတွေကိုပဲ ရွေးပြီးတင်ပြတာမလို့ ဗဟုသုတတိုးပါတယ်။ကိုယ်တိုင်က ဒီအကြောင်းတွေကို သိသလိုမသိသလို ဝေဝေဝါးဝါးနဲ့ မရေမရာဖြစ်နေတာမလို့ ဒီစာအုပ်က လိုနေတဲ့ကွက်လပ်လေးတွေဖြည့်ပေးပါတယ်။တရားခံတွေရဲ့ ကြိုးစားအားထုတ်ပုံတွေပါသလို ဖြစ်ပျက်ခဲ့တဲ့ အချိန်၊နေရာအခင်းအကျင်း၊လုပ်ကြံရတဲ့အကြောင်းရင်း၊ပြင်မရတော့တဲ့အမှားတွေ၊သင်ခန်းစာတွေနဲ့ စာရေးသူရဲ့အာဘော်ကိုရော ဖတ်ပြီး အသိတိုးစေမှာပါ။
Rating-⭐️⭐️⭐️⭐️
#Youth’s_book_reflections
#bookreview
#လင်းယုန်မောင်မောင် #သွေးစွန်းသောနေ့ရက်များ
Keep Reading