မောရိသျှ
အချို့အချို့သော အရာတွေကို လျစ်လျူရှု ငြင်းပယ်တတ်ခြင်းကလည်း မဖြစ်မနေ ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်တယ်။ လိုအပ်ရင် လိုအပ်သလို အခြေအနေအလိုက် ငြင်းပယ်နိုင်ခြင်းက လုံ့လထုတ် လုပ်ကိုင်စရာ မလိုအပ်ဘဲ အလုပ်ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခြင်းတမျိုးပါ။ အရေးမပါတဲ့ အကြောင်းအရာတွေကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိ အချိန်တွေနဲ့ အရင်းအမြစ်တွေကုန်ဆုံးတာမျိုး အဖြစ်မခံပါနဲ့။ ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါဘဲ ရှောင်ကွင်းတတ်ရမယ်။ ပိုပြီးအရေးကြီးတဲ့ အချက်က ကိုယ့်အတွင်းရေးထဲကို စွက်ဖက်လာတာမျိုး အလုပ်မခံဖို့ပဲ။ သူ့အကန့်နဲ့သူ ရှိနေကြပါစေ၊ ကိုယ့်အလုပ်ကို သူများရဲ့ ကိုင်တွယ်မှုအောက် ရောက်မသွားစေနဲ့၊ အမှီအခိုကင်းတဲ့ ရပ်တည်မှုမျိုးနဲ့ လွတ်လပ်စွာ လှုပ်ရှားရုန်းကန်ပါ။
သူငယ်ချင်း အပေါင်းအသင်းဆိုတိုင်း သူ့အရေး ကိုယ့်အရေး မဖြစ်စေနဲ့၊ ကိုယ့်အရေးထဲ မလိုအပ်ဘဲ တပါးသူကို ဆွဲမထည့်မိစေနဲ့။ အင်မတန် အရေးကြီးတဲ့ အခြေအနေ၊ ကျဉ်းထဲကျပ်ထဲ ရောက်နေခဲ့တောင်မှ သူများရဲ့ အကူအညီ ယူစရာ မလိုရင် မယူဘဲ၊ တစ်ကိုယ်တည်း ဖြေရှင်းပါ။ မလွဲသာတဲ့ အနေအထားရောက်လို့ ခိုကိုးရာမဲ့တော့မှသာ ဦးညွှတ်ခယပြီး လိုအပ်တဲ့ အကူအညီကို မရှက်မကြောက် တောင်းခံပါ။ လေးစားမှုနဲ့ ချစ်ခင်မှုလျော့နည်းစေနိုင်တဲ့ အပြုအမူ၊ အကျင့်အကြံ၊ တွေးခေါ်မှုတွေ လုံးဝ မလုပ်မကိုင်မိပါစေနဲ့။ အတတ်နိုင်ဆုံး လွတ်လပ်တဲ့ ဘဝမှာ အနှောင်အဖွဲ့ကင်းကင်း နေနိုင်အောင် ကြိုးစားရုန်းကန်ပါ။ ကိုယ်လုပ်သမျှ ကိုယ်တဦးတည်းသာ ခံယူပါ။ လောင်းရိပ်အောက် မရောက်ပါစေနဲ့။
ကိုယ့်အရည်အချင်းကို သိပါစေ။ ကိုယ့်မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးကို တန်ဖိုးထားတတ်ပါစေ။ ရှိပြီးသား အရည်အချင်းကို တိုးတက်အောင် အမြဲပြုပြင်ပါ။ ဖွံ့ဖြိုးအောင် နေ့စဉ်မပြတ် လေ့ကျင့်ပါ။ လူတိုင်းမှာ သူများနဲ့မတူတဲ့ ထူးခြားအရည်အချင်းတွေ ရှိကြပြီးသားဖြစ်တယ်။ ကိုယ့်ဆီရှိတဲ့ အရည်အချင်းကို မနေ့ကထက် ဒီနေ့မှာ ပိုကောင်းအောင် အဆင့်မြင့်တင်ထားတာမျိုး ဖြစ်ပါစေ။ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို အဆင့်ခွဲခြားပြီး အမြဲစီစစ်ပါ။ အသုံးချလို့ ရနိုင်တဲ့ အရည်အချင်းဟူသမျှ ရလဒ်ကောင်း ထွက်ပေါ်လာအောင် မိုင်ကုန် ကြိုးစားပါ။ တချို့က ဝေဖန်မှုမှာ ထူးချွန်ကြတယ်၊ တချို့က လုပ်ရဲကိုင်ရဲတဲ့ သတ္တိမျိုး ရှိကြတယ်။ ဒါပေမဲ့ ကိုယ့်အရည်အချင်းကို မသုံးတတ်ကြလို့ အောက်ကျနောက်ကျ ဖြစ်နေကြတာ များတယ်။ ဝါသနာနဲ့ အရည်အချင်း ထပ်တူကျအောင် ကိုယ့်ကိုယ်ကို ပြုပြင်နိုင်ခဲ့ရင် သူမတူ ထူးကဲတဲ့သူ ဖြစ်ကို ဖြစ်နိုင်လိမ့်မယ်။
အချိန်ပေး တွေးခေါ်ဆန်းစစ်တဲ့ အကျင့်ကောင်း ရှိနေပါစေ။ အရေးကြီးတာမှန်သမျှ အချိန်ပေးပြီး စဉ်းစားဆုံးဖြတ်ပါ။ ကျရှုံးသွားကြတဲ့ မိုက်မဲသူတွေရဲ့ အဓိက အားနည်းချက်က အချိန်ယူပြီး စဉ်းစားတတ်တဲ့ အကျင့်မရှိလို့ပဲဖြစ်တယ်။ တဝက်တပြတ်လောက်ပဲ တွေးခေါ်တာမျိုး မလုပ်နဲ့၊ အပေါ်ယံလောက်ပဲ စဉ်းစားတာမျိုး မဖြစ်စေနဲ့၊ အကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာပဲတွေးတွေး စစ်စစ်ပေါက်ပေါက်တွေးပါ၊ ဘယ်လို အကြောင်းနဲ့မဆို ဘာတွေကိုပဲ ဆုံးဖြတ်ရပါစေ သတိကြီးစွာထားပြီး၊ တဆင့်ခြင်း တွေးခေါ်ပါ။ နည်းနည်းချင်းစီ ဖဲ့ပြီး အစိတ်လိုက် ပိုင်းဖြတ်သုံးသပ်ပါ။ အကန့်ခွဲပြီး အရေးကြီးရင် ကြီးသလို၊ ဦးစားပေးသင့်တာကို ဦးစားပေး တွေးခေါ်ပါ။ အရှုံးမရှိ၊ နစ်နာတာမျိုး မဖြစ်နိုင်တဲ့ ရွေးချယ်မှုတွေကိုသာ လုပ်ပါ။
စိတ်ကို ခံစားချက် တစ်မျိုးတည်းနဲ့ တစ်ပုံစံတည်း မဖြစ်စေနဲ့။ စိတ်ခံစားချက်ကို ပြုပြင်ရလွယ်ကူပါစေ။ ခက်ခဲတာတွေ၊ သံသယဖြစ်စရာတွေ၊ တွေဝေနိုင်စရာတွေနဲ့ ကြုံတွေ့ရတိုင်း ကိုယ့်အတွက် ရင်းနှီးမှုရှိပြီး၊ အကျိုးများနိုင်တဲ့ အရာတွေကိုသာ ဦးစားပေးလိုက်ပါ။ တွေးခေါ်တတ်ခြင်းက လူကို လူပီသစေနဲ့ တစ်မျိုးတည်းသော အလုပ်ဖြစ်တယ်။ တွေးခေါ်ဆန်းစစ်မှု မရှိဘဲ ဉာဏ်ပညာကြီးမြတ်နိုင်မှာ မဟုတ်ပါဘူး။ ပါးနပ်ခြင်းဟာ တွေးခေါ်တတ်မှုရဲ့ အဆီအနှစ်ပဲဖြစ်တယ်။
အခွင့်အလမ်းဟူသမျှ ဆုပ်ကိုင်ထားပါ။ လွယ်လင့်တကူ လက်လွတ်လိုက်တာမျိုး မဖြစ်ပါစေနဲ့။ ချိန်သားကိုက် လုပ်ကိုင်တတ်ခြင်းက ပါးနပ်မှုပဲ။ အခြေအနေကို သိတတ်ရမယ်။ တွေးတတ်လို့လည်း ပညာရှိမဖြစ်နိုင်သလို၊ လုပ်တတ်တိုင်းလည်း ပညာရှင်မဖြစ်ဘူး။ အကျိုးရှိမရှိ ချင့်ချိန်တတ်ပြီး၊ ပေးဆပ်မှုထက် ရနိုင်မှု ရလဒ်ကို မြင်တတ်မှသာ ပညာရှိ၊ ပညာတတ်ဖြစ်တယ်။ လက်ဆုပ်လက်ကိုင်ထားတဲ့ အရာကို ဘယ်အကြောင်းနဲ့မှ လက်လွတ်လိုက်ရတာမျိုး မဖြစ်စေနဲ့။ လက်ထဲက ရေဟာ ကိုယ့်အတွက်ပဲ ဖြစ်ရမယ်။ ဒါကြောင့် ကိုယ့်အတွက် မဟုတ်သေးသရွေ့ ဘာကိုမှ ဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့။ မလိုအပ်၇င် မလှုုပ်ရှားနဲ့၊ မဖြစ်သေးခင် ကြိုမပြင်နဲ့၊ မဟုတ်ဘဲနဲ့ မထောက်ခံနဲ့၊ အချိန်နဲ့ အခါကို မြင်တတ်ရမယ်။ ပါးနပ်စွာ လှုပ်ရှားရုန်းကန်ပါ။
စောင်းပါးရိပ်ခြည်အပြောလေးနဲ့ အရွဲ့တိုက်ဆွတတ်ရမယ်။ လူတွေရဲ့စိတ်ကို သိဖို့ မေးရုံနဲ့ မရသလို၊ ကြည့်တတ်ရုံနဲ့ မသိနိုင်ဘူး။ လူတွေရဲ့ စိတ်အလိုဆန္ဒကို သိနိုင်အောင် စောင်းပါးရိပ်ခြည် အပြောလေးနဲ့ အရွဲ့တိုက် ဆွတတ်ရမယ်။ သူတို့ နှလုံးသားထဲ သိုဝှက်ထားတဲ့ လျို့ဝှက်ချက်တွေကို တူးဆွစရာ မလိုဘဲ၊ ပြူခနဲ ပေါ်လာအောင် အရွဲ့စကားလေးတွေနဲ့ သွေးဆောင် ဖြားယောင်းပြီး စကားအစ်ပါ။ ကိုယ့်အတွက် အကျိုးဖြစ်ဖို့ဆိုရင် ဘာမဆို လုပ်ရဲရမှာဖြစ်သလို၊ လုပ်တတ်အောင်လည်း လေ့ကျင့်ထားရမယ်။
သူများစိတ်ကို သိအောင်ဆွတတ်မှ ကိုယ့်အလိုကို ဖုံးကွယ်ထားလို့ ရမှာဖြစ်တယ်။ စောင်းပါးရိပ်ခြည်စကားပြောနည်းက အင်မတန် အန္တ၇ာယ်များတယ်။ ဒါပေမယ့် ပါးနပ်စွာ ပြောတတ်ဆိုတတ် အစ်တတ်အောက်တတ်ရင်တော့ အကျိုးအင်မတန်ရှိတယ်။ မလိုအပ်ဘဲ စကားအစ်တာမျိုး မလုပ်နဲ့။ မရည်ရွယ်ဘဲ မေးမိသလို၊ မသက်ဆိုင်ဘဲ စကားအစ်သလို ဖြစ်သွားတာမျိုး လုပ်ကြံဖန်တီးပြီး လှည့်စားပါ။
မလိမ်တတ်ဘဲ လူကြီးလုပ်လို့ မရပါဘူး။ လူကြီးနဲ့ လူငယ် အဓိက ကွာခြားချက်က လူငယ်မှန်ရင် အမှန်တရားကို ဦးထိပ်ထားပြီး၊ လူကြီးမှန်ရင် မှားတာကိုမှ အမှန်ဖြစ်ကြောင်း အယုံသွင်းလုပ်တတ်ခြင်းပဲဖြစ်တယ်။ အမှန်တရားနဲ့ လူလုပ်လို့ မရပါဘူး။ အမှားကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနိုင်မှ အင်မတန် ရှုပ်ထွေးတဲ့ ဒီလောကကြီးထဲမှာ ရှင်သန်နိုင်ပါလိမ့်မယ်။
#မောရိသျှ
⸻အလယ်ခေတ် စပိန်လူမျိုး အတွေးအခေါ်ပညာရှင် ဘယ်လ်တဆာ ဂရေသျှန်
Keep Reading