မောရိသျှ
မကောင်းမြင်သူမဖြစ်စေနဲ့။ ကိုယ့်အကြိုက် မဖြစ်တိုင်း မကောင်းမြင်တဲ့သူမျိုး မဖြစ်စေနဲ့။ အမြော်အမြင်ရှိသူဟာ ကိုယ့်အလိုကို ဖိဆီးထားလေ့ရှိပြီး၊ အများအကြိုက်ကို ဦးစားပေးတတ်တယ်။ သို့သော် နေရာတိုင်း၊ အခါအခွင့်တိုင်းမှာ အများအကြိုက် ဆောင်လေ့ရှိသူမျိုး မဟုတ်ဘဲ၊ အကြောင်းအချက်နဲ့တကွ ထုတ်ပြပြီး အပြစ်ပြဆိုတတ်တယ်။
တစ်ချို့လူတွေက စာအုပ်ဆိုရင် ကြီးမှလေးမှ လူထင်ကြီးစရာကောင်းလို့ ကြိုက်တတ်ကြတယ်၊ တကယ်တမ်း ဖတ်တော့ မဖတ်ကြဘူး။ တစ်ချို့က ရှားပါးမှ တန်ကြေးကြီးတယ်လို့ ယူဆကြတယ်၊ အမှန်တော့ အဖိုးမထိုက်မှန်း မသိကြဘူး။ သူများနဲ့ မတူအောင် နေတတ်ပါစေ။ ထူးကဲသူသာ ဖြစ်ပါစေ။ အကောင်းကို အရင်ပြောပြီးမှ မကောင်းတာကို ထောက်ပြပါ။ မကောင်းတဲ့ တစ်ချက်အတွက် အကောင်း ဆယ်ကွယ်ပြောတတ်ရမယ်။
ဂုဏ်သိက္ခာရှိသူဆိုတာ ဘယ်တော့မဆို အကြောင်းအရင်းကို သိအောင် အရင်လုပ်လေ့ရှိတယ်၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ၊ ဘယ်လောက်ပဲ နားလည်ရခက်နေပါစေ၊ ဖိအားများစွာ ကျရောက်နေလင့်ကစား၊ စိတ်ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို သိအောင် အရင် လုပ်လေ့ရှိတယ်။ လူနည်းစုသာ ကျင့်ကြံအားထုတ်နိုင်ပြီး၊ လက်တွေ့အသုံးချနိုင်ကြတဲ့ ရှားပါး အရည်အသွေးတွေ ရှိသူများဖြစ်တယ်။
ဂုဏ်သိက္ခာရှိခြင်းဆိုတာက ပေါင်းသင်းဆက်ဆံရေးကြောင့်ဖြစ်စေ၊ ဘဝအခြေအနေအရဖြစ်စေ၊ ငွေကြေးဥစ္စာဓနကြောင့်ဖြစ်စေ၊ မျှတမှုမရှိတဲ့ အကြောင်းအချက်ကြောင့် တိမ်းစောင်းခြင်းမရှိတဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်တယ်။
ကောင်းခြင်းကိုလိုလားသူတိုင်း ဂုဏ်သိက္ခာရှိကြတယ်။ တန်ကြေးတန်ဖိုးထက် သစ္စာတရားကို ဦးထိပ်ထားကြတယ်။ တရားဘောင်အတွင်း နည်းစနစ်တကျ လုပ်ဆောင်လိုကြတယ်။
ပြောင်းလဲလွယ်သလို၊ ဖြောင့်မတ်တည်ကြည်မှုရှိကြတယ်။ အမှန်တရားကို ဆန့်ကျင်ပြီး ယုံမှားသံသယအတွက်နဲ့ ရပ်တည်မှုကို အလွဲမခံကြပါဘူး။
လေးစားမှုလည်းမရှိ၊ အလေးထားမှုလည်း မရှိတဲ့ အလုပ်ကို မလုပ်ရ။ ပူပင်သောကများရပြီး၊ ကိုယ့်ဘဝကို တိုးတက်စေနိုင်တဲ့ လမ်းကြောင်းမရှိတဲ့ အလုပ်ကို မလုပ်ရ။
ဘဝအနာဂတ် တိုးတက်ရာတိုးတက်ကြောင်း အကြောင်းအချက်မရှိတဲ့ အလုပ်ကို မလုပ်ရ။ ဝါသနာနဲ့ ထပ်တူကျပေမယ့်လည်း သက်မွေးဝမ်းကြောင်းဘဝကို ပြည့်စုံဖူလှုံနိုင်စွမ်း မရှိတဲ့ အလုပ်ကို မလုပ်ရ။ အပြိုင်အဆိုင်များပြီး စိတ်ဆင်းရဲစေနိုင်တဲ့ အလုပ်ကို မလုပ်ရ။
လူအများ အသိအမှတ်ပြုခံရရုံ သက်သက်နဲ့ မလုပ်နဲ့။ လူထင်ကြီးခံရရုံအတွက် သက်သက်နဲ့ မလုပ်နဲ့။ လူစိတ်ဝင်စားခံရရုံအတွက် သက်သက်နဲ့ မလုပ်နဲ့။ အများနဲ့မတူ တမူထူးခြားတဲ့ အလုပ်မျိုးကို လုပ်ချင်ရင် လူအများလုပ်လေ့ရှိတဲ့ စွမ်းဆောင်ရည်ထက် အဆများစွာ သာလွန်ကဲစွာ ကြိုးပမ်းအားထုတ်ပြီး သူမတူ ထူးကဲတဲ့ ကောင်းကျိုးရလဒ်ထွက်ပေါ်အောင် လုပ်ပါ။
ဘာပဲလုပ်လုပ်၊ ခက်ခဲမှု၊ ကြမ်းတမ်းမှု၊ ရက်စက်မှု၊ မမျှတမှု၊ မတရားမှု၊ ဖိနှိပ်မှု၊ ချုပ်ခြယ်မှု၊ စွက်ဖက်မှု၊ ကန့်ကွက်မှု၊ ဝေဖန်မှု၊ ဆန့်ကျင်မှုများစွာကို မလွဲမသွေ ကြုံရလိမ့်မယ်။ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ၊ စိတ်ရှည်သည်းခံပါစေ၊ မမျှော်လင့်ထားဘဲ၊ မသိမမြင်နိုင်တဲ့ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများစွာ ကြုံရလိမ့်မယ်။ ကျဉ်းထဲကျပ်ထဲ ရောက်သွားလိမ့်မယ်။ မတုန်လှုပ်မိစေနဲ့။ ရပ်တည်မြဲ ရပ်ပါ။ ရင်ဆိုင်မြဲ ရင်ဆိုင်ပါ။ ခုခံမြဲ ခုခံပါ။ ရဲစိတ်ကို တင်းထားပါ။
ကိုယ့်အတွက် အကျိုးရှိသလို၊ အများအတွက် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ အလုပ်ကို ဦးစားပေးလုပ်ကိုင်ပါ။ ကိုယ့်အနေအထားကို မြင့်တင်ပေးနိုင်သလို၊ အရှိန်အဝါတိုးတက်စေနိုင်တဲ့ အလုပ်ကို ဦးစားပေးလုပ်ကိုင်ပါ။ စိတ်ချမ်းသာမှုနဲ့ စိတ်ကျေနပ်အားရမှု ရှိစေနိုင်တဲ့ အလုပ်ကို ဦးစားပေးလုပ်ကိုင်ပါ။ ဘာပဲလုပ်လုပ် လုပ်နိုင်တာထက် ပိုအောင် လုပ်ပါ။ လုပ်နိုင်စွမ်း ရှိသည်ထက် ပိုအောင် ကြိုးစားလုပ်ပါ။
ကံကောင်းသူတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံပါ။ ကံဆိုးသူတွေ၊ ကံခေသူတွေကို ရှောင်ပါ။ ကျဉ်ပါ။ ကံဆိုးမှုဆိုတာက ကပ်ရောဂါလိုပဲ ကူးစက်လွယ်တယ်။ စိတ်ဆင်းရဲမှုတွေကို အကြောင်းမဲ တခြားသူတွေဆီကနေ ကူးစက်ခံရတာမျိုး မဖြစ်စေနဲ့။ မကောင်းမှုတွေကို ပိတ်ပင်တားဆီး ကာကွယ်ပါ။ ကောင်းခြင်းကိုသာ လိုလားသူ ဖြစ်ပါစေ။ မကောင်းမှုဟူသမျှ အကပ်မခံပါနဲ့။
ပါးနပ်ပါ။ ကိုယ့်လက်ထဲ ရောက်လာသမျှ ကတ်တိုင်းကို သိမ်းမထားဝှက်မထားပါနဲ့။ မလိုအပ်တဲ့ ကတ်တွေကို ပထုတ်တတ်ရမယ်။ ကတ်ကောင်းဖြစ်နေပေမယ့်၊ ပိုနေခဲ့ရင်တောင် လက်ထဲမထားဘဲ ပစ်ကျွေးတတ်ရတယ်။ ရွေ့ကွက်ကောင်းနဲ့ ကစားတတ်ရမယ်။
လူချစ်လူခင်ပေါများခြင်းက မဖြစ်မနေ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပဲဖြစ်တယ်။ အထူးသဖြင့် ရှေ့ဆောင်ပုဂ္ဂိုလ်တိုင်း မဖြစ်မနေ ရှိရမယ့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အရည်အချင်းဖြစ်တယ်။ အများရဲ့ ကြိုက်နှစ်သက်ခံရမှုဟာ လုပ်နိုင်တဲ့ စွမ်းဆောင်မှု အတိုင်းအတာကို လွယ်လင့်တကူ ဆထက်တပိုး တိုးမြင့်နိုင်တဲ့ ဖြတ်လမ်းကောင်းဖြစ်တယ်။
တချို့လူတွေက သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ လူတွေရဲ့ ချစ်ခင်လေးစားမှုပဲ ရကြတဲ့အတွက်၊ အများရဲ့ ချစ်ခင်လေးစားမှု ရထားသူတွေနဲ့ ယှဉ်လိုက်ရင် အရှိန်အဝါအားဖြင့် တဆင့်နိမ့်ပါးကြတယ်။ အကြောင်းသိမှ ပေါင်းသင်းခံရသူဟာ အကြောင်းသိအောင် မလုပ်နိုင်သေးသရွေ့ သူများနောက်လိုက်နေရဦးမှာပါပဲ။
အကြောင်းဖော် အကြောင်းပေါ်မှ လူချစ်ခံရသူ မဖြစ်စေနဲ့။ အကြောင်းမသိတောင် မြင်ရုံနဲ့ ချစ်ခင်လေးစားခံရသူမျိုး ဖြစ်ပါစေ။ ကြည်နူးစဖွယ် အသွင်၊ ပုံဟန်ရှိနေပါစေ။ အားလုံးနဲ့ အဆင်ပြေသူသာ ဖြစ်နေပါစေ၊ စိတ်ရင်းကို ဖုံးကွယ်ထားပြီး၊ သရုပ်ဆောင်ကောင်းပီသစွာ ပေါင်းသင်းဆက်ဆံပါ။
အားလုံးရဲ့ ချစ်ခြင်းလေးစားမှုခံနေရသူထက် အရှိန်အဝါကြီးမားမြင့်မြတ်နိုင်သူ သူ့အပြင်မရှိနိုင်တော့ပါဘူး။
#မောရိသျှ
⸻အလယ်ခေတ် စပိန်လူမျိုး အတွေးအခေါ်ပညာရှင် ဘယ်လ်တဆာ ဂရေသျှန်
Keep Reading