Charming Yu
ဆရာမမွန်ကို ပြီးခဲ့တဲ့ ၂၀၂၀ခုနစ်က စိတ်အေးချမ်းစေတတ်တဲ့ စာစုလေးတွေ တင်တာနဲ့ပတ်သက်ပြီး သတိထားမိခဲ့တယ် ဆရာမမွန်ရေးသမျှ တင်သမျှအကုန်ကြိုက်မိပြီး စာအုပ်လေးတွေ ဝယ်စုနေတဲ့ Fan girl လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်
ဆရာမမွန်ကတော့ အမေကိုပြောဖြစ်သော စကားများတဲ့ ကျွန်မအတွက်ကတော့ အမေကိုမပြောလိုက်ရသော စကားများလို့ ခေါင်းစဉ်တပ်ရမဲ့အနေအထားတစ်ခုပါ၊လာမဲ့ ၆လပိုင်း ၂၀၂၂ဆိုရင် အမေဆုံးတာ (၁၁) နှစ်ပြည့်တော့မှာကြောင့်ရယ်၊ခုလာမဲ့၂ လပိုင်း ၁ရက်နေ့ဟာဆိုရင်လဲ အမေ့ကျေးဇူးနဲ့ လူ့လောကရောက်လာခဲ့တာ ၂၆နှစ်ပြည့်ပြီမို့ အမေ့အကြောင်းရေးချင်လာတာရယ်ကတစ်ကြောင်း၊ဆရာမမွန်နဲ့တွေ့ခွင့်ရဘို့ ကံထူးချင်တာရယ်ကြောင့် ရေးချလိုက်ပါတယ်
မေမေ၊ အမေ၊အမေ့လို့ ခေါ်လိုက်တဲ့အသံကြားမိတိုင်း ကျွန်မရင်ဘတ် ဘယ်ဘက်ခြမ်းက တစ်အုံ့နွေးနွေးလေးဖြစ်ရတယ် ကြည်နူးမိရတယ် အမေနဲ့အကြောင်းလေးတွေ ပြန်တွေးပြီး အလိုလိုပြုံးမိရတယ်
ကျွန်မလူမှန်းသိတတ်စမှာ အမေနဲ့အဖေကို သတိထားမိတာက တိရစ္ဆာန်လေးတွေ အရမ်းချစ်တတ်တာကိုပါပဲ
အိမ်ထဲကို စာကလေးဌက်ဝင်လာလို့ ပြန်မထွက်တတ်ရင်တောင် ပြန်မလွှတ်သေးဘဲ ကျွန်မကို လာကြည့်စမ်းပါအုန်းလို့ ခေါ်ပြ ကိုင်ကြည့်ခိုင်းပြီးမှ ပြန်လွှတ်ပေးတတ်လေ့ရှိတယ် ကျွန်မတိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တာက မိဘတွေဆီက ရခဲ့တဲ့အမွေတစ်ခုလို့ပဲ ပြောရမယ်
ပြီးတော့ အမေဟာ epilepsy လို့ခေါ်တဲ့ ဝက်ရူးပြန်ရောဂါရှိတဲ့အတွက် ခက်ခက်ခဲခဲနဲ့ကျွန်မကိုမွေးပေးခဲ့ရတယ် ကျန်းမာရေးကြောင့် တစ်ယောက်ပဲမွေးထားရတဲ့ကျွန်မကို အရမ်းအလိုလိုက်ခဲ့တယ် အရမ်းချမ်းသာတဲ့ မိဘများမဟုတ်ပေမဲ့ ကျိုက္ကဆံ Super one က ကစားကွင်း, Happy world, တိရိစ္ဆာန်ရုံကို အပတ်တိုင်းလိုလို ခေါ်သွားနိုင်ပေးခဲ့တယ် ကျွန်မက အလိုလိုက်ခံ ချစ်ပေးမှန်းသိတော့ အရမ်းဗိုလ်ကျပါတယ် အရမ်းလဲဂျစ်တူးပါတယ် လိုချင်တာမရရင် အော်ငိုပါတယ် ပတ်ဝန်းကျင်က လူဆိုးမလေးလို့ သတ်မှတ်ခံရရုံတင်မက မသိတဲ့သူတွေပါ သိသွားစေခဲ့တဲ့ ဂျစ်တူးကျသော ကျွန်မပါ အမေကမနက်ခင်းဈေးသွားတိုင်း ကျွန်မကိုခေါ်သွားလေ့ရှိတယ် ကျွန်မကအရုပ်တစ်ခု မရရင် လုံးဝဆက်မလိုက်ပေးနိုင်တော့ဘူး ဒါကြောင့်မို့ ကျွန်မတို့ သားအမိကို ၁၀ရပ်ကွက်ဈေးနဲ့ စံပြဈေးက လူတွေက ကျွန်မကြီးတဲ့အရွယ်ရောက်တာတောင် ဟယ် ဒါငယ်ငယ်ကအော်ငိုပြီးဂျစ်တဲ့ကောင်မလေးမလားဆိုပြီး မှတ်မိကြတော့တာပါပဲ
ဒါလေးက ဆရာမမွန်ဟော်စီ ငယ်ဘဝ ဂျစ်မိတာလေးနဲ့တူလို့ သတိရသွားလို့ထည့်ရေးလိုက်တာပါ တကယ်တော့လဲအမေက ဒီလိုဆိုးတဲ့ခလေး ဘယ်လောက်ထိသည်းခံပေးချစ်ပေးခဲ့ရလဲဆိုတာ သိစေချင်တာပါ
ပြီးတော့အမေဟာ မောင်နှမခြောက်ယောက်ထဲမှာ အကြီးဆုံး အမကြီးအမိရာ ဖြစ်နေတော့ ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် အားငယ်တဲ့သူ၊နွမ်းပါးတဲ့သူကို အရမ်းကူညီပေးတယ် ဒါတွေကြောင့်လဲ အချစ်ခံရတာရှိသလို အမုန်းခံရတာတွေလဲရှိခဲ့တယ်
ဒီစာအုပ်လေးထဲမှာ အမေနဲ့အမှိုက်များ အကြောင်း ဖတ်ရတော့ ဆရာမမွန် အမေဟာ ကျွန်မဖြစ်သွားတယ် ? အမှိုက်ဆိုမှ တကယ့်အမှိုက်ပါ ဖိတ်စာလှလှ မွှေးမွှေးလေးတွေ စက္ကူဘူးခွံ မုန့်အိတ်အခွံ စုံလို့ပါပဲ တစ်ပတ်တစ်ခါ အမေက အိမ်ကိုစုရှင်းရင် ဆူပြီ လွှင့်ပစ်ဖို့လုပ်ပီ အဲ့မှာ ကိုယ်က အမေ ဒါလေးက ခနနေပါအုန်း သမီးကြိုက်နေသေးလို့ မပစ်ပါနဲ့အုန်း ဆရာမမွန်တို့သားအမိဖြစ်သလိုပဲ အမေက ကျွန်မ မသိအောင်ယူလွှင့်ပစ် သိသွားရင် စိတ်တွေကောက် စိတ်ဆိုးနဲ့ ဆရာမမွန် အမေ့ကို ကိုယ်ချင်းစာမိပါတယ်လို့? ခုအဲ့လိုစုဖြစ်လားဆို စုဖြစ်တုန်းပဲ တစ်လနေရင် ငါပြန်လွှင့်ပစ်မယ်လို့ ကတိပေးလိုက်တယ် old habits die hard လေနော် အကျင့်ဟောင်းတွေက ပြုပြင်ရခက်တယ်?တကယ်ကကျွန်မ recycle ပြန်သုံးရတာ သဘောကျမိလို့ပါ
အမေ့အတွက်က အမေနဲ့ပန်းကန်များ၊ ဘေထုပ်များပါပဲ အမေဈေးသွားရင် အရမ်းလန့်တယ် ပန်းကန်ရောင်းတဲ့ အသည် များမတွေ့လိုက်နဲ့ အမေက တစ်ခုမဟုတ် တစ်ခုဝယ်တယ် တစ်သည်ဆီမှာ ဝယ်ပြီးလို့ ပြီးပြီလားဆို မပြီးသေးဘူး နောက်တစ်သည်တွေ့တော့ ထပ်ကြည့်တယ် ဈေးသွားရတာမကြိုက်တဲ့ကိုယ်က အမေ လာ မဝင်နဲ့တော့ ကြာတယ်လို့ဆွဲတာတောင် ဆွဲမရဘူး ခနနေပါအုန်းနဲ့ ဟင်းချက်စရာကဝယ်တာနည်းနည်း ပန်းကန်သယ်ပြီး ပြန်ရတဲ့နေ့ကခပ်များများ၊ဘေထုပ်ဆိုရင်လဲရွေးပြီ အိမ်နေရင်းဝတ်ဘို့ ဟိုလူ့ဘို့ဒီလူ့ဘို့နဲ့ မနက်၈နာရီ ဈေးသွားရင် ၁၀နာရီ ၁၁နာရီလောက်မှ ပြန်ရတယ် ဟင်းချက်စရာဝယ်တာတော့မဟုတ်ဘူး အဲ့တာတွေရွေးနေရလို့။ ကိုယ့်အလှည့်ဆူရမဲ့ဂွင်က ပန်းကန်ကိစ္စပဲ အမေ..အိမ်မှာ ပန်းကန်တွေများနေပြီ Showcase ထဲရော သေတ္တာထဲတွေရော ထားစရာမရှိတော့ဘူး မဝယ်ပါနဲ့တော့လို့ဆိုတော့ အမေက ငါဝယ်ချင်လို့ဝယ်တာ မဟုတ်ဘူး နင်အိမ်ထောင်ပြုရင် ဝယ်စရာမလိုအောင် မလိုအပ်အောင် ဖန်တီးပေးတာတဲ့လေ အဲ့တုန်းက ကိုယ့်အသက်ကဖြင့် ၁၃နှစ်အရွယ်။ အမေက လူ့လောကထဲကသာ ထွက်သွားရတယ် မသုံးခဲ့လိုက်ရတဲ့ ပန်းကန်တွေမှ အများကြီး၊ အမေ့ညီမတွေ အခြားလိုသူတွေပေးတာတောင်မှ ခုထိကျန်နေတုန်း။ ကိုယ့်အသက်က ခုယောင်္ကျား ယူချင်ယူလို့ရပြီမို့ ဝယ်စရာမလိုတဲ့ ဒီပန်းကန်လေးတွေရှိနေတာကလဲ အမေ့ကျေးဇူး အများကြီးပါပါတယ်
အမေနဲ့ ကျွန်မကြားမှာ ဟာသများစွာရှိပါတယ် အဲ့ထဲက မှတ်မှတ်ရရ အမေရော ကျွန်မပါ မသေကောင်းမပျောက်ကောင်း သင်ခန်းစာ ရလိုက်တာပါပဲ
တိရစ္ဆာန်ရုံမှာ ထူးထူးဆန်းဆန်း ရေနစ်တဲ့ကလေးဆို ကျွန်မပဲရှိမယ်ထင်တယ်နော် အဲ့မှာ ကလေးရေကူးကန်၊ လူကြီးရေကူးကန်ဆိုပြီးရှိတယ် ကလေးရေကန်ထဲမှာ ကလေးတွေ တအားများတယ် လျှောစီးရင် ရှေ့က ကလေးက ရေထဲမဆင်း ကျွန်မကလျှောစီးတော့ သူ့အနောက်မှာ ကျွန်မ၊ကျွန်မအနောက်က ကလေးကတော့ အတိုင်းအဆမရှိ ဆင်းချလာတော့ ကျွန်မခါးကို သူ့အားနဲ့ ပြေးကန်သလိုဖြစ် တအားနာပါတယ် (အမေတွေ သတိထားပေးကြပါနော် ဒါကျန်းမာရေးထိခိုက်နိုင်ပါတယ်) ကျွန်မက ဘယ်လိုမှရေမဆင်းချင်တော့ အမေက ကျွန်မပျော်အောင် လာ သမီး လူကြီးကန်သွားကြမယ် ကလေးတွေလဲမရှိဘူး၊လျှောလေးကလဲ ချစ်စရာလေး၊လှိုဏ်ဂူမျိုးလေးကနေ ဆင်းရတာကိုး ရေက ကိုယ့်အရပ်ထက် နည်းနည်းပဲမြင့်မယ်လို့ အမေကထင်ထားတယ်ထင်ပါရဲ့ လျှောစီးတာနဲ့ ခြေဖျား ထောက်လိုက်နော် သမီးတဲ့ ကျွန်မလဲ ဝမ်းသာအားရနဲ့ ဝင်သွားပြီး လျှောစီးခါနီး အမေရေ တာ့တာ ပြောပြီး ဆင်းချလိုက်တာ ခြေထောက် ထောက်ဘို့နေနေသာသာ လျှောပေါ်ကနေ ဆွဲချလိုက်သလို ပလုံဆိုပြီး နစ်သွားတာ ဖလူးဖလူးနဲ့နစ် အမေကဒီဘက်ခြမ်းမှာ ဒူးနာလို့ မကွေးနိုင် ကျွန်မလက်ကို လှမ်းမဆွဲနိုင်၊ ဖြစ်ချင်တော့ လူကြီးကန်မှာ လူကြီးတွေလဲသိပ်မရှိဘူး။နောက်ဆုံးတော့ အမေဒူးကိုအောင် ကွေးပြီး ဒူးထောက်လိုက်တော့မှဘဲ ကျွန်မလက်ကို လှမ်းဆွဲလိုက်နိုင်တော့တယ် ကျွန်မလဲ မငိုနိုင်ဘူး ကြောက်နေတာ ၂ယောက်လုံး ငိုရခက် ရယ်ရခက်အနေအထားဖြစ်ခဲ့ရတယ် ဒါကတော့ အမေကယ်တဲ့အသက် နှစ်ခါမြောက် ရှင်ခွင့်ရခဲ့တာပါ ရေနစ်တာ အကြောင်းပြုပြီး ရေကူးသင်တန်း တက်ခဲ့ရသေးတယ်?
တကယ်တမ်း အမေ နေမကောင်းဖြစ် ဆေးရုံတက်ရမယ်ဆိုတော့ ကျွန်မက ဘော်ဒါဆောင်မှာ ဆယ်တန်းတက်နေရတဲ့အချိန်ပါ အမေက သန်မာပြီး ဒေါင်ကောင်းပေမဲ့ အမြဲချူချာသူမို့ ဆေးရုံကိုအိမ်အမှတ်နေနေရသူ၊ဆေးခန်းပြနေရသူပါ ကျွန်မအထက်တန်းကျောင်းတက်နေတဲ့တစ်လျှောက်လဲ အမေ့ကို ပြုစုခွင့်ရခဲ့တယ် အတက်ရောဂါရှိသူမို့ နေ့တိုင်းနင်းပေးခဲ့ရတာတွေ ၊အမေရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ စိတ်ပူပန်ရအောင်မလုပ်ခဲ့တာတွေကလဲ အမေ့ကျေးဇူးဆပ်သလိုပါပဲလို့ ခုတော့ဖြေတွေးနိုင်ခဲ့ပါပြီ။
အမေဆုံးပြီဆိုတာနဲ့ အမေ့ကို ချစ်ပေးတဲ့သူက ကျွန်မအဆောင်ကို လာတွေ့ပြီးတော့ သမီးရယ် သမီးအမေဆုံးပြီလို့ငိုပြီးပြောလိုက်တဲ့အချိန် ကျွန်မကမ္ဘာကြီး အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားသလိုပဲ စားပွဲပေါ်တင်ထားတဲ့ ဖန်ရေခွက်တစ်ခွက်ကို တိုက်ချလိုက်သလို တစ်စစီဖြစ်သွားရတယ် အချိန်တိုင်း အတူတူ အိပ်လဲအတူတူ သွားလဲအတူတူ အရမ်းချစ်ကြပြီး အရမ်းလဲ ရန်ဖြစ်ကြတဲ့ သားအမိတွေမို့ အမေဆုံးတာအရမ်းရင်နာမိပါတယ် အဖေဆုံးတဲ့အခါတုန်းက ဖြေသာနိုင်ပါသေးတယ် ငါ့မှာအမေရှိပါသေးတယ်လို့ ၊အမေတကယ်ဆုံးသွားတဲ့အခါမှာ ငါ့မှာ အမေခေါ်စရာမရှိတော့ဘူး တိုင်ပင်စရာအမေ မရှိတော့ဘူးလို့ ဆောက်တည်ရာမရဖြစ်ခဲ့ရတယ် ခုလို(၁၁)နှစ်နီးပါး ခွဲခွာသွားပေမဲ့ ကျွန်မရင်ထဲမှာ အမေအမြဲရှိနေတယ် အမေက ကျွန်မအတွက် စံပြတစ်ယောက်ဖြစ်ခဲ့တာမို့ လူသာသေသွားပေမဲ့ နာမည်မသေခဲ့ဘူး အမေ့ကိုချစ်ကြတဲ့ ကျွန်မတို့ရင်ထဲမှာတော့ အမေဟာ ဘယ်တော့မှ သေမသွားခဲ့ပါဘူး အမေရှိရင် ဘယ်အရာမှ ပူစရာမလိုဘူး အားလုံးအဆင်သင့် ရစေတယ် ဒါ့ကြောင့် အမေမရှိမှပဲ ကလေးဘဝက အမြဲရွတ်နေကြ ကြော်ငြာစာသားအဓိပ္ပာယ်ကို နားလည် ခံစားမိတော့တယ်
"အမေရှိရင် အီလန် ရှိတယ်တဲ့လေ"
Keep Reading