Author's Profile Photo

Jane Catherine - the storyteller

12/10/2024

ပျော်ရွှင်ခြင်းအတွက် နည်းလမ်းများ

1 min read
Personal Development
General Knowledge
Psychology

ပင်ပန်းမှုတွေ၊ ခက်ခဲမှုတွေကို အချိန်အတိုင်းအတာတစ်ခုအထိ ကြုံလာပြီးတဲ့အချိန်မှာ လူတွေဟာ ပျော်ရွှင်မှုကို မေ့ပျောက်သွားတတ်ကြပါတယ်။ သူတို့ပြောလေ့ရှိတာက “ငါ မပျော်တော့ဘူး။ ပျော်ဖို့ ဘယ်လိုနေရမလဲ။ ပျော်ဖို့ ဘာတွေလုပ်ရမလဲ”တဲ့။ ဒီနေ့ရဲ့ တစ်ကိုက်စာ စိတ်ပညာဆောင်းပါးမှာ
သူသူငါငါ သုံးနေကြတဲ့ ပျော်ရွှင်မှုကို ရယူနည်းတွေ၊ သူတို့ရဲ့ အကျိုးအပြစ်တွေနဲ့ နေ့တိုင်းမှာ စိတ်ကျေနပ်မှုရရှိအောင် လူတိုင်းအသုံးချလို့ရမဲ့ ပျော်ရွှင်ခြင်းနည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။ အဲဒါဆို ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

ပျော်ရွှင်ဖို့ လူတွေလုပ်ကြတဲ့ ပထမဆုံးနည်းလမ်းကတော့ ပြင်ပလှုံ့ဆော်မှုတစ်ခုခုကနေ ရယူခြင်းနည်းပေါ့။ ဂိမ်းဆော့လိုက်တာ၊ ရုပ်ရှင်ကြည့်လိုက်တာ၊ အပြင်ထွက် မုန့်စားလိုက်တာမျိုးပေါ့။ ကိုယ့်အလုပ်တာဝန်တွေပြီးမြောက်ဖို့ လိုအပ်တာတွေ ပြီးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ treat တစ်ခုခု ပေးတဲ့သဘောပေါ့။ တစ်ခုသတိထားရမှာက ဒီ treat တွေဟာ ကြာလာတဲ့အခါ ရိုးသွားတတ်တာမို့ ကိုယ့်စိတ်က အသစ်အသစ်ကို ဆာလောင်နေလေ့ရှိပါတယ်။

ဒါကြောင့် မုန့်စားတာတောင် “မာလာရှမ်းကော” ချည်းပဲ စားလို့ ရိုးသွားတဲ့အခါ အသစ်ပေါ်လာတဲ့ “မာလာမောက်ချိုက်” ဆိုတာ ထပ်ရှာစားပြန်တယ်။ နောက် အဲဒါရိုးသွားတဲ့အခါ “မာလာထန်” ဆိုတာ ထပ်ရှာစားပြန်တယ်။ နောက် မုန့်စားတဲ့အခါ ရလာတဲ့ ပျော်ရွှင်မှုက ဆေးမတိုးတော့တဲ့အခါ နောက်ထပ် မလုပ်ကြည့်ဖူးတဲ့ အတွေ့အကြုံသစ်တွေကို လိုချင်လာ၊ လုပ်ချင်လာပြန်ပါတယ်။

အဲဒီကနေ ဂိမ်းဆော့တဲ့ဘက် ရောက်သွားတယ် ဆိုပါစို့။ ပထမ နာရီဝက်ဆော့နေရာကနေ အားမရတော့လို့ ၁နာရီဖြစ်၊ အဲဒီကနေ ၁နာရီခွဲဖြစ်နဲ့ နောက်ဆုံး ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘဲ အလုပ်ပျက်အကိုင်ပျက်တဲ့အထိ ဆော့ပစ်လိုက်တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီအဆင့်ထိ မရောက်အောင်တော့ သတိနဲ့ ထိန်းရမှာပါ။

အခြားသူတွေက မိမိစိတ်တည်ငြိမ်စေမဲ့အရာမျိုး၊ အေးချမ်းသွားမဲ့အရာမျိုးတွေ ပြုလုပ်လေ့ရှိကြတယ်။ ဥပမာ စာဖတ်တာမျိုး၊ လက်မှုပစ္စည်းတစ်ခုခုကို လုပ်တာမျိုး၊ ဒါမှမဟုတ် ဘုရားတရားဘက်ကို အာရုံစိုက်တာမျိုး။ ဒီလိုလုပ်ရင် စိတ်တည်ငြိမ်လာပြီး နောက်ဖြစ်လာမဲ့ အရာတွေရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာပဲလို့ သတ်မှတ်ယူဆကြပါတယ်။ ဒါပေမဲ့ သူ့ချည်းပဲ အာရုံစိုက်ရင်တော့ ပတ်ဝန်းကျင်ကို စိတ်ကုန်လာတာ၊ ပတ်ဝန်းကျင်နဲ့ သပ်သပ်ဆီ ဖြစ်သွားတာတွေ ဖြစ်တတ်တာမို့ အဆက်မပြတ်သွားဖို့လည်း သတိထားရပါမယ်။

တစ်ချို့တွေကတော့ ကိုယ်အရင်က ပျော်ခဲ့ဖူးတဲ့အတွေ့အကြုံကို ပြန်တမ်းတတာကြောင့် အဲဒါလေးတွေ ပြန်လုပ်တတ်ကြတယ်။ အရင်က သစ်ပင်လေးတွေစိုက်လို့ ပျော်ခဲ့ဖူးတာဆို သစ်ပင်တွေ ပြန်စိုက်ကြည့်မယ်၊ အရင်က ချည်ထိုးပန်းထိုးလုပ်တာကို အားရခဲ့တာဆို အဲဒါလေးတွေ ပြန်လုပ်ဖို့ ကြိုးစားကြည့်တာမျိုးပေါ့။ ဒီမှာ တစ်ခုသိထားရမှာက တစ်ချိန်ကကိုယ်ဟာ အခုကိုယ်နဲ့ တစ်ထပ်တည်း မကျနိုင်တော့ဘူးဆိုတာပါပဲ။ ဒါကြောင့် ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေကလည်း ပြောင်းလဲသွားနိုင်တာကို စိတ်မှာ မှတ်ထားရပါမယ်။ ဒါမှသာ ကိုယ်အရင်တုန်းက နှစ်သစ်ခဲ့တာတွေ ပြန်လုပ်ပေမဲ့ အရင်ကလောက် ပျော်ရွှင်မှု မရတော့တာကို သတိထားမိတဲ့အခါ မပြိုလဲမိမှာပါ။

“အချိန်ကြာလာတာနဲ့အမျှ ကိုယ်ကလည်း ပြောင်းလဲလာတာမို့ ကိုယ်ကြိုက်တတ်တဲ့အရာတွေကလည်း ပြောင်းလဲတာ သဘာဝပဲ”

လို့ မှတ်ယူထားရပါမယ်။

အချို့ကျတော့လည်း လူမှုပရဟိတတွေမှာ ပါဝင်ကူညီတတ်ကြတယ်။ သူတို့ရဲ့ ပျော်ရွှင်မှုက သူများတွေကို ကူညီလိုက်ရတာကနေ လာပါတယ်။ အများသူငှာကို ကူညီလိုက်ရတဲ့အခါ ကိုယ်ကိုယ်တိုင်မှာလည်း စွမ်းဆောင်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာပြီး စိတ်ကျေနပ်မှု ရစေပါတယ်။ တစ်ခုသတိထားရပြန်မှာက သူတပါးကို ကူညီလွန်းတဲ့အခါ မိမိရဲ့ ကိစ္စတွေမှာ လစ်ဟင်းတာမျိုး ဖြစ်တတ်သလို လူ့သဘောအရ မိမိကို ကူညီဖို့ကျ သူတို့တွေ အဆင်သင့်ဖြစ်မနေတဲ့အခါမျိုးမှာ စိတ်ပျက်အားငယ်တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒီတော့ ကူညီလိုက်ရပေမဲ့ ကိုယ်ကူညီသမျှကို တွေးပြီး ပီတိဖြစ်ရမဲ့အစား မချိတင်ကဲဖြစ်မိတာမျိုး၊ ဒေါသဖြစ်မိတာမျိုးတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီတော့ ကူညီကတည်းက တစ်စုံတစ်ရာ ပြန်ရဖို့ မျှော်လင့်ချက်တွေ မထားမိတာ အကောင်းဆုံးပါပဲ။

ပျော်ရွှင်မှုဆိုတာ လိုက်ရှာနေမှ တွေ့တာ မဟုတ်ပါဘူး။ မိမိဘဝထဲမှာလည်း ကြည့်တတ်ရင် ကြည့်တတ်သလို ရှိနေပါတယ်။ လုပ်စရာတာဝန်တွေပြီးမှ သပ်သပ်ထပ်လုပ်ရမှာ မဟုတ်ဘဲ နေ့စဉ်တာဝန်တွေ ထမ်းဆောင်ရင်းလည်း ပျော်ရွှင်နိုင်ပါတယ်။ ကဲ… အောက်မှာတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရင်း ပျော်ရွှင်နိုင်မဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။

  • ကျေးဇူးတင်စိတ်ထားပါ။

ကျေးဇူးတင်စိတ်ထားတယ်ဆိုတာ ပါးစပ်က ကျေးဇူးတင်ပါတယ်လို့ ပြောနေမှ၊ ကြီးကြီးကျယ်ကျယ်တွေ ကျေးဇူးဆပ်နေမှ မဟုတ်ပါဘူး။ တစ်ခုခုကြောင့် ကိုယ်ပြုံးမိလိုက်တာ၊ တစ်ယောက်ယောက်က ကိုယ့်ကို တမင်ဖြစ်စေ မသိလိုက်မသိဘာသာပဲဖြစ်စေ ကူညီလိုက်တာမျိုးကို အသိအမှတ်ပြုတာမျိုး၊ လက်ခံလိုက်တာမျိုးဟာလည်း ကျေးဇူးတင်ခြင်းတစ်မျိုးပါပဲ။ ကိုယ်ကြုံတွေ့တာဟာ အဆိုးချည်းပဲမဟုတ်ဘူးလို့ မှတ်ယူထားမယ်၊ ဘေးနားက အပြုံးလေးတွေကို နှလုံးသားလေးဖွင့်ကြည့်မယ်ဆိုရင် ကိုယ့်တစ်နေ့တာအတွက် ကျေးဇူးတင်စရာတွေ ရလာမှာ အမှန်ပါပဲ။ ကျေးဇူးတရားကို အသိအမှတ်ပြုရင် မေတ္တာတွေ တိုးလာမယ်၊ မေတ္တာတွေ တိုးလာရင် ပျော်ရွှင်မှုတွေ များပြားလာပါလိမ့်မယ်။

  • ပစ္စုပ္ပန်မှာ နေပါ။

ကိုယ့်အတွက် သူတပါးက လုပ်ပေးတာတွေ မြင်ဖို့ဆို ကိုယ်ကိုယ်တိုင်က အတိတ်နဲ့ အနာဂတ်တွေမှာ ပိတ်မိမနေဘဲ လက်ရှိမှာ နေထိုင်နေမှ ရမှာပါ။ အတိတ်က မကောင်းခဲ့တာတွေကနေ သင်ခန်းစာယူပြီး မကောင်းတဲ့ စိတ်ခံစားချက်တွေ ထားပစ်ခဲ့မယ်။ အနာဂတ်က ပူပန်စရာတွေအတွက် လက်ရှိမှာ အကောင်းဆုံးပြင်ဆင်မယ်၊ ပူပန်ထားသလို ဖြစ်လာခဲ့ရင်လည်း ကိုယ့်ကြောင့်ချည်းပဲ မဟုတ်ဘူးဆိုတာ၊ ကိုယ်က တန်ဖိုးရှိတဲ့ လူသားလေး ဖြစ်ဆဲပဲဆိုတာ အမြဲအသိပေးနေရပါမယ်နော်။

  • ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။

ကိုယ်ချစ်ရသူတွေဟာ ကိုယ့်အတွက် အားဆေးလေးတွေ ဖြစ်ပါတယ်။ ကိုယ့်မှာ ပြဿနာတွေကြုံလာတိုင်း သူတို့ကို သတိတရနဲ့ တိုင်ပင်ပါ။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ၊ သူတို့က ကိုယ့်ဘက်မှာ ရှိတယ်ဆိုတာ သတိရပါ။ အဲဒါဆို နေ့ရက်တိုင်းကို ဆက်လက်ရှင်သန်ဖို့ ခွန်အားရရှိစေပါတယ်.

နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ချစ်ခင်ပြီး ဂရုစိုက်ပါ။ စားချိန်၊ အိပ်ချိန် မပျက်အောင် နေမယ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အချိန်ပေးမယ်၊ ဝါသနာပါရာကို လုပ်ဆောင်မယ်၊ ကိုယ်ထမ်းဆောင်ဖို့ မနိုင်တော့တဲ့ တာဝန်တွေကို လွှတ််ချဖို့၊ လွှဲပြောင်းပေးဖို့ နည်းလမ်းရှာမယ် စသည်ဖြင့် မိမိကိုယ်ကိုယ်ကို ဂရုစိုက်ပေးခြင်းဖြင့်လည်း စိတ်ကျေနပ်မှု ရရှိစေပါတယ်။

ဒီအချက်တွေကို လိုက်နာသွားရင် ပျော်ရွှင်မှုဆိုတာ လိုက်ရှာနေစရာမလိုဘဲ ကိုယ့်အနားမှာ အလွယ်လေးရှိနေတာကို သတိပြုမိသွားပြီး နေ့ရက်တိုင်းမှာ စိတ်ချမ်းသာစရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမှာ အမှန်ပါပဲ။ ပေးခဲ့တဲ့ tips လေးတွေက ကိုယ့်အတွက် အကျိုးရှိခဲ့ရင် ဒီစာကို ကိုယ်ချစ်ရသူတွေ ဖတ်ရအောင် ဝေမျှပေးပါဦးနော်။

စိတ်ကျန်းမာရေးတင်မဟုတ်ဘဲ အခြားစာအုပ် review တွေနဲ့ ရသစာပေကိုပါ ခံစားချင်ရင်တော့ အောက်က telegram channel ကို subscribe လုပ်ထားလို့ရပါတယ်။

https://t.me/tinchinyatin

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင့်။

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈)