KAUNG SAN
ကျွန်တော်က တက္ကသိုလ်ရောက်ပြီးနောက်ပိုင်း စာမေးပွဲအတော်များများကို “one subject one night”နဲ့ ဖြတ်သန်းခဲ့တယ်။
တစ်ချို့ဘာသာတွေအတွက်တော့အဆင်ပြေပေမဲ့ စာအရမ်းများတဲ့ဘာသာတွေအတွက်တော့အဆင်မပြေဘူး။
“One Subject one night “ လုပ်ခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေက ကျွန်တော့်အပေါ် ဘယ်လိုသက်ရောက်ခဲ့သလဲ ပြောပြချင်တာပါ။
“One subject one night” လုပ်မယ်ဆို အရင်ဆုံး ကိုယ်လေ့လာမယ့် ဘာသာရပ်မှာရှိတဲ့ အရေးအကြီးဆုံးအပိုင်းတွေကို သိထားဖို့ လိုအပ်တယ်။
80/20 rule အရပြောရမယ်ဆိုရင် စာအုပ်တစ်အုပ်ရဲ့ ၂၀%သောအရေးအကြီးဆုံးအပိုင်းကို ကြည့်ထားရုံနဲ့ စာမေးပွဲမေးခွန်းရဲ့၈၀%ကိုဖြေနိုင်ဖို့လုံလောက်တယ်လို့ ပြောချင်တယ်။
အရေးအကြီးဆုံးအပိုင်း၂၀%ကို ရှာဖို့ဆိုရင် မေးခွန်းဟောင်းကို လေ့လာရမှာဖြစ်တယ်။
မဖြေခင် တစ်ညပဲစာလုပ်ဖို့အချိန်ရှိတာကြောင့် ကိုယ့်မှာ “မနက်ဖြန် စာမေးပွဲ” ဆိုတဲ့တွန်းအားလေးတစ်ခုတော့ရှိတယ်။
အဲ့တော့ cramming လုပ်နေရပေမဲ့ သေသေချာချာလေး အရင်ကထက်ပို အာရုံစိုက်နိုင်လာတယ်။
တစ်ခြားအချိန်တွေထက်လည်း ပိုပြီး စာလုပ်နိုင်စွမ်းရှိတယ်လို့ ခံစားရစေတယ်။
စာတစ်ပုဒ်ရတိုင်း ကိုယ့်ကိုကိုယ်လည်း ပိုအားရတယ်။
အရင်အချိန်တွေထက်လည်း အနှောင့်အယှက်အဝင်မခံပဲ စာလုပ်နိုင်တယ်။
ဆိုလိုချင်တာက ပုံမှန်အချိန်တွေ စာလုပ်မယ်ဆိုရင် ဖုန်းလေးသုံးလိုက် YouTube ကြည့်လိုက် ဂိမ်းဆော့လိုက်နဲ့ စာကို သေချာလုပ်ချင်မှ လုပ်မယ်၊ မဖြေခင်ည ဆိုရင်တော့ စာကလွဲရင် ကျန်တဲ့အရာတွေ လုပ်ဖို့က အနည်းနဲ့အများတော့ ရှောင်ဖြစ်တာပဲ။အဲ့တော့ အနှောင့်အယှက် ကင်းကင်းနဲ့ စာပိုလုပ်ဖြစ်တယ်။
ဆိုးတဲ့အချက်ကတော့ အချိန်မလောက်တာပဲ။
One Subject One Night ဆိုတဲ့အတိုင်း အချိန်က တစ်ညပဲရတာ စာတွေက တောင်လိုပုံနေတယ် ၊အဲ့တာတောင် အရေးကြီးပါတယ်ဆိုတဲ့ အပုဒ်တွေပဲ ရွေးကြည့်နေတာ၊ စာတွေကမပြီးမပြီးနဲ့ လုပ်ရင်းလုပ်ရင်း ညနက်သွားရော။
ကျွန်တော့အတွက်တော့ တစ်ချို့ညတွေဆို မိုးလင်းသွားတဲ့အခါတွေပါရှိတယ်။
အဲ့တော့ ပြဿနာက အိပ်ရေးမဝဖြစ်တာပဲ။
စာမေးပွဲအခန်းထဲမှာဆို သိပ်သိသာတယ်။
ညမအိပ်ပဲ ဦးနှောက်ထဲစာတွေ ပြွတ်သိပ်ထည့်ထားရရင် နောက်နေ့မနက်ဆို ထုံထိုင်းပြီး ငိုက်တတ်တယ်။
စာမေးပွဲ ခန်းထဲမှာ ငိုက်နေလို့ ဆရာမက သူသောက်ဖို့ဖျော်ထားတဲ့ ကော်ဖီကို ကျွန်တော့်ကိုလာတိုက်ရတဲ့ အဖြစ်မျိုး မှတ်မှတ်ရရ ဖြစ်ခဲ့သေးတယ်။
အဲ့အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်းမှာတော့
One Subject one night လုပ်ပြီး နောက်နေ့တွေမှာ စာမေးပွဲခန်းထဲ မဝင်ခင် ကော်ဖီဝယ်သွားတာမျိုး Energy Drink တစ်မျိုးမျိုး သောက်သွားတာမျိုးလုပ်ပြီး မအိပ်ငိုက်အောင် ပြင်ဆင်လေ့ရှိတယ်။
လူတိုင်းအတွက်တော့ one subject one night စာလုပ်တဲ့နည်းလမ်းက အဆင်မပြေနိုင်ဘူး။
သို့သော် အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် စာလေ့လာဖို့အခွင့်မရှိလိုက်တဲ့သူတွေအတွက်တော့
မဖြေခင်တစ်ညက သူတို့အတွက် တန်ဖိုးအရှိဆုံးညတစ်ည ဖြစ်သွားနိုင်သေးတယ်ဆိုတဲ့အကြောင်း သတိပေးရင်း ဘဝစာမေးပွဲတိုင်းကို အကျအရှုံးကင်းကင်းနဲ့ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
Kaung San
12:32 am
9.10.2024
Keep Reading