Reviews by Benevolent
ငယ်စဉ်က မြန်မာသမိုင်းအကြောင်းအရာများစွာကို ကျောင်းသင်ခန်းစာအနေဖြင့် လေ့လာခဲ့ဖူးကြမှာပါ။ဒါပေမယ့် မှတ်မိလား၊ သိလားဆို စာမေးပွဲဖြေတုန်းပဲ မီးလောင်လိုက်တဲ့ ကောက်ရိုးမီးလိုမျိုး။ ရသစာပေ လေးနဲ့သာသင်ခဲ့ရမယ်ဆို အတော်ပျော်ခဲ့နိုင်သလို အတော်မှတ်မိမှာလည်း အသေအချာပဲ။စာရေးဆရာ ခက်ဇော်လို့ ပြောလိုက်တာနဲ့ The guys of Rangoon နှင့် The guys from Mandalay ကို ပထမဆုံးမြင်မိလိမ့်မယ်။ ဖတ်ဖူးသူတိုင်းဆရာခက်ဇော်ရဲ့ အရေးအသားနှင့် ဇာတ်ကောင်စရိုက်တင်ပြပုံကို အတော်ကြွေကြမှာအမှန်။အထူးသဖြင့် လူငယ်များကြား ရေပန်းစားလောက်သည့်အထိ စာအုပ်ထဲပါဝင်တဲ့ဇာတ်လိုက်တွေက လွှမ်းမိုးနိုင်စွမ်းရှိတတ်တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။ကျွန်တော်အခု ညွှန်းဆိုချင်တဲ့ စာအုပ် series က ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ကုန်းဘောင်ခေတ်ဦး၊ အင်းဝခေတ်နှောင်းပိုင်းကာလ ၊ ဟံသာဝတီနောက်ဆုံးအချိန် ၊ ရွှေဘိုသမိုင်းအစ နောက်ခံထားတဲ့စာအုပ်တွေအကြောင်းကို အတိုချုပ် မျှဝေပေးချင်ပါတယ်။စာအုပ်တွေကိုဖတ်နေချိန်အတွင်းနှင့် ဖတ်ပြီးချိန်မှာရလိုက်တဲ့ ခံစားမှုလေးတချို့ကိုသာ ပြောပြခြင်းဖြစ်။
အင်းဝနဲ့ ဟံသာဝတီ ရဲ့ စစ်အရေးအခင်းကိုနောက်ခံထားပြီး များစွာသော ဇာတ်ကောင်တို့ရဲ့ စရိုက်ပေါင်းများစွာကိုအသေးစိတ်ဖော်ပြထားသလိုအသက်၁၈နှစ်အရွယ်မှာ ခမည်းတော် နတ်ရွာစံပြီးထီးမွေနန်းလျာကို ဆက်ခံခဲ့တဲ့ အင်းဝနောက်ဆုံးဘုရင် (သို့) ဟံသာဝတီရောက်မင်း မဟာဓမ္မရာဇာအဓိပတိနန်းစတက်တဲ့ အချိန်ကစပြီး ဇာတ်အိမ်တည်ထားတာကို တွေ့ရတယ်။
မြန်မာသမိုင်းနောက်ခံဇာတ်လမ်း အတော်များများမှာ
အဓိကဦးစားပေးဇာတ်ကောင်ပါသလို ရွေးချယ်ထား တဲ့ဇာတ်ကောင်ကိုအနည်း နဲ့ အများ ဘက်လိုက်(Bias)တတ်သည့်အပြင် ရှေးရိုးစွဲယဉ်ကျေးမှုလို့ပြောလိုရတဲ့ Heroism သူရဲကောင်းဝါဒကို အလေးပေး ရေးတတ်ကြတယ်။ဒီစာအုပ်မှာ အဲ့အစွဲဝါဒတွေမတွေ့ရဘဲ သာမန်လူသားအနေဖြင့်သာ ပုံဖော်ထားပုံက တကယ့်လက်တွေ့ကျပြီးထိမိလှတဲ့ အရေးအသားတွေနဲ့ ခေတ်တစ်ခေတ်ရဲ့ မြင်ကွင်းတွေကို ကွက်ကွက်ကွင်းကွင်းကြေးမုံပြင်မှာ မြင်စေနိုင်တယ်။
အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိရဲ့ အားအထားရဆုံး စစ်သူကြီးကိုးသိန်းသခင် (ခေါ် )သတိုးမင်းခေါင် ၊ငတွန် ၊အရက်ကုန်သည် လွိဇာ ၊ဆာရာ ၊နိုင်ငံရေး၊စစ်ရေးမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ သနားစရာ နာလဲ ( ကွေ့လူမျိုး)၊ တလပန်း ၊ဂမုန်း၊ နန်းသွယ် ၊အောင်စ စတဲ့ ဇာတ်ကောင်တွေက ဒီ series တစ်ခုလုံးကို အချိတ်အဆက်အားကောင်းကောင်းနဲ့ ဇာတ်လမ်းကို ဦးဆောင်သူတွေသာ။ဖတ်ပြီးသည့်နောက်ဇာတ်ကောင်တွေကလည်း အခုထိကိုယ့်ကိုယ်လွမ်းမိုးထားနိုင်ဆဲ။ သန်လျင်မြို့အဝင် ငဇင်ကာကုန်းကိုတွေ့ရင် စိမ်းပြာရောင် မျက်လုံးပိုင်ရှင် အင်းဝသူ ပေါ်တူဂီအမျိုးသမီးငယ် လွီဇာဒီမဲလိုး ပုံရိပ်ကို မြင်တယ်။ ကျိုက်ခေါက်ဘုရားဘက် ဖြတ်သွားမိရင် အင်းဝကို မုန်းတဲ့ နတ်ရှင်နောင် ၊ နန်းသွယ်ကြောင့်ဖြစ်လာတဲ့ ဝန်ကြီးပဒေသရာဇာ(အကြီးတော်) ဂူဗိမာန် တွေက ကျွန်တော်ကို လွှမ်းဆွတ် မိစေတယ်။ခရီးသွားရင် ပဲခူး၊ ဟင်္သာကုန်းနားရောက်ရင် တလပန်း နှင့် ဂမုန်း တို့ရဲ့ အချစ်သင်္ကေတ နေရာအဖြစ် အသိအမှတ်ပြုမိပြန်တယ်။
ဦးအောင်ဇေယျရဲ့ မဟာပြိုင်ဘက်ဖြစ်လာသူ ဂုဏ္ဏအိမ် ၊ ငချစ်ညို တို့နဲ့ တိုက်တဲ့စစ်ပွဲတွေမှာ စစ်ပရိယာယ် ကျွမ်းကျင်မှု၊ သူရဲကောင်းတို့ရဲ့ စိတ်နေစိတ်ထားကတိသစ္စာတည်မှုတွေကို ရသမျိုးစုံနဲ့ စီးမြောသွားရသည့် အခိုက်အတန့်က Game Of the Throne ဇာတ်ကားကြည့်နေရသလိုမျိုး ရှုံးတဲ့သူကို သနားလိုက် ၊ နိုင်တဲ့လူကို မကျေနပ်လိုက် စိတ်ခံစားမှုအတတ်အကျအားကောင်းအောင် ဖန်တီးပုံဖော်ထား။ပွင့်ပွင့်လင်းလင်းဝန်ခံရရင်အလောင်းဘုရားတွင် ရဲစွမ်းသတ္တိနဲ့ပြည့်ဝသော စစ်သေနာပတိ မုဆိုးချုံ ငတွန် အကြောင်းကို ဒီစာအုပ်ဖတ်မှ သေချာသိရတယ်ဆိုတာကို ဝန်ခံရမယ်။ပုဆိုးကို ခေါင်းတောင်းကျိုက်ပြီး ဆေးမှင်ကြောင်အနီတွေနဲ့ လှံတစ်ချောင်းကိုင်ပြီး တိုက်ပွဲတွေကြားမှာ ဘီလူးသရဲကြီးတစ်ကောင်လို ကြမ်းလှတဲ့ အလောင်းဘုရားရဲ့အားအကိုးရဆုံးစစ်သူကြီး ငတွန် က အချစ်ရေးမှာတော့အားနည်းတယ်။စစ်ရေးစစ်ရာမှာ အင်မတန်ကျွမ်းကျင်ပြီး တိုက်ရည်ခိုက်ရည်အလွန်ကောင်းသူ ငတွန်ပြီးရင် ငတွန်သူငယ်ချင်း ဗညားကျန်းတောကို သဘောတွေ့မိတယ်။ သူ့ပါဝင်တဲ့အခန်းက နည်းပင်မဲ့ ခေါင်းဆောင်မှုအတတ်ပညာနဲ့ ပြည့်စုံသူ။
"ငတ်ပြတ်ဆင်းရဲနေတာကို မသိကျိုးကျွန်ပြုနေရင် ခေါင်းဆောင်မဟုတ်ဘဲ...ဖင်ဆောင် ဖြစ်နေမယ်၊ ဖင်ဆိုတာ ...သူ့ဆီက ထွက်သမျှ အကုန်နံတယ်ဗျ" လက်အောက်ငယ်သားအကျိုးကိုသာ ကြည့်တတ်သူ ဗညားကျန်းတော။
အာဏာ၊ အသက်ခန္ဓာမြဲဖို့အရေး သားသမီးကိုချနင်းပြီး ခရီးဆက်ချင်သော ဟံသာဝတီနောက်ဆုံးဘုရင်ဗညားဒလဦးအောင်လှ နဲ့ ကတိသစ္စာတရားတွေကို အလွန်ယုံကြည်သူ တလပန်း တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုက ဟံသာဝတီပြိုလဲခြင်းဆိုရင် ဘာသာတရားကို Political Tool အနေနဲ့ တလွှဲအသုံးချတတ်ခြင်းက အင်းဝကို အဓိကပျက်စီးခြင်းလို့ မြင်တယ်။ အင်းဝ ၊ဟံသာဝတီ ယိုယွင်းနေတာက အားနည်းတဲ့သမင်ငယ်သဖွယ် အချိန်ကောင်းကိုချောင်းမြှောင်းကြည့်နေတဲ့ ဦးအောင်ဇေယျာလို လူသားများလည်း မိမိတို့ပတ်ဝန်းကျင်တွင်တွေ့ရ၊ မြင်ရတုန်းပါ။
ဒီစာအုပ်ကို သဘောကျတဲ့တစ်ချက် သမိုင်းထဲကဇာတ်ကောင်တိုင်းဟာ သာမန်လူတွေဖြစ်တယ်၊ဒါ ပေမယ့် ကိုယ့်ဒဿနနဲ့ ကိုယ်၊ ကိုယ် ဖြစ်တည်မှုနဲ့ ကိုယ် ၊ကိုယ့်ဖွင့်ဆိုချက်နဲ့ ကိုယ်၊ ကိုယ့် ရပ်တည်ချက်နဲ့ကိုယ်၊ကိုယ့် သမိုင်းကြောင်း နဲ့ ကိုယ် ပုံစံဖြင့် လုပ်ဆောင်ခဲ့မှုတွေက သမိုင်းတွင်ခဲ့ကြတယ်။သမိုင်းကြောင်းဆိုင်ရာ သက်သေအထောက်အထားနဲ့ရသမြောက် စေတဲ့ဒီစာအုပ် Series ဟာ တစ်အုပ်ပြီးတစ်အုပ်ဖတ်ချင်လာအောင် ဗဟုသုတအပြင် စစ်အတွင်းမှာ ရင်သန်နေရတဲ့သူတွေအဖို့အင်အားနဲ့ ခံစားချက်က တကယ့်ကိုထပ်တူကျစေနိုင်ခြင်းက ဒီစာအုပ်ရဲ့ အားသာချက်လို့ဆိုရမယ်။သမိုင်းမှာနိုင်ခဲ့ကြသူတို့အလိုအတိုင်းဖန်တီးထားတဲ့ဇာတ်လမ်းသဘောမျိုးကိုမတွေ့ရဘဲ လူသားဆန်ဆန်၊သဘာဝကျမှုတို့နဲ့အတော်လေးနီးစပ်တဲ့စာအုပ်လို့ပြောလည်းရတယ်။
ဗရင်ဂျီမငယ် လွီဇာ (protagonist) ဇာတ်လမ်း သူမနဲ့စပြီး သူမနဲ့ဘဲ အဆုံးသတ်ထားတယ်။
“ဟံသာဝတီလည်း မရှိတော့ဘူး အယုဒ္ဓယလည်းမရှိတော့ဘူး ဗိုလ်မင်းဗညားကျဉ် အားလုံးဟာပျက်စီးကြရတာပါဘဲ အားလုံးဟာခဏတာပါပဲ ခဏတာပါပဲ”
စစ်ပွဲဆိုတဲ့ ခေါင်းစဥ်လေးအောက်မှာဆုံးရှုံးခဲ့ရတဲ့ ဘဝတွေ ၊ပေးဆပ်ရတဲ့ အသက်တွေ ၊ သွေးတွေ၊ ချွေးတွေ၊အပြစ်မဲ့ပြည်သူတွေရဲ့ နာကျည်း ငိုကြွေးသံတွေနဲ့အတူစုတ်ပြတ်စွာအနင်းခံခဲ့ရတဲ့ ဘဝတွေ၊ ပုံစံမတူတဲ့နှလုံးသားပေါင်းများစွာကိုခဏတာ ငေးမောကြည့်မိတယ်။အာဃာတတွေ ၊ ရန်ငြိုးတွေကြောင့် စစ်ပွဲတွေ ဖြစ်ကြတဲ့စစ်ပွဲရှိသလို ၊မတရားမှုကြောင့် ပြန်လည်ခုခံတိုက်ရတဲ့စစ်ပွဲတွေလည်းရှိတယ်။ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုအပါထိခိုက်နစ်နာမှုအများဆုံးက ပြည်သူတွေပဲ ဆိုတာတော့မလွှဲဧကန်။
"သစ္စာတရားမထွန်းကားတဲ့နေရာမှာ ငါမနေဘူး"
တလပန်းရဲ့ စကားတခွန်းနဲ့ပဲ တိုက်တန်တဲ့ တိုင်းပြည်တခု.. နောက်ဆုံးတော့..
ဖတ်ရတာမပျင်းရတဲ့စာအုပ်တွေကို ဖတ်ကြည့်စေချင်တယ်။
Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=8j8rdJ-OY1EPSxXz
စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?
Reviews by Benevolent
Keep Reading